Friday, July 4, 2014

အိမ်မှာပင့်ရှိတဲ့ဘုရား အားနာစရာကြီး


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို တည်ထားကိုးကွယ်ကြပါတယ်။ ယင်းသို့ တည်ထားကိုးကွယ်ရာ၌ ကြည်ညိုမှု သဒ္ဓါတရား အနည်းအများအပေါ် တည်မှီလျက် ကိုးကွယ်ပုံ အနေအထားချင်း မတူညီကြပါ။ မိမိအိမ်တွင် သက်ရှိထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သီတင်းသုံး စံပယ်တော်မူသကဲ့သို့ ရိုရိုသေသေ ကြည်ညို ကိုးကွယ်သူတို့လည်း ရှိကြပါတယ်။ မိရိုးဖလာ အစဉ်အလာအရ သာမန်မျှသာ သဘောထား၍ ကိုးကွယ်သူတို့လည်း ရှိကြပါတယ်။
ရုပ်ပွားတော်တွေကတော့ ဗုဒ္ဓဘာသာ မြန်မာပြည်သူတွေအတွက် တကယ့် အားကိုးအားထားရာပါ။ ရုပ်ပွားတော်ကို ဦးချလိုက်ရရင်ပဲ စိတ်ထဲက ပြည့်စုံကျေနပ်မှု တစ်ခုခုကို ရသွားကြပါတယ်။ 

ရုပ်ပွားတော်တွေကလည်း အရွယ်အစား မျိုးစုံပါ။ စပါးစေ့အရွယ် သေးသေးလေးကစပြီး အတောင်ငါးဆယ်ကျော်အရွယ် ကြီးကြီးမားမားအထိ ရှိကြပါတယ်။ အဲဒီလို ရုပ်ပွားတော် အသေးအကြီးတွေ ဖူးတွေ့ရတဲ့အခါ ဘဂ၀ါဂုဏ်တော်မှာပါတဲ့ အဏိမာဘုန်းတော်နဲ့ မဟိမာဘုန်းတော်ကို အာရုံပြုထားရပါမယ်။ အဏိမာဘုန်းတော်ဆိုတာက မြတ်စွာဘုရားရှင်ဟာ အဏုမြူမှုန်မျှ အလွန်သေးငယ်အောင် ဖန်ဆင်းပြီး ပရိက္ခရာ ရှစ်ပါးလွယ် မုံညင်းစေ့ အတွင်းမှာ စင်္ကြံကြွတော်မူနိုင်ပါတယ်။ မြတ်စွာဘုရား လက်ထက်တော်က ဗကဗြဟ္မာကြီးကို ကိုယ်ရောင်ဖျောက်ပြတဲ့ ဘုန်းတော်မျိုးပါ။ တကယ်လို့ ရုပ်ပွားတော် သေးသေးလေးတွေ ဖူးတွေ့ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ အဏိမာဘုန်းတော်ကို အာရုံပြုပြီး “ သြော်..မြတ်စွာဘုရားရှင်ဟာ အဏုမြူလောက် ဖန်ဆင်းပြီး မုံညင်း
စေ့ထဲမှာတောင် စင်္ကြံကြွနိုင်ပါတယ် ” လို့ ဆင်ခြင်ပြီး ပူဇော်ရပါမယ်။ 

မဟိမာဘုန်းတော်ဆိုတာက ကိုယ်တော်ကို ပကတိအနေအထားထက် ကြီးမားအောင်ဖန်ဆင်းတာပါ။ ပုံတော်သေးလျှင် အဏိမာပင်၊ ပုံတော်ကြီးလျှင် မဟိမာပင် တွေးကာပူဇော်ပါ။ လူတွေရဲ့ စိတ်ကလဲ ခက်တော့ခက်သား။ စပါးစေ့လောက်ရုပ်ပွားတော် ဖူးတွေ့ရတဲ့အခါ လက်ဦးချီရုံလောက်ပဲ ဖူးကြပါတယ်။ ဘုရားရုပ်ပွားတော် အကြီးကြီး၊ ကုန်ကျစရိတ်များများ၊ နာမည်ကြီးရုပ်ပွားတော် တွေ့တဲ့အခါမှာတော့ ပုတီးစိတ်၊ ပရိတ်ရွတ်၊ အဓိဌာန်ဝင် စသည်ဖြင့် အကြာကြီးဖူးလေ့ ရှိကြပါတယ်။ တကယ်တော့ ရုပ်ပွားတော်တွေ ဖူးတွေ့ရတဲ့အခါ “ သက်တော်ထင်ရှား မြတ်ဘုရား ” နဲ့ တစ်စိတ်တည်းထားနိုင်ရပါမယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သီတင်းသုံး နေထိုင်တော်မူသကဲ့သို့ သဘောထားရပါမယ်။

သီတင်းကျွတ်ကာလ ရောက်ပြီဆိုလျှင် မြန်မာပြည်အနှံ ဘုရားဖူးသွားလေ့ ရှိကြပါတယ်။ တစ်ခါတုန်းက ရွာတစ်ရွာမှာ အမျိုးသမီးတစ်စု ရွာဦးကျောင်း ဆရာတော်ဘုရားကို “ ဘုရားတပည့်တော်တို့ မြန်မာပြည်အနှံ တန်ခိုးကြီဘုရားများကို ဘုရားဖူး သွားမလို့ပါ ” လို့ လျှောက်သတဲ့။
ခရီးဝေးသွားရင် ရွာဦးကျောင်း ဆရာတော်ကို လျှောက်ပြီးသွားကြတာ ရွာရဲ့ဓလေ့တစ်ခုပါ၊ ရွာဦးကျောင်း ဆရာတော်ရဲ့ အဆုံးအမ ခံယူလေ့ ရှိကြပါတယ်။ ဒီတော့ ဆရာတော်ဘုရားက.........
“ တိုးတိုးပြောကြပါဟာ။ နင်တို့အိမ်မှာပင့်ရှိထားတဲ့ဘုရား အားနာစရာကြီး ” လို့ ပြန်မိန့်ပါသတဲ့။
ဆရာတော်ဘုရား စကားက တွေးရင် တွေးသလောက် တာသွားတာပါ။ ဆရာတော်ဘုရားက မြတ်စွာဘုရား ၀ိမာန၀တ္တု ပါဠိတော်မှာ ဟောထားတဲ့ ဂါထာကို အခြေပြုပြီး မိန့်ပုံရပါတယ်။
“တိဌန္တေ နိဗ္ဗူတေစာပိ၊ သမေစိတ္တေ သမံဖလံ။ ”
“ စေတောပဏိဓိဟေတုဟိ။ ”
“ သတ္တာ ဂစ္ဆ န္တ သုဂ္ဂတိ။ ”
သက်တော်ထင်ရှား မြတ်စွာဘုရားရယ်၊ ပရိနိဗ္ဗာန်စံသွားတဲ့ မြတ်စွာဘုရားရဲ့ ကိုယ်စား ရုပ်ပွားတော်ရယ်ကို တစ်စိတ်တည်း ထားနိုင်ရင် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ဂတိအကျိုးကို ရပါတယ်။ အဲဒီလို ထားနိုင်ခြင်းကြောင့် သေလွန်တဲ့အခါ သုဂတိဘ၀ကို ဧကန်ရောက်ပါလိမ့်မယ်လို့ မြတ်စွာဘုရား ဟောပြထားပါတယ်။
တရားချစ်ခင် သူတော်ကောင်းကလည်း ဒီတရားကို အာရုံပြုပြီး ဘယ်ရုပ်ပွားတော်ကိုပဲဖူးဖူး သက်တော်ထင်ရှား မြတ်စွာဘုရားအထိ အာရုံပြုနိုင်ကာ နိဗ္ဗာန်ချမ်းသာထိအောင် ရရောက် စံစားခံစား နိုင်ကြပါစေ ကုန်သတည်း။ ။

{ ဝေဘူဆရာတော်ကြီး၏ အဆုံးအမနှင့် ရဝေနွယ်(အင်းမ)၏ ပုံတော် နှင့် ဂုဏ်တော် တို့ကို ကိုးကား ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို  ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment