Friday, July 4, 2014

သာမာဝတီမိဖုရား၏ အမှားလုပ်မိခဲ့တဲ့ သံသရာခရီး


ကောသမ္ဗီပြည်က ဥတေနမင်းကြီးမှာ သာမာဝတီဆိုတဲ့ မိဖုရားတစ်ပါးရှိပါတယ်။ တစ်နေ့ သာမာဝတီဆိုတဲ့ မိဖုရားဟာ နန်းပြသာဒ်ကြီးတစ်ခုလုံး မီးလောင်ပြီး အခြံအရံငါးရာနှင့် အတူတကွ မီးလောင်သေဆုံးသွားပါတယ်။ ခုခေတ်လို ပြောမယ်ဆိုရင် အသေဆိုးနဲ့ သေသွားတယ်လို့ ပြောကြမှာပါ။ သာမာဝတီ မိဖုရား မီးလောင်လို့ သေရတာဟာ သံသရာခရီး သွားတဲ့အချိန် အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ အကြောင့်မဲ့ အကျိုးမဖြစ်ပါ။ 

တစ်နေ့ သာမာဝတီအလောင်းဖြစ်တဲ့ မိဖုရားနဲ့ မောင်းမမိဿံငါးရာတို့ တစ်ခုသော မြစ်ဆိပ်ကိုဆင်းပြီး ရေချိုးကြပါတယ်။ အားရပါးရ ရေချိုးပြီး ချမ်းတဲ့အခါ အနွေးဓာတ် ရဖို့အတွက် မီးလှုံချင်ကြပါတယ်။ မီးလှုံချင်တော့ ပစ္စေကဗုဒ္ဓါ ထိုင်နေမှန်းမသိဘူး၊ မီးလှုံလို့ရမှာပဲဆိုပြီး ချုံပုတ်ကြီးကို မီးတိုက်လိုက်တယ်။ ချုံပုတ်ကြီးကို မီးတိုက်လိုက်လို့ မီးတွေလောင် ပြာကျသွားတယ်။ ပစ္စေကဗုဒ္ဓါကတော့ နိရောဓသမာပတ် ၀င်စားနေတာဆိုတော့ ဘာမှမဖြစ်ဘူး။ သမာဓိ စွမ်းအားကြောင့် ပစ္စေကဗုဒ္ဓါကို မီးမလောင်ပါဘူး။ သို့သော် ချုံပုတ်ကြီး မီးလောင်သွားတဲ့အခါ ကိုယ်တော်ကြီးက ငုတ်တုတ်ပေါ်လာတယ်။ အဲဒီအခါကျမှ“နန်းတော်ကို ဆွမ်းခံကြွတဲ့ ပစ္စေကဗုဒ္ဓါကြီးပဲ၊ ဘုရင်ကြီးသိရင် ဒို့ကိုသတ်တော့မှာပဲ။” သူတို့စိတ်ထဲမှာ ပစ္စေကဗုဒ္ဓါ မီးလောင်သေသွားပြီလို့ ထင်ကြပါတယ်။ ပစ္စေကဗုဒ္ဓါကိုသတ်မှု ကျူးလွန်သွားပြီလို့ ထင်ကြပါတယ်။ အစက မသိလို့ မီးရှိုးမိတာဆိုတော့ အကုသိုလ် မဖြစ်ဘူး။ သူတို့ရဲ့ရည်ရွယ်ချက်ကလဲ မီးလှုံချင်လို့ ချုံကိုမီးရှိုးတာ။ မီးပုံထဲ ပစ္စေကဗုဒ္ဓါ ပေါ်လာတဲ့အခါကျမှ “ ဒို့လုပ်ထားတဲ့အလုပ် တခြားလူမသိအောင် အစဖျောက်မှပဲ ” ဆိုပြီး အနီးအနားမှာရှိတဲ့ ထင်းတွေသစ်ကိုင်းတွေ စုပြီး အစပျောက်အောင် ရည်ရွယ်ကာ ထပ်ပြီးမီးတိုက်လိုက်တော့ အကုသိုလ် ဖြစ်သွားပြီ။
အကယ်၍ သူတို့ မတော်တဆ ဖြစ်စဉ်တုန်းက ဆက်ပြီး အမှားမလုပ်ဘဲနဲ့၊ ရည်ရွယ်ကာ ထပ်ပြီး မီးမတိုက်ဘဲနဲ့ ပစ္စေကဗုဒ္ဓါကို ရှိခိုးတောင်းပန်၊ မသိလို့ လုပ်မိတာပါလို့ဆိုရင် ပစ္စေကဗုဒ္ဓါလည်း ပရိနိဗ္ဗာန်စံတာမှမဟုတ်ဘဲ၊ သမာဓိစွမ်းအားကြောင့် မီးမလောင်ပါ။ အချိန်တန်ရင် ပြန်ကြွသွားမှာပါ။ အဲဒါကို မသိဘဲ အစပျောက်အောင် ထင်းပုံကြီးပုံပြီးမီးရှိုး၊ မီးကျွမ်းလောက်ပြီဆိုပြီးမှ နန်းတော်ကို ပြန်သွားကြပါတယ်။ ဒါပေမဲ့ နောက်ရက်ကျတော့ ပစ္စေကဗုဒ္ဓါ နန်းတော်သို့ ဆွမ်းခံကြွလာပြန်တယ်။ 

သူတို့ရဲ့ စေတနာဆိုးနဲ့ လုပ်ရပ်ကြောင့် ပစ္စေကဗုဒ္ဓါ ပရိနိဗ္ဗာန် စံမသွားသော်လည်းပဲ၊ စေတနာနဲ့ မီးတိုက်ခဲ့သည့် အတွက်ကြောင့် သာမာဝတီမိဖုရား အမှူးရှိတဲ့ မိဖုရားတွေဟာ အဲဒီဘ၀က သေတဲ့အခါ ငရဲရောက်ပြီး၊ ဖြစ်လေရာဘ၀မှာ မီးလောင်ပြီး သေရတယ်။ အသေဆိုးနဲ့ သေတဲ့ ပုဂ္ဂိုလ်တွေဟာ သံသရာခရီးသွားရင်းက အမှားလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ပါတယ်။ လူတိုင်း အသေဆိုးနဲ့ သေကြတာ မဟုတ်ပါ။
အဲဒါကြောင့် မိမိတို့တတွေလည်း သံသရာခရီး သွားနေတဲ့အချိန်မှာ အမှားမလုပ်မိစေရန် အရေးကြီးကြောင်း သိရှိနားလည် သဘောပေါက်ကြပြီး ကောင်းမှုကုသိုလ်ကိုဆောင်ကာ မြင့်မြတ်သော စိတ်ထားဖြင့် ကောင်းကျိုးချမ်းသာတွေ ခံစားစံစားနိုင်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။

{ ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ ဒေါက်တာ အရှင် နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော သံသရာခရီးသွား အမှားမလုပ်မိစေနှင့် တရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment