Thursday, July 3, 2014

ဘုရားက ဘာကြောင့် ဆွယ်တရားမျိုး မဟောခဲ့တာလဲ


တခြား ဘာသာခြား မပြောနဲ့၊ ဗုဒ္ဓဘာသာ ဖြစ်တာတောင်မှ သဒ္ဓါတရားရှိမှ တရားဟောပေးတာကို နာယူနိုင်တာပါ။ တရားဆိုတာလည်း နာတတ်တဲ့၊ နာနိုင်တဲ့ နားရှိမှ နာနိုင်တာပါ။ နားရှိတိုင်းလည်း တရားမနာနိုင်ပါဘူး။ ဘုရားလက်ထက်ကတည်းက ပါရမီအားနည်းလို့ ဒါန၊ သီလလောက်ပဲတန်သေးတဲ့ ပုဂ္ဂိုလ်ကို ဒါန၊ သီလလောက်ပဲ ဟောပေးတယ်လို့ ကြားဖူးပါတယ်။ တခါတုန်းကဆိုရင် မဂ်ဖိုလ်ရနိုင်တဲ့ ပုဂ္ဂိုလ်ကို အရှင်သာရိပုတ္တရာ(လို့ထင်တယ်)က သမထအဆင့်လောက်အထိပဲ ဟောပေးခဲ့တော့ သေတဲ့အခါ ဗြဟ္မာပြည် ရောက်သွားတယ်။ ဒါနဲ့ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ဗြဟ္မာ့ပြည်အထိတက်ပြီး သစ္စာတရားတွေ ပြန်သွားဟောခိုင်းရတယ် (ဒါတောင် ရုပ်ချည်း၊ နာမ်ချည်းပဲရှိတဲ့ ဗြဟ္မာ့ဘုံမျိုး မဟုတ်လို့ ဟောနိုင်တာပါ)။

တစ်ခါက လယ်တောသူမတစ်ယောက် ဒီနေ့ပဲ သေတော့မယ်။ သေပြီးရင်လည်း ငရဲကျရတော့မယ်ဆိုတာကို ရဟန္တာတစ်ပါးက သိတော်မူတယ်။ ဒါကြောင့် ကရုဏာသက်လို့ ဆွမ်းခံရင်း တရားဟောမယ်လို့ ကြံစည်မိတယ်။ ဒါပေမယ့် တရားဟောလို့ ရမရ... အဲဒီငရဲကျတော့မယ့် လယ်တောသူမရဲ့ ရင်ထဲမှာရှိတဲ့ သဒ္ဓါတရား အခြေအနေကို အရင်ဆုံး ဆင်ခြင်တော်မူရပါတယ် တဲ့။ ဘယ်လောက်ပဲ ချီးမြောက်ချင် ချီးမြောက်ချင် နာခံသူရဲ့ ရင်ထဲမှာ သဒ္ဓါတရား မရှိရင် (သို့) ထိုက်တန်သလောက် မရှိရင် ချီးမြောက်ချင်တိုင်း ချီးမြောက်လို့ မရပါဘူးလို့ ကြားဖူးပါတယ်။ (လယ်တောသူမမှာ လုံလောက်တဲ့ သဒ္ဓါတရားရှိလို့ တရားနာနိုင်ပြီး သေတဲ့အခါ နတ်ပြည်ရောက်သွားပါတယ် တဲ့)။

ဘုရားသာဝက ရဟန္တာတစ်ပါးက မြတ်စွာဘုရားနဲ့ မတွေ့ခင်က ဆည်းကပ်ကိုးကွယ်ခဲ့တဲ့ ဆရာကြီးကို ဘုရားတရားတော်တွေနဲ့ ပြန်ပြီး ကျေးဇူးဆပ်ချင်လို့ သွားခေါ်တဲ့အခါ... ဘယ်လိုမှ ခေါ်လို့ မရပါဘူး။ နောက်ဆုံး ခေါ်ချင်းမလှခေါ်တော့ ဆရာကြီးက ဘာပြောလဲဆိုတော့... လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်ဟာက ပိုများသလဲ တဲ့ မေးတယ်။ လူမိုက်က ပိုများပါတယ်လို့ ပြန်ဖြေတော့... အေး.. မင်းတို့ လူလိမ္မာပညာရှိကြီးတွေ သွားနှင့်ကြ၊ လူမိုက်တွေ ငါနဲ့ နေခဲ့ကြလိမ့်မယ်လို့ ပြောတဲ့အထိကို သူတို့ရဲ့ ရှိရင်းစွဲ အယူဝါဒကို ဘုရားနဲ့ တွေ့တာတောင်မှ ဘယ်လိုမှ မစွန့်လွှတ်နိုင်ကြတဲ့ သူတွေ ရှိပါတယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက သဒ္ဓါတရား အနည်းအများပေါ် မူတည်ပြီးတော့လည်း ထိုက်တန်တဲ့ တန်ရာတန်ရာ တရားမျိုးတွေကို ဟောပေးတတ်လို့ အနုတ္တရောပုရိသဓမ္မသာရထိ ဂုဏ်နဲ့ ပြည့်စုံနေတယ်လို့လည်း နာကြားဖူးပါတယ်။

ဒီအကြောင်းတွေကြောင့်လည်းပဲ သဒ္ဓါတရားမရှိတဲ့ သူတွေကို အတင်းကာရော မစည်းရုံးခိုင်းခဲ့ဟန် တူပါတယ်။ ခိုင် မှတ်သားဖူးသမျှ ပြန်ဝေငှတာပါ။ မှားတာရှိရင်လည်း ထောက်ပြနိုင်ပါတယ်။

သဒ္ဓါတရားသည် ကုသိုလ်ကောင်းမှုအားလုံးတို့ရဲ့ အဓိကအခြေခံ အကြောင်းရင်းပါပဲ။ သဒ္ဓါတရားရှိမှ အလှူအတန်း လုပ်ချင်စိတ်ရှိတယ်။ သဒ္ဓါတရားရှိမှ တရားတွေ နာချင်တယ်။ သဒ္ဓါတရားရှိမှ ဈာန်ရအောင် လုပ်ဆောင်နိုင်တယ်။ သဒ္ဓါတရားရှိမှ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရအောင် အရယူနိုင်ပါတယ် လို့ အရှင်ဆန္ဒာဓိက ရဲ့ တရားတစ်ပုဒ်ထဲမှာ ကြားနာဖူးပါတယ်။

မေတ္တာဖြင့်
ခိုင်ခိုင်
July 3, 2014 (Thu)

No comments:

Post a Comment