Sunday, July 6, 2014

ဖန်တွတွအရသာပဲ စားနေသကိုး


"တရားထိုင်တဲ့အလုပ်က အလွန်ညောင်းကိုက်၊ နာကျင်လှတယ်ဘုရား။ တပည့်တော် အဲဒီဒဏ်ကို မခံနိုင်ဘူးဘုရား၊ တပည့် တော်က ဒါန၊ သီလပြုပြီး နတ်ပြည် ဗြဟ္မာ့ပြည်ဘဝကို အေးအေး ချမ်းချမ်းပဲ
သံသရာလည်ပါဦးမယ် ဘုရား"

"အင့်းဒါယကာကြီးဘဝက ကုန်သည်တစ်ဦး အုန်းသီး စားသလိုမျိုးပါပဲလား"

"ကုန်သည်တစ်ဦး အုန်းသီးစားတဲ့ ဇာတ်ကြောင်း အကျယ်လေး သိပါရစေဘုရား"။

"အေ့းရှေးက ကုန်သည် အမျိုးသားတစ်စုက လက်ဖက်ခြောက် ရောင်းဝယ်ရင်း မန္တလေးနေပြည်တော်သို့ ရောက်လာကြသတဲ့ ၊
အရောင်းအဝယ်ပြီးတော့ ဈေးချိုဈေးထဲသို့ လျှောက်ကြရင်း လမ်းဘေးမှာ အုန်းသီးတွေ အခိုင်လိုက်ရောင်းချနေတာကို တွေ့တော့ အုန်းသီးကို မမြင်ဖူးကြလေတော့
"ဘာအသီးတွေ လဲ၊ ဘယ်လိုသုံးရသလဲ" လို့ဈေးသည်ကို မေးသတဲ့။

ဈေးသည်က လည်း ကုန်သည်ကိုကြည့်ပြီး "ဒီအသီးဟာ အရေက အလွန်ချိုပြီး အသားက စားလိုက်ရင်အလွန် အရသာရှိတယ်၊
အရောင်က အစိမ်းရောင်" လို့ ရှင်းပြသတဲ့။

အဲဒါနဲ့ ကုန်သည် ကလဲ ဒီအသီး စားကြည့်လိုက်ဦးဆိုပြီး ဝယ်သွားသတဲ့။

အပြန်လမ်းခရီးတစ်နေရာမှာတော့ ဒီအသီးကို ခွဲစားမယ်ဆိုပြီး အဖော်တွေနှင့် အခွံခွာပြီး စားကြသတဲ့။

သူတို့ စားတာက အုန်းသီး အပေါ်က အခွံကို ခွာပြီး အထဲက အမျှင်တွေကိုစားတော့ ဖန်တွတွ အရသာကို ခံစားရသတဲ့။

"အင့်းဒီဗမာ တို့ကို အသီးကချိုတယ်၊ အသားက အရသာ ရှိပြီး ဆိမ့်တယ်လို့ပြောတယ်၊ အခု စားကြည့်တော့ချိုလည်း မချို၊
ဆိမ့်လည်း မဆိမ့်၊ ဖန်တွတွအရသာပဲရှိပြီး အထဲက အစေ့ကြီးက လည်း ကြီးလိုက်တာ။

ဒီအစေ့ကြီးဘာလုပ်ရမလဲ၊ ဒီလို အစေ့ကြီးတဲ့ ဖန်တွတွ အသီးကြီးကို ဒို့ကို လိမ်ညာပြီးရောင်းလိုက်တာပဲ" လို့ပြောပြီး အုန်းသီးစေ့ကြီးကို လွှင့်ပစ်ပြီး ဖန်တွတွမျှကိုပဲ အရသာခံ ပြီးစားကြည့်နေသတဲ့။

ယခုလဲ ကျောင်းဒကာကြီးက အရေချို အရသာဆိမ့်တဲ့ ဝိပဿနာ အစေ့ကြီးရဲ့ သဘာဝကို မသိတော့ ဝိပဿနာအစေ့ကြီးကို လွှင့်ပစ်ပြီး သံသရာလည်မဲ့ ဖန်တွတွအရသာရှိတဲ့ ဒါန၊ သီလ၊ အကာအမျှင်ကိုပဲ
စားချင်နေတာ ကိုး" ဟု မိန့်ကြားရာ

ကျောင်းအမမိသားစုမှာ ကျောင်းဒကာကြီး ကိုကြည့်ပြီး ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ရယ်မောကြလေတော့သတည်း။

-ခင်သူဇာမြင့်၊ ၂၀၀၈ ဇူလှိုင် ၈ ရက်ထုတ် ဓမ္မဝီရဂျာနယ်မှ။
credit to - Ma Myo 

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment