ဘ၀ကို တန်ဖိုးရှိရှိနေနိုင်ဖို့ ‘အဆုံးမသတ်နိုင်တဲ့ အလုပ်တွေ မလုပ်မှ ဖြစ်တော့မယ်’။
တရားနာပရိသတ်တွေ ပဟေဠိဆန်တဲ့ စကားတွေ ထပ်ခါထပ်ခါပြောနေပါပေါ့လားလို့ တွေးများ တွေးနေကြပြီလား။ အဆုံးမသတ်နိုင်တဲ့ အလုပ်တွေ မလုပ်
မှ တော်တော့မယ်ဆိုတာ ဘာကို ပြောတာလဲ...။
ဘ၀နဲ့ ရင်းပြီး ရလာတဲ့ အသိဉာဏ်လေး တစ်ခုပါ။ ဘုရားဟောထဲမှာလည်း ရှိပါတယ်နော်၊ အသုံးအနှုန်းမတူပေမယ့် မလုပ်စေချင်တာတော့တူတယ်။
တစ်ယောက်ကို တစ်ယောက် ကဲ့ရဲ့ကြတာ အဆုံးသတ်နိုင်ပါ့မလား၊ အဆုံးမသတ်နိုင်ဘူးနော်။ အဲဒီအမှုတွေကို အဆုံးသတ်တော့မှ တော်လိမ့်မယ်။ ဒါမှ ဘ၀ကို တန်ဖိုးရှိရှိ နေခွင့်ရမယ်။
ပုထုဇဉ် လူသားတွေ ဘယ်သူ ပြည့်စုံသလဲ၊ ဘယ်သူမှ မပြည့်စုံဘူးနော်။ ကဲ့ရဲ့သူရော ပြည့်စုံလား၊ မပြည့်စုံဘူး။
ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို လှမ်းကြည့်လိုက်၊ အားနည်းချက် တစ်ခုခုကိုတွေ့စမြဲပဲနော်။ ပုဂ္ဂိုလ်ဘယ်နှစ်ယောက်ကို ကြည့်မလဲ ကြည့်သလောက် အားနည်းချက်တွေ တွေ့မှာပဲ။ ဟိုပုဂ္ဂိုလ်ကြည့် ဒီပုဂ္ဂိုလ်ကြည့်တဲ့ အမှုဟာ အဆုံးသတ်နိုင်မယ့် အမှုတွေ မဟုတ်ဘူး။ ဟိုပုဂ္ဂိုလ်ရဲ့ မကောင်းကြောင်း, ဒီပုဂ္ဂိုလ်ရဲ့ မကောင်းကြောင်း ကဲ့ရဲ့ပြီးပြောဆိုတာရော အဆုံးသတ်နိုင်ပါ့မလား၊ ဘယ်တော့မှ အဆုံးမ
သတ်နိုင်ဘူးနော်။
ဘ၀ကို တန်ဖိုးရှိရှိ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချချင်တယ် ကုန်ဆုံးခွင့် ပေးချင်တယ်ဆိုရင် အဲဒီ အဆုံးမသတ်နိုင်တဲ့ အလုပ်တွေကို မလုပ်မှ ဖြစ်မယ်။ ဒီလိုအဆုံးမသတ်နိုင်တဲ့ အလုပ်တွေကို လုပ်ခြင်းဆိုတာ တန်ဖိုးရှိတဲ့ အချိန်တွေကို သက်သက်
မဲ့ ဖြုန်းတီးနေတာနဲ့ သိပ်တူတယ်။ မိမိမှာ တခြား တန်ဖိုးရှိတဲ့ အလုပ် လုပ်စရာမရှိဘူးလို့ ပြောနေတာနဲ့လည်း သိပ်တူပါတယ်။
အားလုံး မပြည့်စုံပါဘူး၊ မကြည့်ပါနဲ့။ ကြည့်ရင် ပြောဖြစ်တယ်၊ ဒီလိုဆိုရင် မကြည့်နဲ့တော့။ ကြည့်မိလိုက်လို့ တွေ့တယ်ဆိုရင်လည်း ပြောမနေနဲ့တော့၊ ဘာဖြစ်လို့လဲ ...၊
အဲဒီလို ပြောလိုက်လို့ ငါ ကောင်းသွားသလား၊ ကိုယ့်ကိုယ်ကိုလေးစားနိုင်သလား၊ မလေးစားနိုင်ဘူးနော်။ သူတစ်ပါးကို ကဲ့ရဲ့တဲ့ပုဂ္ဂိုလ် ကဲ့ရဲ့ပြီးသွားရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လို့ရတယ်၊ ကိုယ့်ကိုယ်ကို မလေးစားနိုင်ဘူးနော်။
ငါ့ကိုယ်ငါ မလေးစားနိုင်တဲ့အလုပ်ကို ခွင့်ပြုတယ်ဆိုတာ တန်ဖိုးရှိရှိ ဘ၀ကို မနေတဲ့ပုဂ္ဂိုလ်ဘဲလို့ ပြောနေတာပါ။ ဒီလိုဆိုရင် ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့ အဆုံးမသတ်နိုင်တဲ့ အလုပ်ကို မလုပ်တော့ဘူး၊ ဒီလို ဆုံးဖြတ်ချက်ချ လုပ်ဆောင်ဖို့ လိုတယ်။ ဒါ သိပ်အရေးကြီးပါတယ်။
ဘုန်းကြီးတို့လည်း ကဲ့ရဲ့တဲ့ အလုပ်တွေ ဘ၀မှာ ထိုက်သည့်အားလျော်စွာ လုပ်ခဲ့ဖူးတယ်။ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကို ပြန်သုံးသပ်ကြည့်တယ်။ သာသနာတော်ကို ချစ်မြတ်နိုးတဲ့အတွက် သာသနာတော်အတွင်းမှာ ပုံမကျ ပန်းမကျ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရတဲ့အခါ ကိုယ်နဲ့ သဘာဂ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီအကြောင်းကို ဆွေးနွေးဖြစ်ကြ ပြောဖြစ်ကြတယ်။ ဘယ်လို လုပ်ကြမလဲ ဘယ်လို
ဖြေရှင်းကြမလဲ ဘယ်လို ကိုင်တွယ်ကြမလဲပေါ့၊ ဒီလို လုပ်ခဲ့တာပါ။ ပြောဖို့လိုတဲ့အရာတွေလို့တော့ ပြောနိုင်တယ်နော်။
ဒါပေမယ့် ဒီအမှုတွေလည်း အဆုံးမသတ်ဘူး။ ဘာဖြစ်လို့လဲ၊ ရဟန်းဘောင်ထဲမှာလည်း ပြည့်ဝတဲ့ ရဟန်းတော်တွေ ရှိသလို မပြည့်ဝတဲ့ ရဟန်းတော်တွေ ရှိတယ်။ သီလ မြတ်နိုးတဲ့ ရဟန်းတော်တွေရှိသလို သီလ မမြတ်နိုးတဲ့ ရဟန်းတော်
တွေလည်း ရှိနေကြတယ်။ အကျင့်၌ ပြည့်စုံတဲ့ ရဟန်းတော်တွေ ရှိနေကြသလို အကျင့်၌ မပြည့်စုံတဲ့ရဟန်းတော်တွေလည်း ရှိနေကြတယ်။
ဒီလို ရှိနေတော့ ဒါတွေကို ပြောနေရင်လည်း အဆုံးသတ်မှာ မဟုတ်ဘူး။ အဆုံးမသတ်နိုင်တဲ့ ဒီအလုပ်တွေကို ထပ်ခါထပ်ခါ ပြုနေရင် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးသွားတယ်နော်၊ တန်ဖိုးရှိတဲ့အချိန်တွေ အချည်းနှီး ဖြစ်သွားတယ်။
ဒီလို စိတ်ထဲ ဖြစ်လာတယ်။ ငါ့ဘ၀ရဲ့ အချိန်တွေကို ဒီနည်းနဲ့တော့ ကုန်ဆုံးခွင့်မပေးချင်ဘူး။ အဆုံးမသတ်နိုင်တဲ့ ကဲ့ရဲ့ခြင်းကို မလုပ်တော့ဘူး ဒီလို ဆုံးဖြတ်ချက်ချမိတယ်။ ဘာဖြစ်လို့လဲ ...၊
ဘ၀ကို တန်ဖိုးရှိရှိ နေချင်တယ်ကိုး၊ မလိုအပ်ရင် ဘယ်သူ့နဲ့မှ စကားမပြောချင်ဘူး၊ အချိန်တွေ အချည်းနှီး ကုန်ဆုံးတယ်။
သို့သော် ‘ဓမ္မ’ ထွန်းကားဖို့ ‘အဓမ္မ’ မထွန်းကားဖို့ ‘ဓမ္မ’ဘက်တော်သားတွေ အားရှိမယ်ဆိုရင် ‘ဓမ္မ’အတွက် အလုပ် လုပ်မယ်။ ပြောဖို့လိုရင် ပြောမယ်။ ‘အဓမ္မ’ တွေ သိပ်အားကောင်းနေပြီဆိုရင်တော့ ကိုယ့်လမ်းကိုယ်ရွေးမယ်။
အရှင်ရေဝတ
ဖားအောက်တောရ
(တန်ဖိုးရှိရှိနေမယ် မှ)
Buddhavasa Tiloka
No comments:
Post a Comment