Tuesday, July 22, 2014

နဝမ ဗန်းမော်ဆရာတော်ကြီး၏ အမှာစကား


“ဥဇု စ သုဟုဇုစ” .....

ဥဇု-ဆိုတာ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

သုဟုဇု-ဆိုတာ စိတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

မေတ္တာပွားများတဲ့နေရာမှာဖြစ်စေ၊ အခြားလောကဓမ္မကြီးပွားရေး၊ စီးပွားရေး လုပ်တဲ့နေရာမှာဖြစ်စေ အင်မတန်အရေးကြီးသောကြောင့် “ဥဇုစ သုဟုဇုစ” ဟု မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်တိုင် အထူးဆင့်ပြီး ဟောတော်မူခြင်း ဖြစ်ပါ၏။

မရိုးသား၊ မဖြောင့်မတ်ရင် မေတ္တာတရား မထားနိုင်သလို လောကဓမ္မ အကျိုးစီးပွားများလည်း မဖြစ်ထွန်းနိုင်ပါ။

ပဓာနိယင်္ဂအင်္ဂါငါးပါးထဲမှာ လောကဓမ္မ ကြီးပွားချမ်းသာဘို့အတွက် တတိယအင်္ဂါအနေနဲ့ ဥဇု-ရိုးသားဖြောင့်မတ်ရမယ်၊ သုဟုဇု-အလွန့်အလွန် ရိုးသားဖြောင့်မတ်ရမယ်ဟု လာရှိပါသည်။

ကောင်းပြီ၊ ဒါဖြင့်ရင် ဥဇု-ကိုယ်နှုတ်အားဖြင့် ရိုးဖြောင့်သူ၊ သုဟုဇု-စိတ်အားဖြင့် ရိုးဖြောင့်သူဆိုတာ ဘယ်လိုအင်္ဂါလက္ခဏာတွေ ရှိသလဲလို့ ပြောကြည့်ရအောင် .....

(၁) မောင်ဖြူအတွက် ရလာတဲ့ဝေစုကို မောင်ဖြူ မသိသော်လည်းေ
မာင်နီက မူရင်းအတိုင်း မောင်ဖြူကို ပေးလိုက်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၂) ကာယကံရှင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မတရားတဲ့ အခွင့်အရေးကို မတရားဘူးထင်ရင် မယူခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၃) တဘက်က စောင့်စည်းမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စောင့်စည်းရမည့် တာဝန်ဝတ္တရား ရှိသည့်နေရာ၌ စောင့်စည်းနိုင်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၄) မိမိမစားထိုက်၊ မသုံးထိုက်ဟု လက်ခံယုံကြည်ထားသည့်အရာကို မစားမသုံးဘဲနေခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၅) မူရင်းအတိုင်း တိုက်ရိုက်မပြောဆိုဘဲ အကြောင်းဥပါယ် နည်းပရိယာယ်နှင့်ပြောလျှင် ရပါလျက်... မပြောဘဲ မူရင်းအတိုင်း ပြောဆိုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၆) လူတို့ အထင်ကြီးခံရသည်ဖြစ်စေ၊ အထင်သေးခံရသည်ဖြစ်စေ၊ အ,သည် န,သည်ဟု အပြောခံရသည်ဖြစ်စေ၊ ဂရုမပြုဘဲ ပကတိ စိတ်ထဲရှိတဲ့အတိုင်း ပြုမူပြောဆိုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၇) မတရားတဲ့နည်းလမ်းနဲ့နေရာ အခွင့်အရေးတစုံတရာ ရယူမှု မပြုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၈) မဟုတ်မမှန်၊ လုပ်ကြံပြောဆိုခြင်း မုသာဝါဒ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲကောက်ကျစ်ခြင်း သာဌေယျ တို့ မရှိမှုသည် အဲဒါ ရိုးသားမှုပါ။

(၉) ယုံကြည်မှုခံရသူသည် ရိုးသားမှုရှိ၏။ ရိုးသားသူသည် ယုံကြည်မှုခံရ၏။ မျက်ကွယ်မှာ မျက်နှာလွှဲခဲပစ် မလုပ်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၁၀) မင်းအမတ်ကြီးမှစ၍ ဘုန်းဘုရားတို့အပါအဝင် ပြည်သူပြည်သား ဆင်းရဲသား နင်းပြားပါမကျန် လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိသော အရာသည် ရှိ၏။ ထိုအရာသည် ရိုးသားမှုပါ။

(၁၁) လောက၌ ငွေကြေးဥစ္စာ ရာထူးဂုဏ်ဝါတို့ဖြင့် တန်ရာတန်ကြေးပေး၍ ဝယ်ယူမရနိုင်သော အရာသည် ရှိ၏။ ထိုအရာသည် ရိုးသားမှုပါ။

(၁၂) ယော၊ အကြင်သူသည်၊ ဥဇုဘူတော၊ ဖြောင့်မတ်၏။ အ ကုဋိလစိတ္တော၊ မကောက်ကျစ် မစဉ်းလဲတတ်။ သီလဝါ၊ ကိုယ်ကျင့်သိက္ခာရှိ၏။ ကာယဝင်္ကာဒိရ ဟိတော၊ ကိုယ်၏ကောက်ကျစ်မှု စသည်တို့မှ ကင်း၏။ (ဝါ) ကိုယ်၏ကောက်ကျစ်မှု၊ နှုတ်၏ လိမ်လည်လှည့်ဖြားမှု၊ စိတ်၏ မမှန်ကန်မှုတို့မှ ကင်း၏။ သော၊ ထိုသူသည်။ ဥဇု ရိုးသားဖြောင့်မတ်သူ။ သုဟုဇု၊ အလွန့်အလွန် ရိုးသားဖြောင့်မတ်သူ ဟူ၍။ တုမှေ၊ သင်သူတော်ကောင်းတို့သည်။ ဂဏှထ၊ ရိုးရေသားဖေါက် ရိုးတွင်းချဉ်ဆီခိုက်အောင် မှတ်ကြလေကုန်။

နဝမဗန်းမော်ဆရာတော်
၂၈-၆-၂၀၀၉
Buddhavasa Tiloka

No comments:

Post a Comment