Friday, July 4, 2014

ဘုရားရှင်တို့၏ တူမျှတဲ့ အချက် (၃၀) နှင့် မတူမျှတဲ့ အချက် (၈) ချက်


ဘုရားရှင်တို့ တူမျှတဲ့အချက်(၃၀)ရှိပါတယ်..

၁။ဘုရားလောင်းဟာ ဉာဏ်နဲ့ အမိဝမ်းသို့ သက်ဆင်းခြင်း။

၂။အမိဝမ်းမှာ တင်ပျဉ်ခွေထိုင်နေပြီး အပြင်ဘက်သို့ မျက်နှာမူနေခြင်း။

၃။ဘုရားလောင်းမယ်တော်က ရပ်ရင်း ဖွားမြင်ခြင်း။

၎။တောထဲမှာပဲ အမိဝမ်းမှ ထွက်ခြင်း။

၅။ရွှေပြားတွေမှာ တည်တဲ့ခြေတွေရှိပြီး မြောက်အရပ်သို့
မျက်နှာမူကာ ခြေလှမ်း(၇)လှမ်း လှမ်း၍
အရပ်လေးမျက်နှာကို ကြည့်ပြီး ရဲရဲတောက်စကား
မိန့်ကြားခြင်း။

၆။သူအို သူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်လေးပါးကိုမြင်ကာ
သားတော်တစ်ပါး ဖွားမြင်သောအခါမှာ တောထွက်ခြင်း။

၇။ရဟန္တာတို့ရဲ့အောင်လံ(သင်္ကန်း)ကိုယူကာ ရဟန်းဝတ်ပြီး
အောက်ထစ်ဆုံးအားဖြင့် (၇)ရက် ဒုက္ကရစရိယာကျင့်ခြင်း။

၈။ဘုရားဖြစ်မယ့်နေ့မှာ နို့ဃနာဆွမ်း ဘုဉ်းပေးခြင်း။

၉။မြက်အခင်းမှာထိုင်ပြီး သဗ္ဗညုတဉာဏ်တော်ကို ရရှိခြင်း။

၁၀။ဝင်လေ ထွက်လေကို ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းကို အခြေခံခြင်း။

၁၁။မာရ်စစ်တပ်ကို ချေဖျက်ခြင်း။

၁၂။ဗောဓိပလ္လင်မှာပဲ ဝိဇ္ဇာ(၃)ပါးကအစ အသာဓာရဏဉာဏ်
စတဲ့ဂုဏ်တွေကို ရရှိခြင်း။

၁၃။(၄၉)ရက်ပတ်လုံး ဗောဓိပင်အနီးမှာပဲ အချိန်ကုန်လွန်ခြင်း။

၁၄။တရားဟောဖို့ရာ မဟာဗြဟ္မာ တောင်းပန်ခြင်း။

၁၅။ဣသိပတန မိဂဒါဝုန်တောမှာ ဓမ္မစင်္ကြာတရားဟောခြင်း။

၁၆။တပို့တွဲလပြည့်နေ့မှာ အင်္ဂါ(၄)ပါးရှိတဲ့ အစည်းအဝေးမှာ
ပါတိမောက်ကို ရွတ်ဆိုခြင်း။

၁၇။ဇေတဝန်ကျောင်းမှာ အမြဲနေခြင်း။

၁၈။သာဝတ္တိမြို့တံခါးမှာ ရေမီးအစုံ တန်ခိုးကိုပြခြင်း။

၁၉။တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားဟောခြင်း။

၂၀။သင်္ကဿမြို့တံခါးမှာ နတ်ပြည်မှ သက်ဆင်းခြင်း။

၂၁။အမြဲ ဖလသမာပတ် ဝင်စားခြင်း။

၂၂။နှစ်ကြိမ် ကျွတ်ထိုက်တဲ့သတ္တဝါတို့ကို ကြည့်ရှုခြင်း။

၂၃။အကြောင်းပေါ်မှ ဥပဒေထုတ်ခြင်း။

၂၄။အကြောင်းကိစ္စရှိမှ ဇာတ်ကိုဟောခြင်း။

၂၅။ဆွေမျိုးတို့အစည်းအဝေးမှာ ဗုဒ္ဓဝင်ကို ဟောခြင်း။

၂၆။အာဂန္တုရဟန်း(ဧည့်သည်ရဟန်း)တွေနဲ့
နှုတ်ဆက်စကား မိန့်ကြားခြင်း။

၂၇။ပင့်ဖိတ်လို့ ဝါဆိုပြီးတဲ့အခါ ပင့်သူကို မပန်ကြားပဲ ခရီးမသွားခြင်း။

၂၈။နေ့တိုင်း နေ့တိုင်း နံနက်ပိုင်း နေ့ပိုင်း ည ပထမယံပိုင်း
အလယ်ယံပိုင်း နောက်ဆုံးယံပိုင်းကိစ္စတွေကို ပြုခြင်း။

၂၉။ပရိနိဗ္ဗာန်စံမယ့်နေ့မှာ အသားအရသာကို ဘုဉ်းပေးခြင်း။

၃၀။ကုဋေပေါင်း ၂-သန်း၎-သိန်းသော သမာပတ်တွေကို
ဝင်စားပြီးမှ ပရိနိဗ္ဗာန်စံဝင်ခြင်း။

(ဗုဒ္ဓဝံသဋ္ဌ ၃၅၁/၂)

မတူမျှတဲ့အချက်(၈)ချက်မှာ-

၁။ သက်တမ်း။
၂။ အရပ်ပမာဏ။
၃။ အမျိုး။
၎။ ဒုက္ကရစရိယာကျင့်ရာကာလ။
၅။ ရောင်ခြည်တော်ပြန့်ရာဒေသ။
၆။ စီးတဲ့ယာဉ်။
၇။ ဗောဓိပင်။
၈။ ပလ္လင်ပမာဏ။

(ဗုဒ္ဓဝံသ ဋ္ဌ ၃၄၈)
Shared from Ma Ohnmar Shin (FB)

No comments:

Post a Comment