Saturday, July 5, 2014

ယုံလွယ်သူနှင့်ယုံခဲသူ


မြသိန်းတန်ဆရာတော်ကြီး၏ ယုံလွယ်သူနှင့်ယုံခဲသူ

ဤလောက၌ လူလည်းအမျိုးမျိုး အရာဝတ္ထုလည်း အမျိုးမျိုး တရားလည်းအမျိုးမျိုး ရောပြွမ်းရှုပ်ခတ်လျက်ရှိပါ၏။ လူထဲတွင် လူကောင်းရှိသလို လူဆိုးလည်းရှိသည်။ ရိုးသားဖြောင့်မတ်သူရှိသလို ကောက်ကျစ်စဉ်းလည်းသူလည်း ရှိသည်။ သူတော်အစစ်ရှိသလို သူတော်အတုလည်းရှိ၏။ ရုပ်ဝတ္ထုပစ္စည်းတွင်လည်း ပစ္စည်းအစစ်ရှိသလို ပစ္စည်းအတုလည်းရှိ၏။ တရားထဲတွင်လည်း တရားအစစ်ရှိသလို တရားအတုလည်းရှိ၏။

လူဟူ၍ဖြစ်လာပြီး လူ့အဖွဲ့အစည်းတွင် ကျင်လည်ရသောအခါ ရိုးသားဖြောင့်မတ်သူတွေနှင့် တွေ့ကြုံရသလို ကောက်ကျစ်စဉ်းလဲသူတွေနှင့်လည်း တွေ့ကြုံရတတ်ပါသည်။ သူတော်အစစ်နှင့်တွေ့သလို သူတော်အတုနှင့်လည်း တွေ့တတ်ပါ၏။

တရားအစစ်တွေကို နာကြားရသကဲ့သို့ တရားအတုတွေလည်း နာကြားရတတ်ပါ၏။ ဤသို့ အစစ်နှင့်အတု အနှစ်နှင့်အကာ ရောနှောနေတတ်သော ဤလောကတွင် လူသားတစ်ဦးအနေနှင့် အစစ်နှင့်အတုကို ခွဲခြားတတ်ဖို့လိုပါ၏။ အနှစ်နှင့်အကာကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိတတ်စိမ့်သောငှာ မိမိ၏ ဦးနှောက်အတွင်းသို့ အသိပညာများ အတွေးအခေါ်များ တရားဓမ္မများကို ဖြည့်တင်းဖို့လိုပါသည်။ ထို့အပြင် ဝေဖန်စိစစ်သော ဝိဘဇ္ဇဥာဏ်ရှင်သန်အားကောင်းလာအောင် ပျိုးထောင်မွေးမြူဖို့ လိုပါသည်။

ဤလောကတွင် စိတ်ရင်းကောင်းမရှိသော လက်ကြောတင်းအောင်လည်း လုပ်ကိုင်မစားချင်သောသူများရှိနေပါသည်။ ထိုသူများသည် အသိပညာဗဟုသုတ နည်းပါးသောသူများအပေါ် နည်းအမျိုးမျိုးဖြင့် လှည့်ဖြား၏။ အယုံသွင်း၏။ သွေးဆောင်ဖြားယောင်း၏။ အသိပညာနည်းပါးသူများသည် ထိုသူတို့၏ သားကောင်ဖြစ်တတ်ပါ၏။

အသိပညာဗဟုသုတ အားနည်းသော် ဝေဖန်ခွဲခြားတတ်သော ဝိဘဇ္ဇဥာဏ်မရှင်သန်ပါ။ မှေးမှိန်တတ်ပါ၏။ ဝိဘဇ္ဇဥာဏ်အားနည်းလျှင် သူများပြောသမျှ လှိမ့်သမျှ ယုံလွယ်တတ်ပါ၏။ ယုံလွယ်တတ်သည်နှင့်အမျှ အမှားများစွာကို ကြုံဆုံရတတ်ပါ၏။

မိမိ၏ ဦးနှောက်အတွင်း၌ အသိပညာများ ဗဟုသုတများကို အစဉ်ဖြည့်တင်းနေသူသည် ဝေဖန်စိစစ်သောဥာဏ် ရှင်သန်အားကောင်းတတ်ပါသည်။ ဤကား သမ္မာ ဤကား မိစ္ဆာဟူ၍လည်းကောင်း ဤကား အမှန် ဤကား အမှားဟူ၍လည်းကောင်း ဤကားအစစ် ဤကားအတု ဟူ၍လည်းကောင်း ပိုင်းခြားသိမြင်လာတတ်ပါသည်။ ထိုသူတို့သည် သူများပြောတိုင်းမယုံ မြှောက်တိုင်းမမြှောက် ခြောက်တိုင်းမကြောက် အရာရာတွင် မိမိ၏ကိုယ်ပိုင်ဥာဏ်ကို အသုံးချလေ့ရှိသောကြောင့် ဆောင်ရွက်သမျှကိစ္စတိုင်းမှာအမှားနည်းပါး အမှန်များတတ်ပါ၏။ ဤသည်နှင့်စပ်လျဉ်း၍ မြသိန်းတန်ဆရာတော်ကြီး ပခုက္ကူဦးကေသရ ကဤသို့ဆုံးမတော်မူခဲ့ပါ၏။

** ယုံလွယ်သူအား အမှားများ

ထင်ရှားကြုံတတ်ပါ။

ယုံခဲသူအား အမှန်များ

မှတ်သားတွေ့တတ်ပါ။

***************************

(မင်းနန်-မော်ကျွန်း)

No comments:

Post a Comment