Friday, July 11, 2014

သတ္တဝါမှန်သရွေ့ တရားတွေ့  ချမ်းမြေ့သာယာရှိပါစေ. . . . . . . . .


မြတ်စွာဘုရားက မလုပ်ရဘူးလို့ ပြောတဲ့ဟာက 'ဝါရိတ္တ' ,လုပ်ရမယ်လို့ ပြောတာက 'စာရိတ္တ' ,'ဝါရိတ္တသီလ'နှင့် 'စာရိတ္တသီလ'နှစ်မျိုးရှိတယ်။

မလုပ်ရဘူးလို့  ဆိုတာတွေသာ ရှေ့တန်းတင်ပြီးတော့ လုပ်ရမယ်ဆိုတာတွေကြတော့ မေ့ထားကြတယ်။

လုပ်သင့်တယ်ဆိုတာ လုံ့ လဝီရိယရှိရမယ်။ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံရမယ်။ မိတ်ကောင်းဆွေကောင်းတွေရှိအောင်ကြိုးစားရမယ်။ဝင်ငွေထွက်ငွေ မျှတအောင်သုံးစွဲတတ်ရမယ်ဆိုတဲ့ ဒီအခြေအနေကောင်းတွေ လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် မေ့ထားကြတယ်။

ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သံသရာထဲမှာ ဘဝတစ်ခု ရလာတဲ့အခါ အခြေအနေကောင်းတွေ ဖြစ်ပေါ်စေပြီးတော့ ချမ်းချမ်းသာသာ လူ့ ဘဝတစ်ခု ဖြတ်သန်းနေထိုင်သွားဖို့ ,သံသရာလည်တဲ့အခါမှာလည်းပဲ ချမ်းချမ်းသာသာ ဒီလိုဖြစ်ဖို့ အခြေအနေကောင်းတွေကို မြတ်စွာဘုရားက ဟောကြားထားတာဖြစ်ပါတယ်။ နောက်ဆုံး မည်သည့် ဘာသာတရားမှာမှ မပါတဲ့ လုံးဝဒုက္ခတွေ ချုပ်ငြိမ်းရာ ကိုယ်ကျင့်တရားနဲ့ အသိပညာတစ်ရပ်ကိုလည်း မြတ်စွာဘုရားက ဟောထားတယ်။ အဲဒီ တရားက ဘာလဲလို့ ဆိုလို့ရှိရင် ဝိပဿနာကျင့်စဉ်တရားပါပဲ ။

တစ်ချို့ က လူ့ လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ ဘဝအပေါ်မှာ တွယ်တာမှုဆိုတာ ရှိကြတယ်။
အတွယ်အတာရှိတဲ့ နေရာမှာ စိုးရိမ်မှုဆိုတာ ပေါ်လာတယ်။အတွယ်မရှိရင် စိုးရိမ်မှုမရှိပါဘူး။ကိုယ်မပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ မည်သူ့ မှ 'သောက'မဖြစ်ပါဘူး။ကိုယ်ပိုင်တဲ့ ပစ္စည်းတစ်ခုပေါ်မှာသာ 'သောက'ဖြစ်တယ်။ကိုယ်နှင့်မသိတဲ့ လူတစ်ယောက်အပေါ်မှာ 'သောက'မဖြစ်ပါဘူး။ကိုယ်နှင့်သိတဲ့ လူတစ်ယောက်အပေါ်မှာသာ'သောက'ဖြစ်ဖို့ ပါ။ 'သောက'ဟာ တွယ်တာမှုအပေါ်မှာ အခြေခံတယ်။

အဲဒီလို'သောက'ရှိနေသေးသမျှ မည်သူမှ စိတ်ချမ်းသာမှုဆိုတာ အပြည့်အဝ မရနိုင်ပါဘူး။ စိတ်ချမ်းသာမှု အပြည့်အဝရချင်လို့ရှိရင်'သောက' လို့ ဆိုတဲ့ တရားကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။အတွယ်အတာကို မဖယ်ရှားဘဲနဲ့ 'သောက'ကိုဖယ်ရှားဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တွယ်တာမှုကို ဖယ်ရှားမှသာ ဖြစ်ပါတယ်။

တွယ်တာမှုကို ဖယ်ရှားဖို့ အတွက် ဘာလုပ်ရမလဲ ဆိုလို့ ရှိရင် သဘာဝတရားတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားမြင်တဲ့ 'သမ္မာဒဿန'ဆိုတဲ့ 'သမ္မာဒိဋ္ဌိ'ဆိုတဲ့ ထူးခြားတဲ့ အသိဉာဏ်တစ်ခု ရှိရမယ်။ အဲဒီ ထူးခြားတဲ့ အသိဉာဏ်ဟာ ဝိပဿနာဉာဏ်လို့ ခေါ်တာပါ။ မှန်ကန်တဲ့အမြင်ရှိရမယ်။

ရုပ်တရားဟာ ရုပ်တရားသက်သက် ဖြစ်ပါတယ်။ 'ငါ'လို့ ပြောစရာမရှိပါဘူး။နာမ်တရားဟာ နာမ်တရားသက်သက်မျှ ဖြစ်ပါတယ်။'ငါ'လို့ ပြောစရာမရှိပါဘူး ရုပ်နှင့်နာမ် နှစ်ခုခွဲထားလိုက်မယ် ဆိုလို့ ရှိရင် လှုပ်ရှားမှုတို့ ,ပြောဆိုမှုတို့  ဒါတွေဟာ အကုန်လုံးရပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီလို ရုပ်နှင့်နာမ်ကို ခွဲခြားပြီးတော့ သိမြင်လာတာဟာ နာမရူပပရိစ္ဆေဒကဉာဏ် လို့ ခေါ်တယ်။ အဲဒီ အသိဉာဏ်ကို အဘိဓမ္မာ လေ့လာခြင်းဖြင့်ရနိုင်တယ်။

အဲတော့ မြတ်စွာဘုရားကိုယ်တော်မြတ် ဒုတိယပိုင်းမှာဟောတဲ့ သံသရာဝဋ်က လွတ်မြောက်ရာလမ်းဆိုတာ ဝိပဿနာကျင့်စဉ်ဖြင့် 'မဇ္ဈိမပဋိပဒါ' လို့ ခေါ်တဲ့ မှန်မှန်ကန်ကန် နားလည်ခြင်းပဲ။ ထို မှန်မှန်ကန်ကန် နားလည်ခြင်းဆိုတဲ့ အခြေအနေကိုရအောင် မှန်မှန်ကန်ကန်စဉ်းစားတတ်ခြင်းဆိုတဲ့ 'သမ္မာသင်္ကပ' , 'သမ္မာဝါယာမ'မှန်မှန်ကန်ကန် နည်းလမ်းတကျ စနစ်တကျ ကြိုးပမ်းအားထုတ်ခြင်း, 'သမ္မာသတိ'လို့ ခေါ်တဲ့ အာရုံကို မှန်ကန်စွာအမှတ်ရခြင်း ,အာရုံတစ်ခုတည်းအပေါ်မှာ မှန်ကန်တဲ့ နည်းလမ်းဖြင့် စူးစိုက်ခြင်း ,ဒီ မဂ္ဂင်ငါးမျိုး ဦးဆောင်ပြီးတော့ လုပ်သွားလို့ ရှိရင် မှန်ကန်စွာသိခြင်း ဆိုတာ ပေါ်လာမှာ ဖြစ်ပါတယ်။

ထို မှန်ကန်စွာသိခြင်းကသာလျှင် သံသရာထဲမှာ ဖြစ်စေတတ်တဲ့ ကိလေသာဆိုတဲ့ အကြောင်းတရားတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။
'ကိလေသာ'ဆိုတဲ့ အဆိုးတရားတွေ ဖယ်ရှားပစ်လိုက်ခြင်းဖြင့် ကောင်းကံ ဆိုးကံ ဆိုတာတွေဟာလည်းပဲ အကျိုးပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး ထိုကံတွေအားလုံး အကျိုးမပေးနိုင်တော့ဘူးဆိုရင် နောက်ဆုံး အကြောင်းတရားတွေ ပြတ်သွားပြီး ဒုက္ခတွေဟာ အကုန်လုံးချုပ်ငြိမ်းပြီးတော့ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဒါကိုပဲ ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်လို့  မြတ်စွာဘုရားက ဒုတိယပိုင်းမှာ ဟောတာပါ။

သံသရာထဲမှာနေရင်း ချမ်းသာသုခကို ရနိုင်တဲ့ နည်းလမ်းတွေ,နောက်ဆုံးမှာ ထိုချမ်းသာရတယ်ဆိုတောင် 'အိုခြင်း,နာခြင်း,သေခြင်း'ဆိုတဲ့ ဒုက္ခတွေက မလွတ်နိုင်ဘူး။ ဒုက္ခတွေမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ 'မဂ္ဂင်ရှစ်ပါး'အကျင့်တရားကို ကျင့်သုံးမှသာလျှင် လောကမှာရှိတဲ့ ပြဿနာမျိုးစုံ လုံးဝချုပ်ငြိမ်းပြီး လွတ်မြောက်မှာ ဖြစ်ပါတယ်။

ဒေါတ်တာ အရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment