Tuesday, July 1, 2014

သောတာပန်၏ ဂုဏ်ရည်များ


၁။ ရတနာသုံးပါးကို မတုန်မလှုပ်သက်ဝင်ကြည်ညိုရာဝယ်
အသက်နှင့်ပင် လဲနိုင်၏။

၂။ ငါးပါးသီလလုံးခြုံအောင်လည်း အသက်နှင့်လဲ၍ စောင့်ထိန်းနိုင်၏။

၃။ သရဏဂုံလည်း မညှိုးနွမ်းမပျက်ယွင်းဘဲ အလွန်ခိုင်မြဲ၏။

၎။ ဝိပဿနာဘာဝနာမှာ မွေ့လျော်နိုင်ပြီဖြစ်၍ ဆရာနည်းရလျှင်
သောတာပတ္တိဖိုလ်၌ အလိုရှိတိုင်း ဝင်စားနိုင်၏။

၅။ ရုပ်နာမ်ခန္ဓာကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ၊ အယူအစွဲ
လုံးလုံးကင်းစင်သွား၏။

၆။ ဗုဒ္ဓဒေသနာ၌ ယုံမှားခြင်းအလျှင်းမရှိတော့ပေ။

၇။ သံသရာဝဋ်မှ ကျွတ်လွတ်ရန် ဘုရားနည်းမှတစ်ပါး
အခြားနည်းမှာများဖြင့် မကျင့်ကြံတော့ပေ။

၈။ အနိစ္စဖြစ်သောခန္ဓာကို နိစ္စဟူ၍လည်းကောင်း၊
အနတ္တဖြစ်သောခန္ဓာကို အတ္တဟူ၍ လည်းကောင်း၊
အမှတ်မှား၊ အသိမှား၊ အယူမှားခြင်းကင်း၏။
ထိုမှတစ်ပါး ဒုက္ခကို သုခဟူ၍၊ အသုဘကို သုဘဟူ၍
အယူမှားခြင်း ကင်း၏။

၉။ ထေရဝါဒဗုဒ္ဓဘာသာမှတစ်ပါး အခြားသော ဘာသာ
အယူဝါဒများကို ယုံကြည်လက်ခံ ကိုးကွယ်ခြင်း မရှိတော့ပေ။
ဂိုဏ်းဆရာ၊ ရဟန္တာဆန်းနှင့် ထွက်ရပ်ပေါက် ဝိဇ္ဇာဆိုသူများကို
ရှာဖွေဆည်းကပ်ခြင်း၊ ဘိုးတော် မယ်တော်၊ (၃၇)မင်း၊
အတွင်းနတ်၊ အပြင်နတ်ပါမကျန် အစိမ်းသရဲမျိုးစုံကို
အိမ်ဦးခန်းတင်လျက် ဘုရားနှင့်တစ်တန်းတည်းထားကာ
ပွဲထိုးပသခြင်းမျိုးလည်း မပြုလုပ်တော့ပေ။

၁၀။ ပဉ္စာနန္တရိယကံကိုလည်း မကြံစည်၊ မကျူးလွန်၊ မမှားယွင်းတော့ပေ။

၁၁။ ကျေးဇူးရှင်ကို ကျေးဇူးကန်းခြင်း၊ ကျေးစွပ်ခြင်း
အမှုမျိုးလည်း မပြုလုပ်တော့ပေ။

၁၂။ အဂတိလေးပါးလိုက်စားခြင်း အလျှင်းမရှိတော့ပေ။

၁၃။ ငြင်းခုံ၊ ခိုက်ရန်ပွားခြင်းလည်း မပြုတော့ပေ။

၁၄။ အကုသိုလ် ဒုစရိုက်မှုတို့ဖြင့် စီးပွားမရှာတော့ပေ။

၁၅။ ကာမရာဂ၊ ဒေါသ၊ မာန အကြမ်းစားများပါးလျား၍ အပါယ်ရောက်လောက်အောင် မဖြစ်ပွားတော့ပေ။

၁၆။ အရိယာဖြစ်ပြီးသောကြောင့် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ ရူးသွတ်ခြင်း မရှိတော့ပေ။

၁၇။ အပြစ်ကို ဟန်ဆောင်ဖုံးကွယ်ခြင်းမာယာ ကင်းရှင်း၏။

၁၈။ မရှိသောဂုဏ်ကို လီဆယ်၍ထုတ်ဖော်ခြင်း
“သာဌေယျ”လည်း ကင်းရှင်း၏။

၁၉။ သူတစ်ပါးကောင်းစားသည်ကို မနာလို မရှုဆိတ်နိုင်ခြင်း
ဣဿာ၊ မိမိနှင့်စပ်ယှက်ပတ်သက်သမျှကို ဝန်တိုစွာအခြားသူအား
မသက်ဆိုင်စေလိုခြင်းဟူသော “မစ္ဆရိယစိတ်” မရှိတော့ပေ။

၂၀။ “ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်ခြင်း” ကိုလည်း ရှောင်ကြဉ်၏။

၂၁။ စွန့်ကြဲပေးကမ်းလှူဒါန်းရာတွင် တွန့်တိုခြင်းမရှိ၊
ရက်ရော၏။ “သမ္ပဇဉ် ဉာဏ်” ယှဉ်၍သာ လှူ၏။

၂၂။ အကုသိုလ်ကိလေသာ ကြားခိုလျှင် ခိုမှန်းသိကာ၊
နောက်စိတ်က ချက်ခြင်းရှုမှတ်ပစ်နိုင်သည်။
လောဘ ဒေါသစသော ကိလေသာကား ဖြစ်သေး၏။

၂၃။ တရားရှုမှတ်နေခြင်းဖြင့် စိတ်ငြိမ်သက်မှု၊
ကိလေသာငြိမ်းအေးမှု ရရှိနေသည်ကို ကိုယ်တိုင်သိသည်။

၂၄။ မိမိရရှိထားသော အသိအမြင်တရားမျိုး
အခြားဘာသာအယူဝါဒတို့၌ မရှိဟု ပြတ်သားစွာနားလည်၏။

၂၅။ အပြစ်ကျူးလွန်မိလျှင် ချက်ခြင်းတောင်းပန်ဝန်ချသည်။
အာပတ်တစ်ခုခုကျူးလွန်မိလျှင် ချက်ခြင်းကုစားသည်။

၂၆။ လောကဝတ္တရားကိုလည်း ပြည့်စုံအောင် ဆောင်ရွက်သည်။
ဆောင်ရွက်ရင်းပင် တရားကိုလည်း ရအောင်ကျင့်သည်။
လောကဝတ္တရားကို ဆောင်ရွက်ရင်း မိမိအကျင့်တရားကို အလျှော့မခံ။

၂၇။ ဘုရားတရားတော်ကို လိုလားနှစ်သက်စွာ နာကြားသည်။

၂၈။ နာကြားရသောအခါ တရားသဘောအဓိပ္ပါယ်ကိုလည်း
ကောင်းစွာသဘောပေါက် နားလည်သည်။

၂၉။ သစ္စာလေးပါးကို ဉာဏ်ဖြင့်မြင်ပြီးဖြစ်၏။ (ဒိဋ္ဌဓမ္မော)

၃၀။ သစ္စာလေးပါးသို့ ရောက်ပြီးဖြစ်၏။ (ပတ္တဓမ္မော)

၃၁။ သစ္စာလေးပါးကို ဉာဏ်ဖြင့် သေချာစွာသိပြီးဖြစ်၏။ (ဝိဒိတဓမ္မော)

၃၂။ သစ္စာလေးပါးကို ဉာဏ်ဖြင့် သက်ဝင်ပြီးဖြစ်၏။ (ပရိယောဂါဠဓမ္မော)

၃၃။ ယုံမှားခြင်းကို လွန်မြောက်ပြီးဖြစ်၏။ (တိဏ္ဏဝိစိကိစ္ဆော)

၃၄။ သို့လောသို့လော တွေးတောခြင်းမှ ကင်းရှင်း၏။ (ဝိဂတကထံကထော)

၃၅။ တရားနှင့်ပတ်သက်လာလျှင် မကြောက်မရွံ့နောက်မတွန့်သည့် ရဲရင့်ခြင်းလည်းရှိ၏။ (ဝေသာရဇ္ဇပတ္တော)

၃၆။ သူတစ်ပါးကို အားထားရခြင်းကင်း၏။ (အပရပ္ပစ္စယော)

-【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)၏
“သညာသိနှင့် ပညာသိ”မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】

(စာရိုက်ပူဇော်သူ -Zahan Mon)

Dhamma Dãna Source ►Zahan Mon &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment