Friday, July 4, 2014

ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါ


လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အပူအညစ်များ ကင်းဝေးဖြူစင် နေပါတယ်။ ဘုရားရှင်ကို သတိရနေသောစိတ်က မကောင်းသော အကုသိုလ်များ မပြုမိအောင် တားဆီးနိုင်စွမ်း ရှိပါတယ်။

တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ တိလောက၀ိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိလောက၀ိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါတယ်။
နောက်... ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်း များစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့ ဆောက်လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာတော်တွေထိုင်ဖို့ အခင်းတွေ၊ သောက်သုံးဖို့ ရေအိုးတွေ၊ နေဖို့ အခန်းတွေ စသည်ဖြင့် ကျောင်းတစ်ခုမှာ လိုအပ်တာတွေ အကုန် ပုံဖေါ်လိုက်ပါတယ်။ ပြီးမှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ပင့်ပြီး စိတ်ကူးနဲ့ ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ရုံတင်မကပါဘူး၊ တစ်ပါးစီကို တိစီဝရိတ်သင်္ကန်း သုံးထည်စီကိုလည်း စိတ်ကူးနဲ့ လှူလိုက်ပါသေးတယ်။ ဆွမ်းစားပြီးတဲ့အခါ ကိုယ့်အခန်းကို ကိုယ်ဝင်ပြီး နားစေပါတယ်။ ဈာန်ဝင်စားစေပါတယ်။ ကျောင်းဆောင်ရဲ့ အရပ်လေးမျက်နှာမှာ ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ ရေကန်ကြီး
လေးကန်ကိုလည်း စိတ်ကူးနဲ့ တည်ဆောက်လိုက်ပါတယ်။ နံဘေးမှာ ပန်းဥယျာဉ်တွေကိုလည်း စိတ်ကူးနဲ့ ပုံဖေါ်လိုက်ပါတယ်။ မင်းကြီးရဲ့ ဆွမ်းကျွေးပွဲကို ရောက်လာတဲ့ လူ၊ နတ်၊ ဗြဟ္မာ အားလုံးကိုလည်း စိတ်ကူးနဲ့ မိမိပြုတဲ့ ကုသိုလ်အဖို့ကို အမျှပေးဝေ လိုက်ပါသေးတယ်။

ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း စိတ်ကူးနဲ့ ပုံဖေါ်ပြီး လှူနေလိုက်တာ သက်တမ်းနဲ့အမျှ ပါပဲ။ တိလောက၀ိဇယမင်းကြီး သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်ပါတယ်။ ပုံတော်ကို အာရုံပြုပြီး ကောင်းကျိုးရသွားပါတယ်။ တိလောက၀ိဇယမင်းကြီးရဲ့ ၀တ္ထုဟာ တကယ့်မှတ်သားစရာပါပဲ။ စိတ်ကူးနဲ့ ကျောင်းဆောက်၊ စိတ်ကူးနဲ့ ဆွမ်းကျွေး၊ စိတ်ကူးနဲ့ သင်္ကန်းလှူ၊ စိတ်ကူးနဲ့ ရေစက်ချ လူနတ်ဗြဟ္မာတွေကို နေ့တိုင်း အမျှဝေ၊ သေလွန်တဲ့အခါ နတ်ပြည်ရောက်သွားရတာဆိုတော့ အားနေတဲ့အခါလေးတွေမှာတောင် တောင်တွေးမြောက်တွေး တွေးမနေဘဲ တိလောက၀ိဇယမင်းကြီးလို စိတ်ကူးနဲ့ လှူနေရင်လဲ အကုသိုလ်မ၀င်ဘဲ ကုသိုလ်ဖြစ်ပါတယ်။
တိလောက၀ိဇယမင်းကြီးရဲ့ ၀တ္ထုကြောင်းကို သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့လည်း တောင်တွေးမြောက်တွေး တွေးနေမယ့်အစား အကျိုးရှိရှိ ကုသိုလ်စိတ်နဲ့ နေနိုင်ကြကာ
အေးချမ်းတည်ငြိမ်တဲ့ ဆင်းရဲကင်းရာ နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

{ ရဝေနွယ်(အင်းမ)၏ ပုံတော်နှင့် ဂုဏ်တော်ကို ကိုးကားရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment