Saturday, July 12, 2014

စွန့်ခွာ ထားရစ်…. (အရှင်ကောဏ္ဍည သို့ ပူဇော်ဦးခိုက်ခြင်း)


ဆရာ တော်ဝင်နွယ် ရဲ့ (သူတော်ကောင်းတို့ နှလုံးသား- စာ -၂၅-၃၅) ကို ဖတ်ရှု လျက် ပြန်လည် ရေးသား ပူဇော် အပ်ပါသည်။
စွန့်ခွာ ထားရစ် တယ် ဆိုတာ မချစ်လို့ မှ မဟုတ်တာ…။ အဝေးကိုပြေး ထွက်တယ် ဆိုတာကလည်း အနားမှမနေချင် လို့ မဟုတ် ဘူးဆိုတာ ..လောက သဘာဝ ရှိတတ်ကြပါတယ်..။
ရယူပိုင်ဆိုင် လက်ဝယ် ပိုင်နိုင် လေတိုင်းလည်း အောင်မြင် တဲ့သူလို့ သတ်မှတ် ရမယ် မထင်မိပါဘူး..။
မွန်မြတ်စွာ ဝေး ခဲ့ကြတဲ့….ဝေးခြင်း… များ စွာ…..
စိတ်သန့်စင်ကြည်နူး စွာ စွန့် လွှတ်ခဲ့တဲ့…စွန့်ခြင်း များစွာ ..
ရှိကြလေတယ် ဆိုတာ ကျွန်မ က နှလုံးသားနဲ့ ထပ်တူပြု ကာ..ယုံကြည် ခဲ့ဘူးပါတယ်..။

ဒီ နေ့ ဝါဆိုလပြည့် အခါသမယနေ့ ကလေးမှာတော့ ကိုယ့်နေရာ ၊ကိုယ့်အတ္တ ကို စွန့် လွှတ်ခဲ့သူ တစ်ဦး ရဲ့ သူတော်ကောင်း နှလုံးသားကို ကျွန်မ က ညွတ်ညွတ်နူးနူး ပူဇော် ချင်မိပါတယ်..။
ထိုသူတော် ၊ သူမြတ် တစ်ပါးကတော့ ဝါဆိုလပြည့် နေ့ မှာ သောတာပန်တည် ခဲ့တဲ့ ပထမ ဆုံး သောတာပန်လူသား… ဧဟိဘိက္ခူ ဖြင့် ပထမဆုံး လူသားရဟန်း ဖြစ်ခဲ့ တဲ့ ရဟန္တာ အရှင်မြတ် အရှင် ကောဏ္ဍည ပဲ ဖြစ်ပါတယ်..။

ကျွန်မတို့ရဲ့ ဂေါတမ ဘုရားရှင် ဖွား မြင်တော်မမူခင် ကပိလဝတ် နေပြည်တော် မှာ *ဒေါနဝတ္ထု * မည် တဲ့ ပုဏ္ဏ္ဏား ရွာ မှာ ဗြာဟ္မဏ မဟာ သာလ အမျိုးမှာ မွေးဖွားခဲ့ပြီး မိသားစု အဆက်အနွယ် နာမည် တိုင်း *ကောဏ္ဍည * လို့ ထင်ရှား ခဲ့ပါတယ်..။ ငယ်နာမည် ရင်းက *ယည* ဖြစ်ပါတယ်..။
ကောဏ္ဍည လုလင် ဟာ ကြီးပြင်းလာတဲ့အခါ ဗေဒင်သုံးပုံကို အကုန် အစင်သင်ကြားပြီး မဟာပုရိဿ လက္ခဏာတော် ကျမ်း ကို အကုန် အစင်တတ်မြောက် တဲ့သူပါ..။
ယောက်ျား ကောင်းယောက်ျားမြတ် တို့ ရဲ့ ကြန်အင်လက္ခဏာ နှင့် အကျိုးအပြစ် ကိုေ ဟာကြားတတ်တဲ့နေရာ မှာ တစ်ဘက်ကမ်းခတ်အောင်ကို တော်ခဲ့ပါတယ်..။* ဧကန် စင်စစ် ဘုရားဖြစ်လိမ့်မယ် * လို့ သူများနဲ့ မတူ ပြတ်သား ရဲဝံ့ စွာ ဟောကိန်းထုတ် နိုင်ခဲ့ သူလည်း ဖြစ်ခဲ့ပါတယ်..။
ကောဏ္ဍည လုလင် ဟာ အရွယ် ကြီး လာတော့ သူဟောကိန်းထုတ်တဲ့အတိုင်း မြတ်စွာ ဘုရားကို စောင့်ဘို့ တခြားသောပုဏ္ဏား ကြီး တွေ ရဲ့ သား-၄ ဦး နဲ့ အတူ ရဟန်းပြုခဲ့ကြပါတယ်..။
ဝါဆိုလပြည့် နေ့ မှာ သောတာပန်တည် ခဲ့တဲ့ ပထမ ဆုံး သောတာပန်လူသား…အရှင်ကောဏ္ဍည ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ။ ဝါဆိုလပြည့်ကျော် - ၅ရက် နေ့ မှာ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားဟောကြားခဲ့တဲ့ အနတ္တလက္ခဏသုတ္တန်အဆုံး မှာ ရဟန္တာ အဖြစ်ကို ရောက်တော် မူ ခဲ့ပါတယ်။ ရဟန္တာ ဖြစ်ရာ မှာလည်း ပထမဆုံး ပါပဲ။
လွန်ခဲ့တဲ့ ကမ္ဘာ တစ်သိန်းကာလ မှာ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင် ရဲ့ ခြေတော်ရင်း မှာ သစ္စလေးပါးမြတ်တရားကို ထိုးထွင်းသိတော်မူ တဲ့ သူတွေ ထဲ မှာ ပထမ ဆုံး ၊ အဦးဆုံး ၊ အမြတ်ဆုံး ဖြစ်ရပါစေ ဘုရား လို့ ဆုချွေ ပန်ရွယ်ခဲ့ တာကြောင့်မို့ ပါ။
ကျေးဇူးတော်ရှင် ဘုရားရှင် ရဲ့ သာသနာ မှာ အဂ္ဂသာဝက ၊ မဟာသာဝက ၊ ပကတိသာဝက ရဟန်းသံဃာ တွေ စုံ ညီစွာ ဖြစ်ပေါ်လာ တဲ့အခါ မှာ ဆွမ်းခံချိန်မှာ သာဝက အားလုံး ဝါစဉ်အတိုင်း ဘုရားရှင် ရဲ့ နောက်တော်ပါး ကနေ ကြီးစဉ် ငယ်လိုက် ဆွမ်းခံကြွ တော်မူကြရပါတယ်..။
မြတ်စွာ ဘုရားရှင် တရားဟောကြား တော်မူတဲ့အခါ မှာတော့ သံဃာစင် ရဲ့ အလယ် ဗဟို တန်ဆာဆင်ထားတဲ့ ဗုဒ္ဓါသန ဓမ္မပလ္လင်တော် မှာ ဘုရားရှင် ထိုင်တော်မူပါတယ်..။
လက်ျာ နံပါး မှာ ဓမ္မသေနာပတိ ၊ အရှင်သာရိပုတ္တရာ ၊ လက်ဝဲနံပါး မှာ ဓမ္မပုရောဟိတ ၊ အရှင်မဟာမောဂ္ဂလန် ထိုင်တော်မူကြရပါတယ်..။
အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး ရဲ့ နောက်ကျောဘက် မှာ အရှင် ကောဏ္ဍည အတွက် နေရာခင်းထားပြီး ၊ ကျန်ရဟန်းတော် တွေဟာ အရှင်ကောဏ္ဍည ကို ဘယ်ညာဝန်းရံကာ ထိုင်တော်မူ ကြရပါတယ်..။
အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး တို့ ဟာ အရှင် ကောဏ္ဍည မထေရ်မြတ် ဟာ သာသနာတော်မှာ အဦးအစ ၊ ပထမ ဆုံး သစ္စာလေးပါး ၊တရားသိသူ ဖြစ်တော်မူတာကြောင့် ရယ် ၊ အရွယ်တော် အားဖြင့်လည်း မိမိ ထက် ကြီး သူ ဖြစ်တာကြောင့် အလွန်မြတ်နိုးတန်ဘိုး ထားကြပါတယ်..။
ဒါကြောင့် သူတို့ ရှေ့ ဆုံး နေရာ ဦးမှာ ထိုင်နေကြရပေမဲ့ ချစ်ကြောက်ရိုသေ ဖြစ်ကာ မဝံ့မရဲ ရှိတော်မူကြသလို ၊ ရှက်နိုးအားနာ တော်လည်းမူကြပါတယ်..။

ထိုလို အခြေအနေမျိုးကို ရိပ်မိသိရှိတော်မူ တဲ့ အရှင်ကောဏ္ဍည ဟာ အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး တို့ ဟာ ဒီလို နေရာမျိုး မှာ လက်ဝဲတော်ရံ ၊ လက်ယာတော်ရံ အဖြစ်ရရှိဘို့ အတွက် *တစ်သင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း* ကြာအောင် ပါရမီ ဖြည့်ဆည်း ခဲ့ ရတယ်ဆိုတာကို မမေ့လျော့ ခဲ့ပါ..။ စာနာနားလည် ပေးခဲ့ပါတယ်..။ ငါရှိနေတဲ့အတွက် အားနာ နေရတယ်..။ မဝံ့မရဲ ဖြစ်ရရှာ တယ် ….။
အဲဒီအဂ္ဂသာဝက မထေရ် နှစ်ပါး ချမ်းသာစွာ နေရဘို့ *ငါ တခြားနေရာ ကို သွားမယ် * လို့ ဆုံးဖြတ်တော်မူခဲ့ပါတယ်..။
မေတ္တာ နဲ့ ယှဉ် တဲ့ နူးညံ့သိမ်မွေ့ တဲ့ နှလုံးသားတစ်ခု ရဲ့ အင်မတန် မှ လှပတဲ့ ငဲ့ကွက်မှု တစ်ခု ဖြစ်ခဲ့ရပါတယ်..။
အဝေး ဆုံးကို သွားမယ် ဆိုတဲ့ ထို နေရာ မှာ လေး ကို ဖတ်ရှုပြီး ရင်ထဲ မှာ နင့်နင့်သည်းသည်း နာကျင်ခံစားရပါတယ်..။ဘုရားရှင် နဲ့ အတူ နေထိုင်ရတဲ့ ၊ သီတင်သုံး ရတဲ့ ကာလ ဆိုတာ ၁ နှစ်တာ လောက်သာ ရှိခဲ့ရ ရှာ တာပါ..။
ကျွန်မ ငယ်ငယ် က ကြိုက်နှစ်သက်ဘူး တဲ့ စန္ဒယားချစ်ဆွေ ရဲ့ စိတ်တိုင်းကျ ဖြစ်ရစေ့မယ် သီချင်းထဲက *အဆင့်အတန်းမြင့်ဘို့သာ ပဲ..မောင်ရွယ် တယ်..ပို၍ဝေးသော နေရာသို့ ရှောင်ဖယ် မယ် * စာသားလေးကို ညည်းမိတိုင်း မေတ္တာဖြင့် ဆွေးမြေ့ သွားသော နှလုံးသားကို ခံစားတတ်ခဲ့ဘူးပါတယ်..။
လောကီ ထဲ မှာတောင် မေတ္တာ နှင့် ယှဉ် တဲ့အခါတိုင်း နင့်နဲ သိမ်မွေ့ သွား ရသလို..သိက္ခာ သုံးပါးရေပြင်ကျယ် မှာ ဖြတ်သန်းတိုက်ခတ်လာ တဲ့ ဗြဟ္မစိုရ်လေပြေ လေညှင်းဆိုတော့ အေးစိမ့် ငြိမ်းချမ်း ရတာ အမှန်ပါ။
အဂ္ဂသာဝက မဟုတ် ခဲ့သော်လည်း ဘုန်းကံ အင်မတန် ကြီးမားလှ တဲ့ မဟာ သာဝကကြီး တစ်ပါး ဖြစ်တော်မူတာမို့ ချဉ်းကပ်ပူဇော် သူများ များပြားလှပါတယ်..။
ဘုန်းကြီး ၊ ကျော်ကြား ၊ လာဘ်လာဘ များ ဆိုတာ လောကီအဆိပ်အတောက်လို့ အရှင်မြတ်က မြင်တော်မူပါတယ်..။
အဝေးသို့ သွားမယ် လို့ ဆုံးဖြတ်ခဲ့တဲ့ အရှင်ကောဏ္ဍည ဟာ ရှင်တော်ဘုရားထံ ခွင့်ပန်တော်မူကာ ဟိမဝန္တာ တောအုပ်အတွင်း ၊ ဆဒ္ဒန်အိုင်အနီး မှာ ရှိတဲ့ မဏ္ဍာကိနီ ရေကန် ဆိပ်ကမ်း အနီး ရေကန်ဆိပ်ကမ်းကို ကြွလှမ်းတော်မူခဲ့ပါတယ်။
အဲဒီ ဆဒ္ဒန်အိုင် မှာ ရှေးအခါတုံးက ပစ္စေက ဗုဒ္ဓါ အရှင်မြတ် တွေကို ပြုစုလုပ်ကျွေး မှုအလေ့အကျင့်ရပြီးသား သက်တမ်းရှည် ဆင်လိမ္မာ ရှစ်ထောင် တို့ ရဲ့ အလှည့်ကျ လုပ်ကျွေးမှုကို ခံယူပြီး ၁၂- နှစ်တာ ကာလ ပတ်လုံး ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ သီတင်းသုံး နေတော်မူခဲ့ပါတယ်..။
အာယုသင်္ခါရ ကုန် ဆုံး လို့ ပရိနိဗ္ဗာန် စံတော်မူခါ နီး မှာ ရှင်တော်ဘုရား ထံ အဖူးမျှော် ရောက်ခဲ့ တာ ဟာ နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ခဲ့ပါတယ်..။
ပါရမီးတော်ခရီး အပြီးသတ် ခဲ့ တဲ့ နေရာ ကတော့ ၁၂- နှစ်တာ ကာလ ပတ်လုံး လုပ်ကျွေးပြုစုတော်မူခဲ့တဲ့ ဆင်တွေ နားက ဆဒ္ဒန် အိုင်အနီးက ကျောင်းသင်္ခန်းလေးမှာ တစ်ပါး ထဲ ခန္ဓာဝန် ချတော်မူခဲ့တာ ကျွန်မ မှာ ဖတ်ရှုရင်း ဆို့နစ်ကြေကွဲ ရပြန်ပါတယ်..။
တောကြီး မြက်မည်း ထဲ မှာ ဖြစ်တာ မို့ လူတစ်ဦး မှမရှိ ၊ ဆင်ပေါင်းရှစ်ထောင် ရယ် နတ်၊ သိကြား ၊ ဗြဟ္မာ ပရိသတ် တွေ ကြီးကျယ် ခမ်းနားစွာ ပူဇော် ကြ တဲ့ ထူးကဲတဲ့ သာဓုကိဠန ပူဇာ ဖြစ်ခဲ့ရပါတယ်..။
နောက်တော့မှ ရဟန်းတော် ၅၀၀ ကောင်းကင်ခရီး နဲ့ ကြွရောက်ပြီး တရားတော်များ ရွတ်ဖတ် ပူဇော်ကြ ပါတယ်..။
ဒီပူဇော်ပွဲ မှာ အရှင်အနုရုဒ္ဓါ မထေရ်မြတ် တရားဟောကြားခဲ့တဲ့အတွက် နတ်ဗြဟ္မာ များ ကျွတ်တန်း ဝင်ကြပါတယ်..။
ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို ရဟန်းတော်တွေ ဟာ ရေစစ်အပြည့် နဲ့ ယူဆောင်လာပြီး ဝေဠုဝန် ကျောင်းတော် မုခ်ဦး မှာ အသင့် စောင့်ကြိုနေတဲ့ ဘုရားရှင်ထံ ပေးအပ် ကြပါတယ်..။
ကျေးဇူးတော်ရှင် ဘုရားရှင် ဟာ ဓာတ်တော်အပြည့်ပါတဲ့ ရေစစ်ကို လက်နဲ့ ကိုင်ပြီး သံ ဝေဂ တရားဟောကြားတော် မူခဲ့ ပြီး မဟာ ပထဝီမြေကြီး ကိုလက်ဆန့် တန်းတော်မူခဲ့ပါတယ်..။အဲဒီခဏ မှာ ပဲ မြေကြီး ထဲ မှ ငွေခရု သဏ္ဍန် စေတီ ကြီး တစ်ဆူ ပေါ် ထွက် တော်မူလာ ခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တိုင် ထို စေတီကြီး ထဲ မှာ ဓာတ်တော်များကို ထည့်သွင် ဌာပနာ တော်မူ ပေးလိုက်ခဲ့ပါတယ်..။
ဘုရားရှင် ရဲ့ မဟာ သာဝက တွေ ထဲ မှာ ဝါ အကြီး ဆုံး ဆိုတဲ့ * ရတ္တညူ ဧတဒဂ် ဘွဲ့ ထူး* ကို ဆွတ်ခူးတော် မူခဲ့ တဲ့ အရှင် ကောဏ္ဍည ရဲ့ ပါရမီတော် ခရီး ကထိုကဲ့သို့ ပြီးစီးအောင်မြင်ခဲ့ရပါတယ်..။
သူတစ်ပါး ကို ထောက်ထားညှာတာတတ်တဲ့ ၊ လောကုတ္တရာ တရား ကို မြတ်နိုးခုံမင်တတ်တဲ့ ၊ သူတထူးရဲ့ ကျေးဇူးကို ပေးဆပ်တတ်တဲ့ နှလုံးသားရှိတော်မူခဲ့ တဲ့ အရှင်မြတ် ဟာ အနတ္တ လက္ခဏ သုတ္တန် နဲ့ တရားထူးရတော်မူခဲ့ သူမို့ မိမိ အတ္တ ကို စွန့် လွှတ်တဲ့နေရာမှာ ရဲဝံ့ထူးချွန် ခဲ့တာပါပဲ..။
လကို ကြယ် ရံ သလို တင်တယ် စွာခြံရံ နေတဲ့ သံဃာ ပရိသတ် အလယ် မှာ မိမိ ရှိမနေအောင် စီမံ ခြင်းဖြင့် အဂ္ဂသာဝက နှစ်ပါး ရဲ့ လွတ်လတ်ချမ်းသာစွာ သီတင်းသုံး နေထိုင်မှုကို ဖန်တီးပေး သွားခဲ့ပါတယ်..။
နေရာ တစ်ခုကို လု နေကြတဲ့ ဒီခေတ် ထဲ မှာ မိမိ ပါဝင်ချင်တိုင်း ကျွန်မ မှာ အရှင်ကောဏ္ဍည ကို အမြဲသတိရ မိအောင် ဒီစာလေးကို ရေးမိပါတယ်..။
တော ထဲ မှာ ပဲ တရားအားထုတ် ..တောထဲ မှာ ပဲ ဘဝ ဆုံး ခဲ့တဲ့ အရှင်မြတ် သို့ ဆို့ ဆို့ နစ်နစ် ….နာကျင်သော နှလုံးသား ဖြင့် ပူဇော် ရင်း..တိုးတိုးလေးရေရွတ် လျှောက်ထားမိပါတယ်….
*အဝေးဆုံး* တဲ့လားဘုရား..ဟူ၍သာ..။


မေတ္တာဖြင့်
သစ္စာအလင်း

No comments:

Post a Comment