Friday, July 4, 2014

လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်


ဂဏန်းပေးသော ဆရာတော်များထံတွင် ဗုဒ္ဓဘာသာဝင်များ၏ လှူဒါန်းငွေ ကျပ်သိန်းပေါင်း ထောင်သောင်းမက ရှိ၏။ ထိုငွေများသည် လောကအတွက် သာသနာအတွက် ဘာမျှအကျိုးမရှိဘဲ အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းများတွင် လှူဒါန်းသူ နည်းပါးလှသဖြင့် ကလေးငယ်များမှာ မ၀ရေစာ စားနေကြရ၏။

ယနေ့ အချိန်တွင် ဗုဒ္ဓဘာသာမှ အမြင်ကျယ်သော ရဟန်းတော်များ သီလရှင်များသည် ပရဟိတကျောင်းများ တည်ထောင်ပြီး တောင်ပေါ်ဒေသနှင့်တကွ အနယ်နယ် အရပ်ရပ်မှ မိဘမဲ့က
လေးများကို ထိန်းသိမ်းစောင့်ရှောက် ပညာသင်ပေးနေကြ၏။ ထိုကဲ့သို့ လက်ခံစောင့်ရှောက်သူ မရှိပါက ဗုဒ္ဓဘာသာကလေးငယ်များသည် ဘာသာခြားဘ၀သို့ ရောက်ကြရမည်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ ဗုဒ္ဓဘာသာဝင်ကလေးများ တခြားဘာသာထဲ ကူးပြောင်းမရောက်ရန်အတွက် မိဘမဲ့ ပရဟိတကျောင်းများ ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေသူများကို အဓိကထားပြီး လှူဒါန်းကြရမည် ဖြစ်၏။

ဖြစ်ရပ်ကလေးတစ်ခုကလည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လူမှုရေးအလှူကို အဓိကထားဖို့ သင့်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိ၏။ ပန်းဒကာတစ်ဦး၏ ဟောပြောပြသမှုကြောင့်
ဘာသာခြား အမျိုးသမီးကြီးတစ်ဦးသည် သားနှစ်ယောက်နှင့်အတူ ဗုဒ္ဓဘာသာထဲ ၀င်ရောက်လာ၏။ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်နှင့် ယခင်ဘာသာမှ ထောက်ပံ့မှုများ ရုတ်သိမ်းသွားသဖြင့် အမျိုးသမီးကြီးနှင့် သားနှစ်ယောက်တို့မှာ အတော်ဒုက္ခရောက်ရှာ၏။ အမျိုးသမီးကြီးမှာ အသက်ကြီးပြီ ဖြစ်သဖြင့် စီးပွားရေးကို မလုပ်နိုင်တော့ပေ။ သားနှစ်ယောက်ကသာ ကြိုးစားလုပ်ဆောင်နေရ၏။ တိုက်ဆိုင်မှုဟု ဆိုရပေမည်။ ဘာသာပြောင်းပြီးမှ စီးပွားရေးက ထိုးကျလာ၏။
ယခင်ဘာသာကဲ့သို့ ဆင်းရဲသားများကို ဗုဒ္ဓဘာသာမှ ကူညီထောက်ပံ့မှု ပေးမည်ဟု ထင်ထားမိကြ၏။ သို့သော် ထိုကဲ့သို့ လူမှုရေး ကူညီမှုအသင်းမျိုး မရှိဟု ဆိုသောအခါ သူတို့မှာ တော်တော် အံ့သြကြ၏။ သူတို့၏ ဒုက္ခကို ကူညီသူဟူ၍ ပန်းဒကာတစ်ယောက်သာ ရှိ၏။ စားဝတ်နေရေး ဒုက္ခမျိုးစုံ ခံစားရင်းပင် ဗုဒ္ဓဘာသာကို စွဲမြဲဆုပ်ကိုင်ရင်း၊ ယင်းအမျိုးသမီးကြီး ကွယ်လွန်သွား၏။ ကွယ်လွန်ချိန်တွင်လည်း ဗုဒ္ဓဘာသာဘက်မှ ကူညီသူဟူ၍ ပန်းဒကာတစ်
ယောက်တည်းသာ ရှိ၏။ ထိုအချိန်တွင် အုပ်စုလိုက် လာရောက်ကူညီသော အဖွဲ့ကား ဘာသာခြားများပင် ဖြစ်၏။

မိခင်ကြီး သဂြိုဟ်ခြင်းကိစ္စ ပြီးဆုံးသောအခါ ကျန်ရစ်သူ သားနှစ်ယောက်က ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကို ပန်းဒကာ၏ လက်ထဲကို ပြန်အပ်ကာ အရင်ဘာသာသို့ ပြန်ပြောင်းသွား၏။ ဗုဒ္ဓရုပ်ပွားကို ပြန်အပ်ရင်း သူတို့ပြောခဲ့သော စကားက== “ ဦးလေးတို့ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေထက် မြင့်မြတ်သာလွန်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓရဲ့စကားကို တကယ်လိုက်နာတာ ရှားပါတယ်။ ကျွန်တော်တို့ဟာ အရင်ဘာသာက ဆွေမျိုးအသိုင်းအ၀ိုင်းတွေ၊ အရင်ဘာသာက အထောက်အပံ့တွေကို စွန့်ပစ်ပြီး ဗုဒ္ဓဘာသာရဲ့ အရိပ်မှာလာပြီး ခိုလှုံကြတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ကို အားပေးကူညီသူဆိုလို့ ဦးလေးတစ်ယောက်ပဲ ရှိတယ်။ နေပူထဲက ချွေးသန်တရွှဲရွှဲနဲ့ နေရိပ်ထဲ ၀င်လာသူကို လက်ကမ်းကြိုဆိုသူ တစ်ယောက်၊ ဖနောင့်နဲ့ ဆီးပေါက်သူက တစ်ရာလောက် လို ဖြစ်နေပါတယ်။ မွေးနေ့ပွဲ၊ ဇာတ်ပွဲဆိုင်းပွဲကို သိန်းတစ်ရာလောက်
အကုန်ခံတဲ့ အလှူရှင်ဟာ ဗုဒ္ဓဘာသာထဲက ဒုက္ခရောက်နေသူ တစ်ယောက်အတွက် အရင်းအနှီး တစ်သိန်းတောင် ထုတ်မပေးရဲပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓကိုကြည်ညိုတယ်၊ လေးစားတယ်၊ အားကိုးတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုကိုတော့ ကြည်ညိုလေးစားအားကိုးလို့ မရလို့ အရင်ဘာ သာကို ပြန်ပြောင်းတာပါ ” ဟူ၏။

ဤအချက်ကို ထောက်၍ ဗုဒ္ဓဘာသာ အများစုသည် မည်သည့် ကောင်းကျိုးမျှ မရနိုင်သည့် ပကာသနဒါနများကို လျှော့၍ လူမှုရေး ဒါနများကို ဦးစားပေးသင့်ကြပြီ ဖြစ်၏။

{ မေတ္တာရှင်( ရွှေပြည်သာ) ၏ မေတ္တာဖြင့်စီးပွားရှာခြင်းမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment