Tuesday, July 15, 2014

သံဃာတော်ကို ကြည်ညိုသော မျက်လုံးဖြင့် ကြည့်တတ်ပါစေ


သံဃာတော်ကို ကြည်ညိုသော မျက်လုံးဖြင့် မကြည့်တတ်ဘူးဆိုရင် လယ်တီဆရာတော်ဘုရားကြီး ၏ ဓမ္မဒီပနီကျမ်း ဆိုတဲ့စာအုပ်မှာပါတဲ့ ' ဒွါဒသမ ပုစ္ဆာ ' ကဏ္ဍမှာပါတဲ့ အကြောင်းအရာလေးကို ဖတ်ကြည့်စေလိုသည်....

မုံရွာလှေကူးအရပ်၌ ဒါကာမကြီးတစ်ယောက်သည် ရဟန်းကြီးတစ်ပါးကို မကြည်ညိုနိုင်ပဲရှိ၏။ အိမ်ပေါက်ဝ၌ နေ့တိုင်းဆွမ်းခံရပ်လာသည်ကို နေ့တိုင်းကန့်တော့၍ လွှတ်သည် ။ ဤအကြောင်းကို လျှောက်ထားကြားသိရာ ထိုဒါယိကာမကြီးကို ဤသို့ဆုံးမပေ၏။

ယခုအခါ သာသနာအတွင်း၌ ကြုံကြိုက်၍ ရရှိသော ဤမျက်စိနှစ်လုံးသည် ဒဿနာနုတ္တရိယ ၏ အကြောင်းဖြစ်ပေ၏ ။ ကြည်ညိုသောစိတ်ဖြင့် အရဟတ္တဓဇ ဖြစ်သော သင်္ကန်းတော်ကို မြင်ရခြင်းသည် ပဒေသရာဇ် ဧကရာဇ် စကြာမန္ဓာတ်မင်းတို့၏ စည်းစိမ်ကျက်သရေကို မြင်ရသည်ထက် လွန်မြတ်၏ ။ နတ်ပြည်ခြောက်ထပ် နတ်မင်း သိကြားမင်းတို့၏ စည်းစိမ်ကျက်သရေကို မြင်ရသည်ထက် အလွန်မြတ်၏ ။ ပုထုဇ္ဇန်ဗြဟ္မာမင်းတို့၏ ဘုန်းတန်ခိုးကျက်သရေကို မြင်ရသည်ထက် လွန်မြတ်၏ ။ ကြည်ညိုသောစိတ်ဖြင့် တစ်ကြိမ်တစ်ခါမျှ မြင်ရခြင်းသည် ကုဋေမက အဖိုးထိုက်တန်၏ ။ 

တောသွား ယောက်ျားတစ်ယောက်သည် တောအရပ်တွင် တောချုံပေါ်တွင် တင်၍နေသော သင်္ကန်းတော်တစ်ပိုင်းတစ်စိတ်ကို တွေ့မြင်လေရာ အရဟတ္တဓဇကို တွေ့မြင်ရပေသည်ဟု အလွန်ကြည်ညိုစွာ ရှိခိုးပူဇော်၍ သေလွန်သောအခါ ထိုစီဝရပူဇာ မင်္ဂလာကုသိုလ်နှင့်ပင် နတ်ရွာသုဂတိသို့ လားရလေ၍ ငါတို့ဘုရား လက်ထက်၌ ကျွက်ရဖူးသော စီဝရ ပူဇနီယဝတ္တုများ အပဒါန်များတွင် ထင်ရှားရှိသည်။ ဒါယိကာမကြီး၏ ဆွမ်းတစ်ဇွန်းသည် အဘယ်မျှလောက် အဖိုးတန်သနည်း , သင်္ကန်းတော်ကို မြင်ရသောအမှုသည် အဘယ်မျှ အဖိုးတန်လိမ့်မည်နည်း , 

သာသနာမရှိသောအခါ၌ ဤသင်္ကန်းတော်ကို ခြုံရုံ၍ နေ့စဉ် ကြွခဲ့ပါ , သင်္ကန်းတော်နှင့် ကျွန်တော်မျိုးမ မျက်စိနှင့်တွေ့ရှိပါရစေ , တစ်နေ့တစ်နေ့လျှင် ငွေတစ်ရာပေးပါမည် ဆိုသော် ရနိုင်မည်လောဟု မေးပေ၏ ။
ဒကာမကြီး ။ ။ မရနိုင်ပါ ဘုရား ။ထို့နောက် ငွေတစ်ထောင်ပေးသော် , တစ်သောင်း တစ်သိန်းပေးသော် ရနိုင်မည်လော ဟု မေးပေ၏ ။ဒကာမကြီး ။ ။ မရနိုင်ပါ ဘုရား ။ 
ထိုအခါမှ ဒါယိကာမကြီး မျက်စိကို သင်္ကန်းတော်ရောင်ဖြင့် အဘိုးအနဂ္ဃထိုက်တန်အောင် ခြယ်လယ်၍ ပေးပေသော ထိုရဟန်းကြီးကို ဆွမ်းကလေး တစ်ဇွန်းလောက်နှင့် အကဲရောက်လို့ သင့်လျော်မည်လော ဟု ဆုံးမပေ၏ ။ထိုနေ့မှစ၍ ထိုဒါယိကာမကြီးမှာ မြင်တိုင်းကို ကြည်ညိုနိုင်သော သဒ္ဓါကောင်းကောင်း တည်လေ၏ ။
Photo Credit to -  Original Uploader
Credit - Ashin Pandita

No comments:

Post a Comment