Thursday, May 12, 2016

ပလောင် တောင်ယာဟင်း



ဒီဟင်းပွဲအမည်ကို ကျွန်တော်ကိုယ်တိုင် အမည်ပေးပါတယ်။ ငယ်ငယ်က ပလောင်တိုင်းရင်းသူနဲ့ အိမ်ထောင်ကျတဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ ပန်းဂေါ်ဖီစိုက်ခင်းထဲမှာ ကျွန်တော့်မရီး ချက်ကျွေးတဲ့ဟင်းလေးကို အမှတ်တရရှိလို့ ပေးလိုက်မိပါတယ်။

စိုက်ခင်းထဲမှာ စားစရာကရှား၊ အလုပ်ပန်းတာကြောင့် ဘယ်လိုပဲနည်းစနစ်မမှန်စွာ ချက်ပြုတ်ထားသည်ဖြစ်စေ.. စားကောင်းတာတော့ အမှန်ပါပဲ။

ကြက်သား...............၁ခြမ်း
ကြက်သွန်နီ.............၂လုံး
ချင်းသေးသေး..........၁တက်
ကြက်သွန်ဖြူ.............၃တက်
ငရုတ်ခြောက်တောင့်.၅တောင့်ခန့်
မုန်ညှင်းစိမ်း.............၁စည်းခန့်
မှို.............................အနည်းငယ်

ကြက်သားကို အတုံးငယ်များတုံးပြီး ထောင်းထားသောချင်း၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်နီတို့နှင့်အတူ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့်
အရသာနယ်ပါ။

ချက်မဲ့အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။

ကြက်သားတစ်ဝက်ခန့်ကျက်ပြီဆိုရင်.. ကြက်သွန်နီ ရှစ်စိတ်ခွဲ၊ မှို၊ မုန်ညှင်းစိမ်းတို့ထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။

နောက်ဆုံး သံပုရာသီးတစ်ခြမ်းလောက်ညှစ်ပြီး တောင်ယာဆန်နီကြမ်းကြမ်းနဲ့ ထမင်းမြိန်စေခဲ့တဲ့ တောင်ယာဟင်းတစ်ခွက်ပေါ့။

--------------
Photo and Credit to: ဟင်းချက်နည်းများ

No comments:

Post a Comment