Thursday, July 10, 2014

ဓမ္မစကြာသုတ် အနှစ်ချုပ်


ဓမ္မစကြာဆိုတာ ဓမ္မစက္ကပါဠိတော်ကနေ လာတာပါ။

ဓမ္မစက္ကပဝတ္တနသုတ်လို့ ခေါ်တယ်။

ဓမ္မစက္က

သဒ္ဓါပညာစတဲ့ တရားတွေကို ဓမ္မ ခေါ်တယ်။

စက္ကဆိုတာ စကြာ စက် ဒီလိုဆိုလိုပါတယ်။

ပဝတ္တနဆိုတာ လည်ခြင်းပတ်ခြင်းကို ဆိုပါတယ်။

ဒီတော့ ဓမ္မစက္ကပဝတ္တနသုတ်တော် ဆိုတာ

တရားဓမ္မစက်ကြီး စတင်လည်ပတ်ခြင်းလို့ ဆိုတာပါ။

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၆၈မှာ ဖွားတော်မူတယ်။
သက်တော် ၂၉နှစ် မှာ တောထွက်တော်မူတယ်။
၆နှစ် ဒုက္ကရစရိယာ ကျင့်တော်မူတယ်။

သက်တော် ၃၅နှစ်မှာ ဘုရားဖြစ်တော်မူတယ်။

ဒီတော့ ဘုရားဖြစ်တော်မူတဲ့ သက္ကရာဇ်က

မဟာသက္ကရာဇ် ၆၈ + ၃၅ = မဟာသက္ကရာဇ် ၁၀၃ ခုနှစ်

ကဆုန်လပြည့်နေ့

ဘုရားဖြစ်ပြီး တစ်ဋ္ဌာနကို ခုနှစ်ရက် စံတော်မူတဲ့ သတ္တဋ္ဌာန ခုနှစ်ဋ္ဌာနဆိုတော့ ၄၉ ရက် စံတော်မူတယ်။

ဒီအချိန်ထိ ဘုရားရှင် တရားမဟောရသေးပါဘူး။

လင်းလွန်းပင်ရင်းမှာ မြန်မာပြည်သား တဖုဿနဲ့ ဘလ္လိက ညီနောင်နှစ်ဦးကိုသာ ဒွေဝါစိကသရဏဂုံ ပေးတော်မူတယ်ဟု မှတ်သားဖူးပါတယ်။

ထိုအချိန် သံဃာရတနာ မပေါ်သေးပါ။

ထိုသို့ ၄၉ ရက်စံပြီး ကဆုန်လပြည့် ဘုရားဖြစ်တဲ့နေ့ ကနေ
၄၉ ရက်ဆိုတော့ တစ်လခွဲကျော်တယ်။

ကဆုန်လပြည့် နယုန်လပြည့် ဆိုတစ်လ နယုန်လကွယ်ဆိုတော့ တစ်လခွဲ။

ဝါဆိုလဆန်း ၃ ရက်လောက်အထိက ဥရုဝေဠတောထဲမှာပဲ သတ္တဋ္ဌာန စံတုန်း။

ပြီးမှ ပဉ္စဝဂ္ဂီငါးပါး သီတင်းသုံးတဲ့ မိဂဒါဝုန်တောကို ခြေချင်ကြွတော်မူတာဆိုတော့

မဟာသက္ကရာဇ် ၁၀၃ခု ဝါဆိုလပြည့် စနေနေ့မှာ ရောက်ရှိတော်မူပါတယ်။

ဥရုဝေဠတောမှ မိဂဒါဝုန်တောကို ကြွတာ ၁၂ရက်လောက် ကြွတော်မူရတယ်။

ဒီမိဂဒါဝုန်တောမှာ ရွှေသမင်တွေ အလွန်ပေါပါတယ်။

ဒါကြောင့် မိဂဒါဝုန်တောလို့ခေါ်တာ။

အဲ့ဒီတောမှာ သီတင်းသုံးနေတဲ့ ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနံ အသဇ္ဇိ ငါးပါးနှင့်တကွ စကြာဝဠာ တစ်သောင်းတိုက်အပေါင်းက ခညောင်းကပ်လာ နတ်ဗြဟ္မာတို့အား မိမိ၏ သမ္မာသမ္ဗောဓိဥာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့သည့် သစ္စာလေးပါး တရားတော်မြတ်ကြီးကို စတင် ဟောကြားတော်မူတာ ဖြစ်ပါတယ်။

ဒီသစ္စာလေးပါး မြတ်တရားဆိုတာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ မဟောကြားနိုင်ပါ။

ဘုရားရှင်တို့ ပွင့်ထွန်းလာမှ နာကြားခွင့် ရကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားရှင်ဟာ ထိုမဟာသက္ကရာဇ် ၁၀၃ခုနှစ် ဝါဆိုလပြည့် စနေနေ့မှာ ထိုထို ဓမ္မစက်ကြီးကို နှုတ်တော်မှ စတင်ကာ ထုတ်ဖော်ကာ အစဉ်အတိုင်း ဟောကြားတော်မူပါတယ်။

ဒါကို တရားဓမ္မစက်ကြီး စတင်လည်ပတ်ပြီ။

မည်သူတစ်ဦးမျှ မဟောကြားနိုင်တဲ့ သစ္စာလေးပါး တရားတော်ကြီးကို ဘုရားအဖြစ်နဲ့ စတင် ဟောကြားတော်မူပြီ။

ဒါကြောင့် မြတ်စွာဟောပြ ထိုဒေသနာတော်မြတ်ကြီးကို

ဓမ္မစက္ကပဝတ္တနသုတ္တန်လို့ ဆိုရခြင်းပါ။

ထိုဟောကြားနေချိန်ဟာ လောကဓါတ်ကြီးတစ်ခုလုံး ဘယ်လောက် သာယာသလဲဆိုရင် လပြည့်နေ့ဖြစ်လေတော့ နေမင်းက အနောက်ဂေါ်ယာကျွန်းကို တစ်ဝက်ဝင်လုဆဲ လမင်းကြီးက အရှေ့ကျွန်းမှ ထွက်ပြူလတ္တံ့။

နတ်ဗြဟ္မာတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပြောင်

နေ နဲ့ လ နှစ်ရောင်စပ်

ရောင်ဝါတွေဟပ်ပြီး ရွှေသမင်လေးတွေကလည်း အနီးနားမှာ များစွာနဲ့ဆိုတော့ ဒီမိဂဓါဝုန်တစ်တောလုံးဟာ ရွှေရောင်အဆင်း ထိန်ဝင်းပြီးတော့ အလွန် သာယာလှပလို့ နေသတဲ့။

အဲ့ဒီလို တိတ်ဆိတ်ငြိမ်သက် အေးချမ်းတည်ငြိမ်လှတဲ့ ထိုတောအရိပ်ကြီးထဲမှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ

မိမိဘုရားအဖြစ် ရောက်စေခဲ့တဲ့ ဒီဓမ္မစက္ကပဝတ္တနဆိုတဲ့ ဓမ္မအနှစ်ချုပ်ကို စတင် ဟောပြတော်မူတာ ဖြစ်ပါတယ်။

ဒီလိုဟောပြလိုက်တဲ့အချိန်မှာ ပဉ္စဝဂ္ဂီတွေ တရားသိမြင်သွားကြတယ်။

တရားတော်ကို နှစ်သက်သွားကြတယ်။

ကောဏ္ဍညမထေရ်ကြီးက ဦးစွာ တရားသိမြင်သွားတယ်။

သောတာပန် တည်သွားတယ်။

ဒီအခါ စကြာဝဠာအပေါင်းက ကြွလာကြတဲ့ နတ်ဗြဟ္မာတွေဟာ
ဝမ်းမြောက်ဝမ်းသာစွာနဲ့ မြတ်စွာဘုရားရှင်ဟာ ဣတိပတနအမည်ရတဲ့ မိဂဒါဝုန်တောမှာ အလွန်မြင့်မြတ်လှတဲ့ ဓမ္မစက်ကြီးကို လှည့်နေပြီ။

ဒီမြတ်စွာဘုရား စတင်ဟောကြားတဲ့ တရားစကြာယာဉ်ကြီးကို မည့်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ ပြောင်းပြန်လည်အောင် မလှည့်နိုင်ဘူးဟေ့။ ဘယ်တန်ခိုးကြီးမား နတ်ဗြဟ္မာတွေကမှ ပြောင်းပြန်လည်အောင် မလှည့်နိုင်ပြီဟေ့... ဆိုပြီး မြေအပြင်မှ စတည်နေကြတဲ့ ဘုမ္မဇိုးနတ်တွေက သူတို့နဲ့စပ်နေတဲ့ စတုမဟာရာဇ်နတ်တွေ ကြားအောင်
စတုမဟာရာဇ်နတ်တွေက တာဝတိံတာနတ်တွေ ကြားအောင်
တာဝတိံသာနတ်က ယာမာနတ်တွေ ကြားအောင်
ယာမာနတ်တွေက တုသိတာနတ်တွေ ကြားအောင်
တုသိတာနတ်တွေက နိမ္မာနရတိနတ်တွေ ကြားအောင်
နိမ္မာနရတိနတ်တွေက ပရနိမ္မိတဝဿဝတီနတ်
တဖြည်းဖြည်းနဲ့ အထက်ဗြဟ္မာပြည်တွေအထိ
အဆင့်ဆင့်ဟစ်ကာ ကြွေးကြော်၍ ကောင်းချီးပေးကြလေတော့တယ်။

ဒီလိုမြေအပြင်မှာရှိတဲ့ ဘုမ္မဇိုးနတ်တွေကနေစပြီး နတ်ခြောက်ထပ် ဗြဟ္မာပြည်တိုင်အောင် ကောင်းချီးပေး ကြွေးကြော်သံဟာ ဘဝဂ်အထိ ညံလေတော့တယ်။

ထိုသို့ နတ်ဗြဟ္မာတွေက လူပြည်လောကမှာ ဘုရားပွင့်လို့ အခု ဣတိပတန မိဂဒါဝုန်တောမှာ တရားဓမ္မစက်ကြီးကို မည်သူမျှ ပြောင်းပြန်မလှည့်နိုင်လောက်အောင် စတင် ဟောကြားတောမူပြီဟေ့... လို့ အဆင့်ဆင့် ကြွေးကြော်သံကြီးဟာ နဘန်ထွင်းဖောက် ဘဝဂ်ရောက်အောင် သောသောညံလျက်

တေန ခဏေန တေန လယေန တေန မုဟုတ္တေန

ဒီလို ကြွေးကြော်သံတွေဟာ တစ်ခဏအတွင်း တစ်လယ အခိုက်အတန့်အတွင်း တစ်မုဟုတ်အတွင်း ဗြဟ္မာ့ပြည်အထိ ပြန့်နှံ့တာနဲ့
တစ်ခဏအတွင်း တစ်သောင်းသော လောကဓါတ်ကြီးဟာ
သာမန်တည်နေရာက အထက်အရပ်ကိုလည်းကောင်း
အထက်အရပ်ကနေ အောက်အရပ်ကိုလည်းကောင်း
တဖန် အရှေ့မှ အနောက်အရပ်
အနောက်မှ အရှေ့အရပ်
တောင်မှ မြောက်အရပ်
မြောက်မှ တောင်အရပ်
ဘယ်ညာတိမ်းကာ ယိမ်းထိုးလျက် တစ်သိမ့်သိမ့် တုန်လှုပ်လေတော့၏။

ထိုတစ်သောင်းသော စကြာဝဠာကြီး သိမ့်သိမ့်တုန်သည့်အခိုက်
ဒေသနာတန်ခိုး နတ်တန်ခိုးတွေကြောင့် ဖြစ်ပေါ်လာသော အရောင်အဝါ အလင်းများသည် ထင်ရှားမြူးကွန့် ထွက်ပေါ်၍ လာကြချေ၏။

ဤမျှလောက်ကို ဘုန်းကျက်သရေ အဖြာဖြာနဲ့ ပြည့်စုံတော်မူတဲ့ ဓမ္မစကြာအခါတော်နေ့ကြီးပါ။

ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက

!!!ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွားလျက် ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ဝါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျံတက် ဓမ္မစက်ကို မိန့်မြတ်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွှမ်းသည်ကိုးးးး....
လို့ ရေးဖွဲ့တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

.....

Credit to. Than Lwin
Shared from မောင်တင်မောင် -  တောင်ကြီး (FB)

No comments:

Post a Comment