Friday, July 4, 2014

မြတ်စွာဘုရားရှင်၏ အသံတော် ဂုဏ်အင်္ဂါ(၈)ပါး နှင့် တရားဟောပုံ


မြတ်စွာဘုရားရှင်၏ အသံတော်မှာ-
အောက်ပါဂုဏ်အင်္ဂါ(၈)ပါးတို့ဖြင့် ပြည့်စုံတော်မူပါတယ်..
၁။ ချွဲသလိပ် စသည်တို့ အငြိအတွယ် မရှိခြင်း။
၂။ သာယာခြင်း။
၃။ စကားလုံး ပီသပြတ်သားခြင်း။
၎။ နားထောင်ကောင်းခြင်း။
၅။ ဖရိုဖရဲ မအက်ကွဲခြင်း။
၆။ လုံးလုံးစည်းစည်းရှိခြင်း။
၇။ နက်နဲတဲ့ ချက်အရပ်မှစ၍ ထွက်လာတဲ့အသံဖြစ်လို့ အသံမတိမ်ခြင်း။
၈။ ကြောင်တက်တက်မဟုတ် ပဲ့တင်ထပ်မျှ ဟိန်းခြင်း။

မြတ်စွာဘုရားရှင်ဟာ တရားနာပရိသတ် မစုံသေးခင် တရားမဟောသေးပါဘူး..
စုံရင်တော့ အချိန်မဖြုန်းပဲ ဟောတော်မူပါတယ်..
တရားနာပရိသတ်များသည်ဖြစ်စေ နည်းသည်ဖြစ်စေ အညီအမျှသာလျှင်ဖြစ်တဲ့ အားထုတ်မှုနဲ့ တရားဟောတော်မူကြပါတယ် (အကြောင်းကတော့ တရားအပေါ်လေးစားမှု လျော့မသွားစေလိုလို့ပါပဲ)..
တရားနာပရိသတ်အား မြှောက်လည်းမမြှောက် နှိမ့်လည်းမနှိမ့်ပဲ တရားသဘောသက်သက်ဖြင့်သာ အားတက်ရွှင်လန်းလာအောင် ဟောပါတယ်..
တရားနာပရိသတ်ရဲ့ သရဏဂုံ သီလ ရှင်ရဟန်းအဖြစ် စသည်တွေရဲ့ အားကြီးတဲ့မှီရာအကြောင်း ကောင်းမှုကိုကြည့်ကာ အလိုအဇ္ဇျာသယနဲ့အညီ ဟောပါတယ်..

ဘုရားရှင်တွေမှာ အရပ်သုံးစကား (သတ္တဝါယောက်ျားမိန်းမ နတ် ဗြဟ္မာစတဲ့စကား) နဲ့ ပရမတ်စကား (အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာ အာယတန ဓာတ် သတိပဋ္ဌာန် သမ္မပ္ပဓာန် စတဲ့စကား) ရယ်လို့ (၂)မျိုးရှိပါတယ်..
အရပ်သုံးစကားနဲ့ သိမယ့်ပုဂ္ဂိုလ်အား ရှေးဦးစွာ ပရမတ်စကားကို မဟောပါဘူး..
အရပ်သုံးစကားနဲ့ဟောပြီးတဲ့နောက်မှ ပရမတ်စကားကို ဟောပါတယ်..
ပရမတ်စကားနဲ့ သိမယ့်ပုဂ္ဂိုလ်အားလည်း ရှေးဦးစွာ အရပ်သုံးစကားကို မဟောပါဘူး..
ပရမတ်စကားနဲ့ ဟောပြီးတဲ့နောက်မှ အရပ်သုံးစကားကို ဟောပါတယ်..
စကား(၂)မျိုးကို ဟောတဲ့အခါ အမှန်ကိုသာ သဘာဝကိုသာ မမှားယွင်းပဲ ဟောပါတယ်..

ဘုရားရှင်မှာ သူတစ်ပါးတွေ မတိုက်တွန်းပဲ မိမိသဘော အလိုဆန္ဒသက်သက်နဲ့ ဟောတာတွေလည်းရှိပါတယ်..
သူတစ်ပါးတွေရဲ့အလိုနဲ့စပ်ပြီး အကြိုက် ဉာဏ် ကောင်းမှု စတာတွေကို ရှုငဲ့ကာ ဟောတာတွေလည်းရှိပါတယ်..
သူတစ်ပါးက မေးခွန်းမေးလို့ ဖြေကြားပြီး ဟောတာလည်းရှိပါတယ်..
ပေါ်လာတဲ့အကြောင်းကိစ္စကို အစွဲပြုပြီး ဟောတာလည်းရှိပါတယ်..

ဘုရားရှင်တရားဟောရင် ရှေ့မှာရှိနေတဲ့သူတွေရော နောက်မှာရှိနေတဲ့သူတွေရော စင်္ကြာဝဠာတစ်ထောင်ကိုလွန်ပြီး တည်နေတဲ့သူတွေရော အကနိဋ္ဌဘုံမှာတည်နေတဲ့သူတွေရော"ဘုရားရှင်က ငါ့ကိုသာကြည့်ပြီး တရားဟောနေတယ်"လို့ ပြောကြထင်ကြပါတယ်..
တစ်နည်းအားဖြင့် ကောင်းကင်ပေါ်ကလကိုကြည့်လိုက်ရင် "ငါ့ရဲ့အပေါ်မှာလ"လို့ သတ္တဝါအားလုံးက ထင်နေကြသလိုပါပဲ..
ဘယ်နေရာမှာ တည်နေတဲ့သူပဲဖြစ်ဖြစ် ဘုရားရှင်တွေဟာ သူတို့ရဲ့ရှေ့မှောက်မှာ ကြည့်ပြီးဟောနေသလိုပဲ ထင်ကြပါတယ်..
ဒီလိုဖြစ်တာဟာ တန်ဆာဆင်ထားတဲ့ ဦးခေါင်းကိုဖြတ်
မျက်စဉ်းကွင်းထားတဲ့ မျက်လုံးတွေကိုထုတ် နှလုံးသားကိုထုတ်
သူတစ်ပါးတွေရဲ့ကျွန်အတွက် ဇာလီနဲ့ကဏှာဇိန်လို သားသမီးတွေ မဒ္ဒီလို ဇနီးတွေကို စွန့်ပြီး လှူခဲ့တဲ့ ဒါနရဲ့အကျိုးပါပဲ..

တရားနာပရိသတ်ထဲမှ တစ်ဦးချင်းစီရဲ့ အခြင်းအရာ(၁၆)မျိုးနဲ့ စိတ်ဖြစ်ပုံကိုလည်း သိပါတယ်..
တရားဟောတဲ့ အသံတော်မှာလည်း အလွန်သာယာပြီး ပရိသတ်များရင်များသလောက် ပရိသတ်ရဲ့အထက်မှာ ပျံဝဲနေပါတယ်..
(ပရိသတ်က ဘယ်နေရာမှာပဲထိုင်ထိုင် အသံတော်ကို အလိုရှိသလို ပျံ့နှံ့အောင် ပြုလုပ်နိုင်ပါတယ်)
တရားပြီးဆုံးလို့ပြန်ကြတဲ့ပရိသတ်ဟာ ဦးခေါင်းပေါ်မှာ လက်အုပ်တင်ကာ ဘုရားရှင်ကိုကြည့်ပြီး နောက်ဆုတ်သွားကာ မမြင်လောက်မှ ဦးချပြီး နာယူခဲ့ရတဲ့ တရားတော်ရဲ့ဂုဏ်ကျေးဇူးကို ပြောလျက် ပြန်သွားကြပါတယ်..

Shared from Ma Ohnmar Shin (FB)

No comments:

Post a Comment