Friday, July 4, 2014

အပါယ်လေးပါးသို့ မလားရောက်လိုသော်


ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များတွင် ရှေးဘ၀၊ နောင်ဘ၀ရှိတယ်ဆိုတာ ဖြစ်စဉ်သာဓကများနှင့် ဟောကြားခဲ့သလို ဗုဒ္ဓဘာသာများကလည်း ယုံကြည်ကြပါတယ်။ တမလွန်ဘ၀ဆိုတာ ရှိနေသေးတဲ့အတွက်ကြောင့် ယခုဘ၀အရေးတင်မက နောင်ဘ၀အရေးအတွက်ပါ ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ ရှိအောင်လုပ်ကြရပါမယ်။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ယခုဘ၀တာ ချုပ်ငြိမ်းပြီးနောက် အပါယ်လေးပါးသို့ ကျရောက်မည်ကို မလိုလားကြပါ။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးဘုံကားများစွာ အောက်တန်းကျလှပြီး ဒုက္ခမီးအလျှံဖြင့် အစဉ် ပူပြင်းလောင်ကျွမ်းနေသော ဘုံများ ဖြစ်သောကြောင့်ပါ။ အကယ်၍ ကျရောက်ခဲ့သော် ဆိုးကျိုးကား မတွေးဝံ့အောင်ပင် ဖြစ်ပါသည်။
ဒါကြောင့် အပါယ်လေးပါးသို့ မလားရောက်လိုသော် အဘယ်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ဖြစ်ကြောင်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီးက သြ၀ါဒပေးတော်မူသည်မှာ=.. 

“ ဘုရားကို သြကာသ၊ သြကာသနှင့် ရှိခိုးနေလို့ မပြီးသေးဘူး။ ဘုရားဂုဏ်တော်တွေကို တစ်ပါးပြီးတစ်ပါး လေ့လာပါ။ တရားဂုဏ်တော်တွေကို တစ်ပါးပြီးတစ်ပါး လေ့လာပါ။ မြန်မြန် မလေ့လာပါနှင့်။ နှစ်ပေါင်းများစွာ ကြာချင်ကြာပါစေ။ တစ်ပါးပြီးတစ်ပါး လေ့လာလို့ သဘောကျတဲ့ ဂုဏ်တော်တွေကို ထပ်ခါထပ်ခါ အာရုံပြုပြီးတော့ ရှိခိုးတဲ့အခါ အာရုံယူ၊ အဲဒါ ဗုဒ္ဓါနုဿတိ ကမ္မဌာန်းပဲ။ သြကာသ သြကာသတင် လုပ်မနေပါနှင့်။
ပြီးတော့မှ အားလုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ၀ိပဿနာရှုပါ။ တစ်မိနစ်လောက်နေပါ။ အချိန် အကြာကြီးမဟုတ်ပါဘူး။ အဲဒီလိုနေပါ။ ငါးပါးသီလလုံတယ်။ ဘုရား၊ တရား၊ သံဃာဂုဏ်တော်တွေကို သိတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုတယ်။ ဒီလိုဆိုရင် အပါယ်မကျဘူး။ ရဲရဲတင်းတင်းသာနေ။ အပါယ်မကျဘူး။ ” လို့ ရဲရဲဝံ၀ံ အာမခံထားပါတယ်။

ဒါကြောင့်မို့ မိမိတို့တစ်တွေလည်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး သြ၀ါဒပေးတော်မူသည့် နည်းအတိုင်း ကျင့်ကြံအားထုတ်မှုကြောင့် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မြတ်သထက် မြင့်မြတ်ကာ ရရောက်နိုင်တဲ့ မဂ်ဉာဏ် ဖိုလ်ာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်တဲ့၊ စံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။

{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏သြ၀ါဒတော်များကို ကိုးကားရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
-----------------------------------------------
“ ဂုဏ်အလှ ”
=========
* ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
* ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်၊
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက၊ ခွာ၍ရ။
* ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ၊ ကွာမကျ။ ။
(ဇော်ဂျီ)

No comments:

Post a Comment