Friday, July 4, 2014

သေခြင်းတရားကို = မရဏနုဿတိဘာဝနာ အဖန်ဖန် အမှတ်ရခြင်း


ခန္ဓာရလာရင် တစ်နေ့မှာတော့ သေရမှာကိုသိကြပေမယ့်
သူသူငါငါမေ့နေတတ်ကြတာက များပါတယ်..
တစ်ကယ့်သေရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့ ကြောက်လာတတ်ကြပါတယ်..
ဒါကြောင့် သေခါနီးအချိန်မှာ ဒီလိုကြောက်ရွံ့ထိတ်လန့်စိတ်တွေ မဖြစ်ဖို့
အသေမြတ်အောင်ပြင်ထားရပါမယ်..
အသေမြတ်ဖို့အတွက် သေနည်းပြင်ထားချင်သူတွေဟာ ပထမဆုံးအနေနဲ့ မရဏာနုဿတိဘာဝနာ ပွားများထားရပါမယ်..
သေခြင်းတရားကို အဖန်ဖန်အမှတ်ရခြင်းကို မရဏာနုဿတိဘာဝနာလို့ ခေါ်ပါတယ်..

`မသာတစ်ခေါက် ကျောင်းဆယ်ခေါက်´ဆိုတာ လူတိုင်းကြားဖူးကြမှာပါ..
ဒီစကားရဲ့ လိုရင်းအဓိပ္ပာယ်ကတော့
ဘုန်ကြီးကျောင်းကိုဆယ်ခေါက်သွားပြီး ဒါနပြုခြင်း သီလဆောက်တည်ခြင်းကုသိုလ်ထက်မသာတစ်ခေါက်လိုက်ပို့ရင်း ပွားများလိုက်တဲ့ ဘာဝနာကုသိုလ်က ပိုပြီးတော့သာတယ် လို့ပြောတာပါ..

မရဏာနုဿတိဘာဝနာ ပွားများထားသူများဟာ ကောင်းကျိုး(၄)မျိုးကို ရရှိပါမယ်..
ပထမကောင်းကျိုးကတော့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မကြောက်ရွံ့မတုန်လှုပ်ပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားနိုင်တာ..

ဒုတိယကောင်းကျိုးကတော့ ကုသိုလ်ကောင်းမှုပြုခွင့် ကြုံလာပြီဆိုရင် အချိန်မဆွဲတော့ပဲ ချက်ချင်းပြုဖြစ်တာ..

တတိယကောင်းကျိုးကတော့ မကောင်းမှုအကုသိုလ်မှန်သမျှကို မကြံဖြစ် မပြောဖြစ် မလုပ်ဖြစ်တော့တာ..

စတုတ္ထကောင်းကျိုးကတော့ နတ်ရွာသုဂတိကို အလွယ်တကူရောက်နိုင်တာ တို့ပဲဖြစ်ပါတယ်..

မရဏာနုဿတိဘာဝနာရဲ့ကောင်းကျိုးနဲ့ပတ်သက်ပြီး သာဓကတစ်ခု ဖော်ပြပါမယ်..
ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံနေတဲ့အချိန်
မြို့တံခါးအနီးမှာ ပုဏ္ဏားမိသားစု(၆)ယောက်[ပုဏ္ဏားကြီးတို့လင်မယား သမီး သားနဲ့ချွေးမ ကျွန်မလေး]ရှိကြပါတယ်..
ပုဏ္ဏားကြီးဟာ မရဏာနုဿတိဘာဝနာကို ကိုယ်တိုင်လည်းပွားသလို မိသားစုအားလုံးကိုလည်း ပွားခိုင်းလို့ ပွားလာကြတာ နှစ်အတော်ကြာပါပြီတဲ့..

တစ်နေ့တော့ သားအဖနှစ်ယောက်ဟာ လယ်ထဲက အမှိုက်စတွေကိုစုပြီး မီးရှို့ကြပါတယ်..
မီးရှို့လို့ထွက်လာတဲ့မီးခိုးတွေဟာ လေကလည်းသင့်နေတော့ မြွေဟောက်ရှိနေတဲ့ တောင်ပို့ပေါက်ထဲ ဝင်ကုန်ပါတယ်..
ဒေါသဖြစ်သွားတဲ့မြွေဟောက်ဟာ အပြင်ကိုထွက်လာပြီး သားဖြစ်သူရဲ့ခြေထောက်ကိုပေါက်လိုက်တဲ့အခါမှာ အဆိပ်ပြင်းတော့ တုံးခနဲလဲပြီး ချက်ချင်းသေဆုံးသွားပါတယ်..

သားသေတာကိုမြင်လိုက်တာနဲ့ ပုဏ္ဏားကြီးဟာ
"သေခြင်းသဘောရှိတဲ့အရာဟာ သေရတာပဲ ပျက်စီးခြင်းသဘောတရားရှိတဲ့အရာဟာ ပျက်စီးရတာပဲ ငါ့အား သေခြင်းသဘောသည် အမြဲရှိ၏ ငါ့အား အသက်ရှင်၍နေရခြင်းသည် အမြဲမရှိ"လို့ ပွားများရင်း သားအလောင်းကို မီးသင်္ဂြိုလ်ရအောင် ထင်းတွေရှာဖွေပြီး ချက်ချင်းပြင်ဆင်ပါတယ်..

ပြင်ဆင်ပြီးတာနဲ့ အိမ်ဘက်သွားမယ့် လူကြုံတစ်ယောက်ကို
"မိသားစုအားလုံး ပန်းနံ့သာလက်စွဲပြီး လယ်ထဲကို လိုက်လာကြပါ..
ထမင်းကို တစ်ယောက်စာသာ ထုပ်ခဲ့ပါ"ဆိုပြီး မှာလိုက်ပါတယ်..
ပုဏ္ဏေးမကြီးဟာ ပြောလာသူကို တစ်ချက်ပဲ ပြန်မေးလိုက်ပါတယ်..
အခုမှာလိုက်တာဟာ ဖခင်လား သားလား.?
လူကြုံက ဖခင်က မှာလိုက်တာပါလို့ ဖြေလိုက်တာနဲ့ ဒီနေ့ ငါ့သားတော့ ဆုံးရှာပြီလို့ သိလိုက်ပါတယ်..

မိသားစုအားလုံး လယ်ထဲကိုရောက်တော့ အလောင်းဘေးမှာဝိုင်းထိုင်ပြီး မရဏာနုဿတိဘာဝနာကို ပွားများကြပါတယ်..
ရုပ်ပျက်ဆင်းပျက်အော်ငိုဖို့နေနေသာသာ မျက်ရည်တောင်မလည်ကြပါဘူးတဲ့..
ဘာဝနာပွားများပြီးတာနဲ့ အလောင်းကို မီးသင်္ဂြိုဟ် ကြပါတယ်..

သူတို့ရဲ့ မရဏာနုဿတိဘာဝနာတန်ခိုးကြောင့် သိကြားမင်းကြီးတောင်မနေနိုင်ပဲ တာဝတိံသာကဆင်းလာပြီး ခရီးသွားယောင်ဆောင်ကာ ပုဏ္ဏားကြီးကို စမေးပါတယ်..
"အသင်ပုဏ္ဏားကြီးတို့မိသားစု ဘာလုပ်နေကြတာပါလဲ"
"လူသေအလောင်းကို မီးသင်္ဂြိုဟ်နေတာပါ"
"ကျွန်ုပ်ကလူသေမီးရှို့တယ်လို့မထင်ဘူး သားကောင်တစ်ကောင်ကို မီးရှို့တယ်လို့ပဲထင်တာ လူသေဆိုရင်လည်း အဲဒီသေတဲ့လူဟာ သင်တို့ရဲ့ရန်သူပဲဖြစ်မယ် ထင်ပါတယ်.."
"ရန်သူမဟုတ်ပါဘူး ကျွန်ုပ်ရဲ့သားကြီးပါ.."
"သားဆိုရင်လည်း မုန်းစရာကောင်းတဲ့ သားဖြစ်မယ်ထင်ပါတယ်.."
"မဟုတ်ပါဘူး လိမ္မာပြီး အလွန်ချစ်စရာကောင်းတဲ့ သားတစ်ယောက်ပါ.."

"ဒါဆိုရင် ဖခင်ဖြစ်တဲ့သင်ဟာ ဘာဖြစ်လို့ မငိုတာလဲ.."
"မိတ်ဆွေ မြွေဟာ အရေဟောင်းကိုစွန့်ပြီး လိုရာသွားသကဲ့သို့ ကျွန်ုပ်သားသည်လည်း ဘဝဟောင်းကိုစွန့်၍ ဘဝသစ်သို့သွားခဲ့လေပြီ..
ဤရုပ်ကလပ်သည် ဘာမျှအသုံးမကျတော့ပါ..
သေလွန်သွားသူအတွက် ငိုကြွေးနေလို့ ဘာအကျိုးရှိမှာလဲ..
ကျွန်ုပ်တို့က ငိုကြွေးနေသော်လည်း ဘဝတစ်ပါးရောက်သွားသူက ဘာမှမသိတော့ပေ..
ဒါကြောင့်မငိုကြွေးခြင်းဖြစ်ပါတယ် မိတ်ဆွေ.."
"အင်း တော်ပါပေတယ် တော်ပါပေတယ်"လို့ပြောပြီး ပုဏ္ဏေးမကြီးဘက်ကို လှည့်မေးပြန်ပါတယ်..

"အစ်မကြီးနဲ့ အခုသေသွားသူက ဘာတော်ပါသလဲ"
"ကျွန်မဝမ်းမှာ ဆယ်လလွယ်ပြီး မွေးခဲ့ရတဲ့ သားအရင်းပါ.."
"သားအရင်းသေတာတောင် မျက်ရည်တစ်စက်မကျတာ ဘာကြောင့်ပါလဲ.."
"မိတ်ဆွေကြီး ကျွန်မသားဟာ ကျွန်မကမခေါ်ပဲနဲ့ ဒီဘဝထဲကို ရောက်လာတာပါ အခုလည်း ကျွန်မကမနှင်ပဲ သူ့ဟာသူ ဘဝတစ်ပါးကိုပြန်သွားခဲ့ပါပြီ အဲဒီလို မခေါ်ပဲနဲ့လာ မနှင်ပဲနဲ့ပြန်သူတစ်ယောက်အတွက် ကျွန်မငိုနေလို့ ဘာမှအကျိုးမရှိပါဘူး.."လို့ဖြေလိုက်တော့ သိကြားမင်းလည်း အံ့သြသွားပြီး သေသူရဲ့နှမဖြစ်သူထံ လှည့်မေးပြန်ပါတယ်..

"တူမနဲ့သေသူက ဘာတော်ပါသလဲ.."
"မောင်နှမတော်ပါတယ်.."
"ဒါဆိုရင် ကိုယ့်အစ်ကိုတစ်ယောက်သေတာ ဘာဖြစ်လို့ မငိုရတာလဲ.."
"ဦးကြီး သေသူအတွက် ငိုကြွေးပြီး မစားနိုင်မသောက်နိုင်ဖြစ်ရင် ပိန်လှီပြီး ရောဂါရတာပဲရှိမှာပေါ့ သေသူအတွက်ရော ငိုသူအတွက်ရော ဘာမှအကျိုးမရှိပါဘူး ကျွန်မနဲ့စပ်ဆိုင်သမျှ ဆွေမျိုးသားချင်းတွေကလည်း ကျွန်မငိုကြွေးတာကိုကြည့်ပြီး စိတ်ဆင်းရဲတာပဲရှိမှာပါ ဒါကြောင့် မငိုကြွေးတာပါ.."လို့ဖြေလိုက်တော့ သိကြားမင်းက အံ့သြပြီးရင်းအံ့သြရင်းနဲ့ပဲ သေသူရဲ့ဇနီးဖြစ်သူဘက်ကို လှည့်မေးပြန်ပါတယ်..

"ဒီဘက်ကတူမနဲ့ရော သေသူနဲ့ ဘာတော်ပါသလဲ.."
""ကျွန်မကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ခင်ပွန်းဖြစ်ပါတယ်.."
"ကိုယ့်ခင်ပွန်းတစ်ယောက်သေတာကိုတောင် ဘာကြောင့် မငိုကြွေးတာလဲ.."
"ဦးကြီး ကောင်းကင်က လမင်းကို ယူပေးဖို့ပြောပြီး ငိုကြွေးတဲ့ကလေးရယ် သေသူကိုအာရုံပြုပြီး ငိုကြွေးတဲ့သူရယ်ဟာ အတူတူပါပဲ ဘာမှအကျိုးမရှိပါဘူး ဒါကြောင့်မငိုကြွေးတာပါ.."လို့ဖြေလိုက်တော့ သိကြားမင်းကြီးလည်းအံ့သြလက်စနဲ့ နောက်ဆုံးကျန်တဲ့ ကျွန်မလေးဘက်ကို လှည့်မေးပြန်ပါတယ်..

"ဒီဘက်ကတူမကရော သေသူနဲ့ ဘာတော်ပါလဲ.."
"ကျွန်မရဲ့သခင်ပါ.."
"သခင်တစ်ယောက်သေတာကို ဘာလို့မငိုကြွေးတာလဲ တူမအပေါ်မှာ နှိပ်စက်တဲ့သူ ဖြစ်နေလို့လား.."
"မဟုတ်ပါဘူး ကျွန်မအပေါ် မေတ္တာကရုဏာနဲ့စောင့်ရှောက်ခိုင်းစေတတ်တဲ့ သခင်ကောင်းတစ်ယောက်ပါ အစိပ်စိပ်အမွှာမွှာကွဲသွားတဲ့အိုးဟာ ဘယ်လိုမှ အကောင်းပြန်မဖြစ်တော့သလို သေသူအတွက် ငိုကြွေးနေလို့လည်း အသက်ပြန်ရှင်လာမှာမဟုတ်တဲ့အတွက် အပိုအလုပ်ဖြစ်တဲ့ ငိုကြွေးခြင်းအလုပ်ကို မလုပ်တာဖြစ်ပါတယ်.."

အဲဒီအခါမှာ သိကြားမင်းဟာ သာဓု(၃)ကြိမ်ခေါ်ပြီး "သင်တို့ရထားတဲ့တရားကို နားထောင်ချင်လို့ လာခဲ့ခြင်းဖြစ်ပါတယ် ကျွန်ုပ်ဟာ နတ်တို့ရဲ့အရှင်သိကြားမင်းပါ သင်တို့သားဟာလည်း နတ်ပြည်ကိုရောက်နေခဲ့ပါပြီ သင်တို့လည်း ယနေ့ကစပြီး ဝမ်းရေးအတွက် ဘာမှမပူကြပါနဲ့တော့ သင်တို့မိသားစုအတွက် တစ်သက်စာရတနာတွေကို ပေးခဲ့ပါမယ် အကျိုးကြီးမားလှတဲ့ မရဏာနုဿတိဘာဝနာကို ဆက်လက်ပွားများပြီး ဒါနလည်းပြုကြပါ သီလလည်းဆောက်တည်ကြပါ.."လို့မှာကြားပြီး နတ်ပြည်ကို ပြန်သွားပါတယ်..

ချီးကျူးအတုယူစရာကောင်းတဲ့ ပုဏ္ဏားကြီးတို့မိသားစု အမြဲပွားများတဲ့ မရဏာနုဿတိဘာဝနာကတော့-
" မရဏံမေဓုဝံ ဇီဝိတံမေ အဓုဝံ " ပါ..
မေ - ငါ့အား
မရဏံ- သေရခြင်းသဘောသည်
ဓုဝံ - အမြဲရှိ၏
မေ - ငါ့အား
ဇီဝိတံ- အသက်ရှင်၍ နေရခြင်းသဘောသည်
အဓုဝံ- အမြဲမရှိ
"ငါ့အား သေရခြင်းသဘောသည် အမြဲရှိ၏"
"ငါ့အား နေရခြင်းသဘောသည် အမြဲမရှိ"

အဲဒါကို သတိရတဲ့အခါတိုင်း စိတ်ထဲကနေ ရွတ်ဆိုပွားများတဲ့အကျင့်ကို လုပ်ပေးကြပါ..

သေခြင်းတရားကို အိနြေ္ဒရှိစွာနဲ့ ရင်ဆိုင်နိုင်ကြပါစေ..

စေတနာမေတ္တာ အရင်းခံဖြင့်-
Shared from Ma Ohnmar Shin (FB)

No comments:

Post a Comment