Monday, July 14, 2014

တရားကို တရားနဲ့တူအောင် အားထုတ်ခြင်း


တရားရှိမရှိကို သီလ သမာဓိ ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့် တိုင်းတာမှသာ မှန်ကန်မည်။ ယခုခေတ် ယောဂီအများစုမှာကား
ကြာကြာထိုင်နိုင်လျှင် တရားရပြီဟူ၍ ယူဆသူကများ၏။
ထို့ကြောင့် အသိဉာဏ်ထဲတွင် ပြတ်သားစွာသိအောင် တရားနာမှု တရားစာအုပ်ဖတ်မှု တရားဆွေးနွေးမှုကို အဓိကမထားပဲ မျက်လုံးမှိတ်ပြီး တအားထိုင်ကြတော့၏။

အမှန်အားဖြင့် သူတော်ကောင်းကို မှီဝဲခြင်း တရားနာခြင်း သင့်တင့်စွာ နှလုံးသွင်းနိုင်ခြင်း ကျင့်ကြံပွားများခြင်းဖြင့်သာ တရားရနိုင်ပေသည်။
ကြာကြာထိုင်ပြီး မျက်စိမှိတ်ထားလျှင် နမိတ် ပုံသဏ္ဍာန်တွေ မြင်ချင်ရာ မြင်တတ်သည်မှာ ဓမ္မတာပင်ဖြစ်၏။ သို့သော် ထိုအရာများကား တရားမဟုတ်ချေ။

ယောဂီရဟန်းတစ်ပါးသည် နှစ်နာရီကြာသည်အထိ မလှုပ်မယှက် ထိုင်နိုင်၏။ ထိုကဲ့သို့မထိုင်နိုင်သော ရဟန်းတစ်ပါးက ချီးကျူးသောအခါ နှစ်နာရီထိုင်နိုင်သော ကိုယ်တော်က ရိုးသားစွာ ဖွင့်ဟ ပြောကြား၏။
သူသည် လူ့ဘဝက ရုပ်ရှင်ပိုစတာ ကြည့်ရသည်ကို
အလွန်ဝါသနာပါသူဖြစ်၏။ ယခုလို တရားထိုင်သောအခါ ထိုင်စအချိန်မှစ၍ ရန်ကုန်ရုပ်ရှင်ရုံများမှ ပိုစတာများကို လိုက်ကြည့်လိုက်ရာ ၂-နာရီသာကြာသွားသည်။ ရုပ်ရှင်ရုံမှ ပိုစတာများကား မကုန်သေးဟုဆိုသည်။ ထိုရဟန်းကား `ပိုစတာ ယောဂီ´ပင်တည်း။

`အဟိယောဂီ´ဟူသည်ကိုလည်း တွေ့ရဖူး၏။အသက်ခြောက်ဆယ်ကျော်စ အမျိုးသမီးကြီးတစ်ဦးသည် အိပ်မငိုက်ပဲ
၃-နာရီခန့်အထိ ထိုင်နိုင်သဖြင့် တရားပြဆရာတော်၏ ချီးမွမ်းမှုကိုပင် ခံရ၏။ သို့သော် တရားထိုင်ရင်းဖြင့် ထိုယောဂီမကြီးသည်
`အဟိ..အဟိ´ဖြင့် ရယ်နေတတ်၏။ ထို့ကြောင့် ဆရာတော်ကခေါ်၍ တရားစစ်သောအခါ ယခုလို အမှန်အတိုင်း ပြန်ပြောပြ၏။

"တပည့်တော်မ တရားထိုင်ရင်း ဟိုး ငယ်ငယ်က အပျိုစင်ဘဝအထိ ပြန်ရောက်သွားပါတယ်ဘုရား.. တစ်ရက်မှာ ငယ်ချစ်ဦးနဲ့ တပည့်တော်မတို့ အိမ်ထဲမှာ ချိန်းတွေ့ကြပါတယ်.. အဲဒီအချိန်မှာ တပည့်တော်မအဖေက ချိန်းတွေ့တာကို မြင်သွားပြီး ဓားရှည်ကြီးတစ်ချောင်းနဲ့ ပြေးဆင်းလာပါတယ်.. ဒီအခါ တပည့်တော်မရည်းစားဟာ ကြောက်ရှာလွန်းလို့ ၀င်းထရံပေါ်ကျော်တက်ပြီး ထွက်ပြေးပါတယ်.. ရည်းစားရဲ့ပုဆိုးဟာ ဝင်းထရံမှာ ချိတ်ကျန်ခဲ့လို့ မိမွေးတိုင်း ဖမွေးတိုင်းနဲ့ပဲ ထွက်ပြေးရပါတယ်ဘုရား.. အဲဒါကိုကြည့်ပြီး တပည့်တော်မ ရယ်နေမိတာဘုရား".. ထိုယောဂီကား `အဟိ ယောဂီ´ပင်တည်း။

နောက်တစ်မျိုးကား တရားထိုင်တာ ၁၅-မိနစ်မှ မရှိသေးခင် ၁-နာရီထင်ပြီး တရားဖြုတ်ချင်သူများပင် ဖြစ်၏။ ထို့ကြောင့် နာရီဆီသို့ မကြာခဏ ငဲ့စောင်း ကြည့်တတ်၏။ ခဏခဏ နာရီကို စောင်းကြည့်ပါများသဖြင့် ရက်ကြာလာသောအခါ ထိုယောဂီ၏ ခေါင်းသည် စောင်းစောင်းကြီး ဖြစ်နေတော့သည်။ နေကြာပွင့်များသည် နေဘက်သို့သာ လှည့်ပွင့်ပြီး စောင်းနေတတ်သဖြင့် ထိုယောဂီများကိုလည်း နာရီဘက်သို့ စောင်းနေတတ်သောကြောင့်
`နေကြာပွင့် ယောဂီ´ ဟု ခေါ်သည်။

တစ်ချို့သောသူများသည် တရားထိုင်ရင်း တစ်ရေးရအောင် အိပ်တတ်ကြ၏။ ယောဂီမလေးတစ်ဦးသည် သူ၏မိခင်ကို
ဝမ်းသာအားရ စကားတစ်ခွန်းပြော၏။ သူမသည် တရားစခန်းအတော်များများကို လိုက်ဝင်နေသူ ဖြစ်သည်။
သူ့ကိုယ်သူ ဝင့်ကြွားစွာ ပြောလိုက်သောစကားက-
"မေမေ သမီးလေ တရားစခန်းဝင်တာ နှစ်ကြာလာတာနဲ့ ပညာတစ်မျိုး တတ်လာပြီ သိလား".. "ဘာပညာလဲ သမီးရဲ့" "ထိုင်ရင်းအိပ်တဲ့ ပညာလေ"တဲ့။ ထိုယောဂီမျိုးကား `ထိုင်ရင်းအိပ်သော ယောဂီ´
များပင်ဖြစ်၏။

တစ်ချို့သော ယောဂီများမှာ ဆရာက တရားစစ်လျှင် မပြောတတ်မှာ စိုးသောကြောင့် ယောဂီဟောင်းများထံတွင် ဘယ်လိုမေးလျှင်
ဘယ်လိုဖြေရမည် ဆိုတာကို လေ့ကျင့်ထားကြ၏။ မေးလာလျှင် ထိုအတိုင်း ဖြေ၏။ ဤသို့သော ယောဂီမျိုးကိုကား `မုသား ယောဂီ´ဟု ခေါ်သင့်၏။

စာရှုသူများအား တရားမရမည့် ယောဂီအင်္ဂါ တရားရမည့် ယောဂီအင်္ဂါ နှင့် ဘုရားဟော တရားစစ် တရားမှန်အင်္ဂါများကို ဖော်ပြလိုက်ပါသည်။

တရားမရမည့် ယောဂီ၏ အင်္ဂါများ
-- -- -- -- -- -- -- -- -- --
(၁)ဆရာဖြစ်သူ ဘုရားရှင်အပေါ် မယုံကြည်ခြင်း။
(၂)ကျန်းမာရေး မကောင်းခြင်း။
(၃)ကောက်ကျစ်စဉ်းလဲသော စိတ်ရှိခြင်း။
(၄)အားထုတ်မှု ဝီရိယ မရှိခြင်း။
(၅)ထိုးထွင်း၍ သိနိုင်သော ဉာဏ်ပညာမရှိခြင်း။

တရားရမည့် ယောဂီ၏ အင်္ဂါများ
-- -- -- -- -- -- -- -- --
(၁)ဆရာဖြစ်သော ဘုရားအပေါ် ယုံကြည်ခြင်း။
(၂)ကျန်းမာရေး ကောင်းမွန်ခြင်း။
(၃)ရိုးသားဖြောင့်မတ်သော စိတ်ထားရှိခြင်း။
(၄)အားထုတ်မှု ဝီရိယရှိခြင်း။
(၅)ထိုးထွင်း၍ သိနိုင်သော ဉာဏ်ပညာရှိခြင်း။

တရားစစ် တရားမှန်၏ အင်္ဂါလက္ခဏာများ
-- -- -- -- -- -- -- -- -- -- -- --
ကပ်ငြိမှု ရာဂကင်းဖို့သာ ဖြစ်စေ၏။
ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲဖို့ မဖြစ်စေခြင်း။
သံယောဇဉ် ကင်းဖို့သာ ဖြစ်စေ၏။
သံယောဇဉ် တိုးပွားဖို့ မဖြစ်စေ။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့သာ ဖြစ်စေ၏။
ဝဋ်ဆင်းရဲ၌ နစ်မွန်းဖို့ မဖြစ်စေ။
အလိုရမ္မက်နည်းဖို့သာ ဖြစ်စေ၏။
အလိုရမ္မက်ကြီးဖို့ မဖြစ်စေ။
ရောင့်ရဲတင်းတိမ်မှုကိုသာ ဖြစ်စေ၏။
မရောင့်ရဲ မတင်းတိမ်မှုကို မဖြစ်စေ။
ကိလေသာတရားများနှင့် ကင်းဝေးဖို့သာ ဖြစ်စေ၏။
ကိလေသာတရားများနှင့် ပေါင်းဖော်ဖို့ မဖြစ်စေ။
ကြိုးစားအားထုတ်မှုကိုသာ ဖြစ်စေ၏။
နောက်ဆုတ်ပျင်းရိခြင်းကို မဖြစ်စေ။
ဒကာ ဒကာမများက လုပ်ကျွေးမွေးမြူရန်
လွယ်ကူဖို့သာ ဖြစ်စေ၏။
ဒကာ ဒကာမများက လုပ်ကျွေးမွေးမြူရန်
ခဲယဉ်းမှုကို မဖြစ်စေ။

ဤကဲ့သို့သော တရားမျိုးသည် အပါယ်လေးပါး မကျအောင် ရွက်ဆောင်တတ်သော သဘောဓမ္မဖြစ်၏။ ကိလေသာအပူကို ပယ်ဖျောက်ကြောင်း ဝိနယဖြစ်၏။ မြတ်စွာဘုရားရှင်တို့၏ အဆုံးအမ
(သတ္တုသာသန)ဖြစ်၏။

ထိုသဘောတရားများနှင့် ဆန့်ကျင်ဘက် ရာဂဖြင့် ကပ်ငြိရေး
သံယောဇဉ်တိုးပွားရေး စသော အင်္ဂါများနှင့် ပြည့်စုံနေလျှင် အဓမ္မ အဝိနယ အသတ္တုသာသနအဖြစ် ဆုံးဖြတ်နိုင်သည်။
(အင်္ဂုတ္တုရ်ပါဠိတော် အဋ္ဌကနိပါတ် သံခိတ္တသုတ်)


မေတ္တာရှင်(ရွှေပြည်သာ)၏ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။

စေတနာမေတ္တာအရင်းခံဖြင့်-
Shared from Ma Ohnmar Shin (FB)

No comments:

Post a Comment