လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာတစ်ယောက်ကတော့ “က္ကုရိယာပုထ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်းပြုပြင်လိုက်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်” လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။ သမထ၊ ၀ိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ “အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဥာဏ် ဖြစ်နိုင်တယ်။” ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထတော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီလိုသည်းခံပြီး ရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲပင်ပန်းရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိ၊ သမာဓိ၊ ပညာတွေ ဖြစ်ပွားနေလို့ပါပဲ။
မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ်ဆိုရင် ထိုင်ခြင်းက္ကုရိယာပုထ်ကို မပြင်ဘဲ တစ်ထိုင်အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မနစ်မဆုတ် အားထုတ်တာကို ပိုပြီးနှစ်သက်တော်မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ “ငါ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး” လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက်အားထုတ်နေရင် အဲဒီလိုအားထုတ်သော ရဟန်းဖြင့် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတောကျောင်းတိုက်ဟာ တင့်တယ်နိုင်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီလို ရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံပြီးရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ်နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်းရောက်တယ်။ ဘုရားစကားကို ပယ်ဖျက်ရာလည်းရောက်တယ်။ မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ၊ ပညာ ကောင်းကောင်းဖြစ်မည့် ယောဂီတို့အား သမာဓိ ပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။
ခန္တီသံဝရ
ဘိက္ခဝေ- ရဟန်းတို့၊ က္ကုဓ ဘိက္ခု- ဤသာသနာတော်က ရဟန်းသည်၊ ပဋိသင်္ခါ ယောနိသော- သင့်သောအကြောင်းဖြင့် ဆင်ခြင်၍၊ ခမော ဟောတိ သီတဿ-အအေးကို သည်းခံ၏။ ဥဏှဿ- အပူကို သည်းခံ၏၊ ဇိဃစ္ဆာ ပိပါသာယ- အစာဆာခြင်း ရေဆာခြင်းကို သည်းခံ၏၊ ဍံသမကသ ၀ါတာ တပ သရီသပ သမ္ဖဿာနံ- မှက် ခြင် လေ နေပူ မြွေကင်းတို့ ကိုက်ခြင်း ထိခြင်း အတွေ့တို့ကို သည်းခံ၏၊ ဒုရုတ္တာနံ ဒုရာဂတာနံ ၀စနပထာနံ- အပြစ်တင် စွပ်စွဲဆဲဆိုစကားတို့ကို သည်းခံ၏၊ ဥပ္ပန္နာနံ သာရီရိကာနံ ဝေဒနာနံ ဒုက္ခာနံ- ဖြစ်ပေါ်လာသည့် ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတို့ကို၊ တိဗ္ဗာနံ ခရာနံ ကဋုကာနံ- ကြမ်းတမ်းထက်မြက် အခံခက်လှသည့် ဒုက္ခဝေဒနာတို့ကို၊ အသာ တာနံ အမနာပါနံ ပါဏဟရာနံ- သာယာဖွယ် နှစ်လိုဖွယ်မဟုတ် ရွံမုန်းကြောက်ရွံ့ဖွယ်ဖြစ်ကုန်သော အသက်ကို ဆောင်တတ်သေစေတတ်ကုန်သော ဒုက္ခဝေဒနာတို့ကို၊ အဓိဝါနဇာတိကော ဟောတိ- သည်းခံတတ်သောသဘော ရှိ၏။
ဘိက္ခဝေ- ရဟန်းတို့၊ ဟိ- အကျိုးကား၊ အနဓိဝါသယတော- ယင်း အအေး အပူ အစာဆာမှု ရေဆာမှု မှက် ခြင် စသည်တို့၏ အတွေ့ စကားဆိုး ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတို့ကို သည်းမခံလျှင်၊ အဿ- ထိုရဟန်းအား၊ ယံ ဥပ္ပဇ္ဇေယျုံ အာသ၀ါ ၀ိဃာတပရိဠဟာ- အကြင်အာသ၀တို့နှင့် ပင်ပန်းဆင်းရဲခြင်း ပူလောင်ခြင်းတို့ ဖြစ်ကုန်နိုင်၏၊ အဓိဝါသတော အဿ- သည်းခံသော ထိုရဟန်းအား၊ ဧ၀ံ- ဤဆိုခဲ့သည့်အတိုင်း သည်းခံခြင်းကြောင့်၊ တေ အာသ၀ါ ၀ိဃာတ ပရိဠဟာ နဟောန္တိ- ထိုဖြစ်နိုင်သည့် အာသ၀တို့နှင့် ပင်ပန်းဆင်းရဲခြင်း ပူလောင်ခြင်းတို့သည် မဖြစ်ကြဘဲ ကင်းငြိမ်းလေကုန်၏၊ ဘိက္ခဝေ- ရဟန်းတို့၊ က္ကုမေ အာသ၀ါ- သည်းမခံလျှင် ဖြစ်နိုင်သော ဤအာသဝေါတို့ကို၊ အဓိဝါသနာ ပဟာတဗ္ဗာ- သည်းခံမှုဖြင့် ပယ်အပ်ပယ်ထိုက်သည့် အာသဝေါတို့ဟူ၍၊ ၀ုစ္စန္တိ၊ ခေါ်ဆိုအပ်ကုန်၏။ (မ ၁၊ ၁၁၃)
အထက်ပါ သဗ္ဗာသ၀သုတ်ပါဠိတော်၌ သေလောက်အောင် ပြင်းထန်သည့် ဒုက္ခဝေဒနာကိုတောင် သည်းခံရန် မြတ်စွာဘုရားက ညွှန်ကြားထားတော်မူပေသည်။ ယင်းညွှန်ကြားချက်ကို လေးလေးနက်နက် သတိပြုအပ်၏။ ထို့ပြင် ယင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၌ “လောမသနာဂထေရ်သည် အန္တရဋ္ဌက ခေါ် နတ်တော် ပြာသို တပို့တွဲလပြည့်၏ ၀န်းကျင်ရှစ်ရက်အတွင်း နှင်းကျသောကာလ၌ လောကန္တရိက်ငရဲ၏ အအေးကို ဆင်ခြင်၍ ကမ္မဋ္ဌာန်းကို မစွန့်ဘဲသာလျှင် နေမြဲဖြစ်သော ဟင်းလင်းပြင်အရပ်၌ အချိန်ကုန်စေသည်” ဤသို့ စသည်ဖြင့် ခန္တီသံဝရကို အလေးပြု၍ ကျင့်သုံးပုံကို များစွာသော သတ္ထုတို့ဖြင့် ပြထားပေသည်။
သို့ဖြစ်၍ အနည်းငယ်မျှ ညောင်းရုံ ပူရုံ နာကျင်ရုံမျှဖြင့် မူလနေမြဲ က္ကုရိယာပုထ်ကို မပြင်သင့်။ သည်းခံ၍ နေမြဲက္ကုရိယာပုထ်ဖြင့်သာ ရှုနေအပ်၏။ စွမ်းနိုင်ပါမူ အသက်ကိုတောင် မငဲ့ဘဲ ရှုမြဲရှုနေအပ်၏။ ယင်းသို့ သည်းခံ၍ ရှုခြင်းဖြင့် ခန္တီသံဝရနှင့် ၀ိပဿနာ သမာဓိဥာဏ်များ ဖြစ်ပွားနိုင်ပါသည်။ သည်းမခံနိုင်လောက်အောင် ဖြစ်သောအခါ၌မူ သမာဓိ၊ သတိ၊ ဥာဏ်များ မပျက်အောင် အထူးဂရုစိုက်၍ ပြုပြင်အပ်ပေသည်။
အချို့က အတ္တကိလမထအကျင့် ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဘုရားအလိုတော်နဲ့ ဆန့်ကျင်ပြီး ယူဆပြောဟောနေကြတယ်။ သူတို့ပြောပုံက အပင်ပန်းခံပြီး တရားအားထုတ်တာကိုလည်း အတ္တကိလမထ ဖြစ်တယ်လို့ ဒီလိုလည်း ပြောကြတယ်။ အဲဒီတော့ မြတ်စွာဘုရား၏ အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါပဲ။ မြတ်စွာဘုရားက ကိုယ်နှင့်အသက်ကိုတောင် မငဲ့ကွက်ဘဲ သမာဓိ၊ ပညာ ဘာဝနာအလုပ်ကို ပြင်းပြင်းထန်ထန် အားထုတ်ဖို့ တိုက်တွန်းထားပါတယ်။ “အရေမျှ အကြောမျှ အရိုးမျှ ကျန်ချင်လဲ ကျန်ပါစေ၊ အသားအသွေးတွေ ခြောက်သွားချင်လည်း ခြောက်သွားပါစေ အလိုရှိအပ်တဲ့ မဂ်ဖိုလ်တရားထူးကို မရမချင်း မရပ်မနားဘဲ အားထုတ်သွားမယ်” လို့ ဒီလိုအဓိဋ္ဌာန်ပြုပြီး ထက်ထက်သန်သန် အားထုတ်ဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။ ဒါကြောင့် သမာဓိ၊ ပညာ ဖြစ်စေနိုင်တဲ့ ဘာဝနာအလုပ် အားထုတ်တာကိုတော့ အတ္တကိလမထာနုယောဂလို့ မဆိုရဘူး။
သမာဓိပညာ ဖြစ်စေနိုင်တဲ့အကျင့်ကို ထားလိုက်ပါဦးတော့၊ သီလကိုကျင့်ရာမှာတောင် ကိုယ်ပင်ပန်းပေမယ့် အတ္တကိလမထာနုယောဂလို့ မဆိုရဘူး။ စဉ်းစားကြည့်ပါ။ ရှစ်ပါးသီလ ဆောက်တည်ကျင့်သုံးနေတဲ့ တချို့လူငယ်တွေမှာ ထမင်းဆာနေပါလျက် ညနေပိုင်း ညပိုင်းမှာမစားဘဲ ကြဉ်ရှောင်နေရတာဟာ မဆင်းရဲပေဘူးလား။ တချို့ ရှင်ငယ် ရဟန်းငယ်များမှာလည်း ဆာနေပါလျက်နဲ့ ညနေပိုင်း ညပိုင်းမှာ မစားဘဲ ကြဉ်ရှောင်နေရတာ မဆင်းရဲပေဘူးလား။ ဆင်းရဲကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ သီလပြည့်စုံစေတဲ့အကျင့် ဖြစ်တဲ့အတွက် အတ္တကိလမထအကျင့်လို့တော့ မဆိုရဘူး။
အချို့လူတွေမှာ ပဏာတိပါတ စသည်မှ ကြဉ်ရှောင်ပြီး အနစ်နာခံနေရတာဟာ ဆင်းရဲတာပဲ။ ဒါပေမဲ့ သီလပြည့်စုံစေတဲ့အကျင့် ဖြစ်တဲ့အတွက် အတ္တကိလမထအကျင့်လို့ မဆိုရဘူး။ အဲဒီလို အဆင်းရဲခံပြီး ကျင့်တာကို မြတ်စွာဘုရားက “ပစ္စုပ္ပန်မှာ ဆင်းရဲပေမယ့် နောင်အခါ ကောင်းကျိုးကို ရစေနိုင်တဲ့ အကျင့်ဖြစ်တယ်” လို့ ချီးမွမ်းပြီး မူလပဏ္ဏာသ မဟာဓမ္မသမာဒါနသုတ်(နှာ- ၃၈၈-၉)မှာ ဟောထားပါတယ်။ ဟောပုံအတိုချုပ်ကတော့
က္ကုစ ဘိက္ခဝေ ဧကစ္စော- ရဟန်းတို့ ဤလောက၌ အချို့ပုဂ္ဂိုလ်သည်၊ သဟာပိ ဒုက္ခေန သဟာပိ ဒေါမနေဿန- ကိုယ်ဆင်းရဲ ပင်ပန်းခြင်း စိတ်ဆင်းရဲ ပင်ပန်းခြင်းနှင့် တကွသော်လည်း၊ ပါဏာတိပါတာ ဝေရမဏိပစ္စယာ စ- သတ်မှုမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း၊ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေ ဒေတိ- ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏။ (ပေယျာလ) သဟာပိ ဒုက္ခေန သဟာပိ ဒေါမနေဿန၊ ကိုယ်စိတ်ဆင်းရဲခြင်းနှင့် တကွသော်လည်း၊ သမ္မာဒိဋ္ဌိ- အယူမှန်ကိုသာ ယူသည်၊ ဟောတိ- ဖြစ်၏၊ သမ္မာဒိဋ္ဌိပစ္စယာစ- အယူမှန်ကို ယူခြင်းကြောင့်လည်း၊ ဒုက္ခံ ဒေါမနဿံ- ကိုယ်စိတ်ဆင်းရဲကို၊ ပဋိသံဝေဒေတိ- ခံစားရ၏၊ သော- မျက်မှောက်ဘ၀၌ အဆင်းရဲခံ၍ တရားကျင့်သော ထိုပုဂ္ဂိုလ်သည်၊ ကာယဿ ဘေဒါ ပရံ မရဏာ- သေသည်မှ နောက်၌၊ သုဂတိံ သဂ္ဂံ လောကံ- သုဂတိနတ်လောကသို့၊ ဥပပဇ္ဇတိ- ကပ်ရောက်ဖြစ်ရ၏၊ ဘိက္ခဝေ- ရဟန်းတို့၊ က္ကဒံ ဓမ္မသမာဒါနံ- ဤသုစရိုက် ၁၀ ပါးဆောက်တည်ကျင့်သုံးခြင်းကို၊ ပစ္စုပ္ပန္နဒုက္ခံ- မျက်မှောက်ပစ္စုပ္ပန်ဘ၀၌ ဆင်းရဲ၍၊ အာယတိံ သုခ၀ိပါကံ- နောင်ဘ၀၌ ကောင်းကျိုးပေးတတ်သော အကျင့်ဟူ၍၊ ၀ုစ္စတိ- ခေါ်ဆိုအပ်၏ တဲ့။
ဒါကြောင့် သီလ၊ သမာဓိ၊ ပညာကို ဖြစ်စေတတ်တဲ့အကျင့်ဆိုရင် (အနတ္ထသံဟိတ မဟုတ်၊ အတ္ထသံဟိတ၊ အကျိုးစီးပွားနှင့် စပ်ဆိုင်တဲ့အကျင့် ဖြစ်၍) မမှီဝဲအပ်သည့် အတ္တကိလမထအကျင့်မဟုတ်၊ မှီဝဲအပ်သည့် မဇ္ဈိမပဋိပဒါအကျင့်ချည်းပဲလို့ ကိန်းသေမှတ်ထားကြရမယ်။ သီလ၊ သမာဓိ၊ ပညာ ဘာမျှမဖြစ်ဘဲ ကိုယ်ပင်ပန်းရုံမျှ အကျင့်ကိုသာ အတ္တကိလမထာနုယောဂလို့ ခေါ်တယ်။
(ဓမ္မစကြာတရားတော်ကြီး)
"သာမဏေကျော်" ရေးသားသော "မဟာစည် ဆရာတော်ဘုရားကြီး၏ ထူးခြားသော အတွေးအမြင်များ" စာအုပ်မှ ဓမ္မဒါနအလို့ငှာ ရိုက်ကူးမျှဝေပါတယ်။
ခိုင်ခိုင်
No comments:
Post a Comment