Sunday, July 20, 2014

ထေရ၀ါဒလာ ဂါထာ ဟုတ်၊ မဟုတ် စိစစ်ခြင်း


ဂါထာတစ်ခုကို ဘုရားဟောတရားတော် ဟုတ်နိုင် မဟုတ်နိုင်ကို မဟာပဒေသလေးပါးနှင့် စိစစ်ရသည်။ မဟာပဒေသဟူသည်- "ဘုရားဟောတရားတော်ကို တည်စေနိုင်သော
ကြီးမြတ်သောအကြောင်း"ဟု အဓိပ္ပာယ်ရသည်။
မဟာပဒေသလေးပါးနှင့် ညီညွတ်လျှင် ထေရဝါဒ၊ မညီညွတ်လျှင် ထေရဝါဒမဟုတ်ဟု ဆုံးဖြတ်ရပါမည်။ 
မဟာပဒေသလေးပါးမှာ-
၁။ သုတ္တ =ပိဋကသုံးပုံဘုရားဟော ပါဠိတော်များ။
၂။ သုတ္တာနုလောမ =ဘုရားဟောပါဠိတော်များနှင့် လျော်ညီသော အဓိပ္ပာယ် အကြောင်းအရာများ။
၃။ အာစရိယဝါဒ =အဋ္ဌကထာကျမ်းများ။
၎။ အတ္တနောမတိ =သုတ္တ သုတ္တနုလောမ အာစရိယဝါဒတို့မှ နည်းကို
ယူ၍ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ဆင်ခြင်သိရှိသော
အဓိပ္ပာယ်အကြောင်းအရာများ။

ဤအတ္တနောမတိကို ရှေးဆရာတော်များက ဋီကာကျမ်းဟု မိန့်ဆိုကြသည်။ ၄င်းလေးချက်တွင် အရေးအကြီးဆုံးမှာ သုတ္တခေါ် ဘုရားဟော ပါဠိတော်များပင် ဖြစ်သည်။ သုတ္တနုလောမ အာစရိယဝါဒ အတ္တနောမတိတို့သည် သုတ္တ ခေါ် ပါဠိတော်လာ အဓိပ္ပာယ်နှင့် မဆန့်ကျင်မှသာ မှန်ကန်သည်။ ထေရဝါနှင့်ညီညွတ်သည်ဟု ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မဟာဝဂ္ဂအဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ်တွင် တိတိကျကျ ဖွင့်ပြထားပါသည်။

အပေါ်ယံနည်းဖြင့် ထေရဝါဒဂါထာ ဟုတ် မဟုတ် ဆုံးဖြတ်ပုံတစ်ခု ရှိပါသေးသည်။ ၄င်းမှာ တွေ့လာသောဂါထာတွင် "ဥုံ(သို့)သြောင်း"
တစ်ခုခုပါလျှင် ထေရဝါဒ မဟုတ်ကြောင်း ဆုံးဖြတ်ရန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဥုံဟူသည် ဥုမ်မှဖြစ်လာခြင်းဖြစ်သည်။ ဥုံကို ပုဒ်ခွဲလိုက်လျှင် "အ အု အမ် "ဟူ၍ဖြစ်လာသည်။ `အ´သည် လောကကိုဖန်ဆင်းသော ဗြဟ္မာကို ကိုယ်စားပြုသည်။ `အု´သည် ဗိဿနိုးနတ်ကို ကိုယ်စားပြုသည်။`အမ်´သည် သျှီဗစ် ခေါ် သီဝနတ်ကို ကိုယ်စားပြုသည်။ ထိုနတ်သုံးမျိုးလုံး ဟိန္ဒူ ဗြဟ္မဏသဘောမှာသာ ရှိသောကြောင့် ဥုံ သြောင်း ပါသော ဂါထာ မန္တာန် မှန်သမျှကို ဟိန္ဒူ
ဗြဟ္မဏဂါထာ မန္တာန်များဟု ခွဲခြားနိုင်ပါသည်။

၎င်းအချက်ကိုသတိမထားကြသော ဆရာအချို့က ဘုရားဟောဂါထာ အချို့ကိုပင် ဥုံ သြောင်း ခံ၍ ရွတ်နေကြရာ ဆွမ်းဆန်ထဲ ကြွက်ချေး အရောခံရသလို ဘုရားဟောပါဠိအချို့မှာ ဂုဏ်ငယ်ကြရပါသည်။
ထို့ကြောင့်လည်း မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်တွင်-
"တရားမကြိုက် လျှာဒုစရိုက်နှင့် လူမိုက်တစ်သောင်း ချီးမွမ်းရှောင်လည်း လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့ ရှေ့နောက်မဆ လူ့ဗာလတို့ ဂုဏဒေါသ နှစ်ဝကျိုးပြစ် စိစစ်မြော်မြင် မဆင်ခြင်ဘူး ဆိုချင် မက်မော ဆိုလျှင်ဇောဖြင့် သဘောအထိုက် တုတ်နှင့်ရိုက်သို့ သူမိုက်ချီးမွမ်း ဂုဏ်သောနွမ်း၏။" ဟူ၍ စပ်ဆိုတော်မူခဲ့ပါသည်။

တစ်ချို့တစ်ပိုင်းကြောင့် ကျက်စာရသောပုဂ္ဂိုလ် အချို့ပါ ဖော်ပြပါမဟာပဒေသလေးပါးကို သတိမမူကြပဲ ပရိတ်ကြီး (၁၁)သုတ်ကိုပင် တရားဟောမဟုတ် တန္တရဝါဒလာမန္တာန်များ
ဖြစ်သည်ဟု ဝါဒဖြန့်သံကို နေရာတော်တော်များများမှ ကြားနေရပါသည်။ အနည်းငယ်ဆန်းစစ်ပြပါမည်။

မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ခန္ဓသုတ် မောရသုတ် ဝဋသုတ် ဓဇဂ္ဂသုတ် အာဋာနာဋိယသုတ် အင်္ဂုလိမာလသုတ်များ၏ အစဆုံးနှစ်ဂါထာ ဗောဇ္ဈင်သုတ်တစ်သုတ်လုံး အာဋာနာဋိယသုတ် ၆ ဂါထာမှတစ်ပါး ကျန်သော ပါဠိတော်၌ တိုက်ရိုက်မပါပေ။
သို့သော် ရှေးကျမ်းဂန်တတ်ဆရာတော်ကြီးများက သုတ္တ ခေါ် ဘုရားဟောပါဠိတော်များနှင့်အညီ စီကုံးထားခြင်းဖြစ်သောကြောင့် သုတ္တာနုလောမ ဟူသောအချက်နှင့် ညီညွတ်လျက်ရှိသည်ဖြစ်၍
ထေရဝါဒနှင့်မဆန့်ကျင်ပဲ ရွတ်ဖတ်သူများအတွက်
အလွန်အကျိုးများသော ဂါထာများပင် ဖြစ်ပါသည်။ ထိုနည်းတူ "သမ္ဗုဒ္ဓေ သိရသ္မိံ စက္ကုမာစရာမာစိဏ္ဏော"စသောဂါထာများသည်လည်း သုတ္တာနုလောမဂါထာများ ဖြစ်၍ ထေရဝါဒနှင့် မဆန့်ကျင်ကြောင်း သိအပ်ပေသည်။

[တန္တရဟူသည် ဉာဏ်ပညာဟု အဓိပ္ပာယ်ရသည်။ ဂါထာမန္တရာများသည် လောကီဉာဏ်ပညာမှစ၍ လောကုတ္တရာဉာဏ်ပညာအထိ ရရှိစေနိုင်သောကြောင့် တန္တရဟု ခေါ်ခြင်းဖြစ်သည်။
မန္တရယာနဟူသည်လည်း တန္တရယာနနည်းတူ မန္တာန်ကိုအသုံးပြုသော ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ခေတ်စားနေသော
"ဥုံမဏိ ပဒ္ဓမေဟုံ"ဟူသောမန္တာန်မှာ နီပေါနိုင်ငံမှလာသော မဟာယနမန္တာန်တစ်ခုပင် ဖြစ်ပါသည်။ "အဝလောကိတေသွာရ ဘုရားလောင်းက တာယာဒေဝီကို ခေါ်ခြင်း" ဖြစ်သည်။ ထေရဝါဒ
မဟုတ်သောကြောင့်လည်းကောင်း သဘာဝအားဖြင့်လည်း ရတနာသုံးပါးနှင့် စပ်ဆိုင်သောအချက် တစ်ခုမှမပါသောကြောင့်
လည်းကောင်း ကုသိုလ်တရားပွားများစရာမရှိ၍ မရွတ်သင့်ပါ။]

ဤpostကိုဖတ်မိသူများအားလုံး မိမိရွတ်နေသောဂါထာမှာ ထေရဝါဒဂါထာ ဟုတ် မဟုတ် ခွဲခြားနိုင်ကြပါစေ..
စေတနာဖြင့်..


အရှင်ဇဝန၏ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြသည်..
Shared from Ma Ohnmar Shin (FB)

1 comment:

  1. ကျေးဇူးအထူးတင်ပါတယ်လို့ ဦးစွာပြောပါရစေ..။
    သိသင့်ထိုက်လှပါတယ်။
    ကူးယူခွင့် တင်ပြခွင့်ပြုပါရှင်..။

    ReplyDelete