Monday, July 21, 2014

သဒ္ဓါနှင့် ပညာ


မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာအဖွင့်တွင် သဒ္ဓါလွန်၍ ပညာနည်းသောသူသည် ကြည်ညိုဖွယ် မဟုတ်သောအရာ (လူလိမ်များ)၌ ကြည်ညိုတတ်သည်။ ပညာလွန်ကဲ၍ သဒ္ဓါနည်းသောသူသည် ကောက်ကျစ်စဉ်းလဲတတ်၏။ ဆေးလွန်ခြင်းကြောင့် ဖြစ်သောရောဂါသည် ဆေးကု၍ မရနိုင်သကဲ့သို့တည်း။ ကုသိုလ်ဟူသည် စိတ်ဖြစ်ရုံမျှဖြင့် ဖြစ်နိုင်၏။ ပညာလွန်၍ ဒါနစသည်တို့ကို မပြုသည်ရှိသော် ငရဲ၌ဖြစ်တတ်၏။ သဒ္ဓါနှင့် ပညာတို့ ညီမျှကုန်သည်ရှိသော် ကြည်ညိုထိုက်သော အရာ၌သာ ကြည်ညို၏ ဟုဖွင့်ဆိုပြထား၏။

ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းကို သဒ္ဓါဟုခေါ်၏။ ထိုသဒ္ဓါသည် လေးမျိုးရှိ၏။ ယင်းတို့ကား အာဂမသဒ္ဓါ အဓိဂမသဒ္ဓါ သြကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါ တို့ဖြစ်၏။

ထိုတွင် ဘုရားအလောင်းများတွင်ဖြစ်သော သဒ္ဓါကို အာဂမသဒ္ဓါ ဟုခေါ်၏။ အရိယာများတွင်ဖြစ်သော သဒ္ဓါကို အဓိဂမသဒ္ဓါ ဟုခေါ်သည်။ တွေးခေါ်မြော်မြင်တတ်သော ဥာဏ်ပညာနှင့်ယှဉ်သော သဒ္ဓါကို သြကပ္ပနသဒ္ဓါ ဟုခေါ်သည်။ ဥာဏ်ပညာမပါဘဲ အကန်းယုံ အရမ်းယုံသဒ္ဓါမျိုးကို ပသာဒသဒ္ဓါ ဟုခေါ်သည်။

ထိုလေးမျိုးတွင် နောက်ဆုံးနှစ်မျိုးသာလျှင် ပုထုဇဉ်များနှင့် ဆိုင်သည်။ ဘာသာရေးနှင့်ပတ်သက်ပြီး အလိမ်အညာခံရသောသူများသည် ဥာဏ်မပါသော ပသာဒသဒ္ဓါရှင်များဖြစ်၏။ ဥာဏ်ပါသော သြကပ္ပနသဒ္ဓါရှင်များကား အလိမ်အညာမခံရပေ။

သြကပ္ပနသဒ္ဓါရှင်ဖြစ်ရန် တရားနာကြားခြင်း စာကောင်းပေမွန်တို့ကို ဖတ်ရှုခြင်း ဆရာတော်ကောင်းတို့ထံ ဆည်းကပ်မေးမြန်းခြင်းတို့ကို ပြုသင့်ပေသည်။

******************************
(မေတ္တာရှင် ရွှေပြည်သာ)

No comments:

Post a Comment