Wednesday, December 25, 2013

ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်


တနင်္လာ၊ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ်

ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက်အရ သိရသည်။

အရွယ်ရောက်ပြီးသူ ၁၀၀ တွင် ၈၅ ဦးမှာ စစ်တမ်း မကောက်ယူမီ တစ်လအတွင်း လူမှုရေး၊ ဘာသာရေးအဖွဲ့ တစ်ခုခုသို့ ငွေကြေး လှူဒါန်းဖူးသူများ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများမှာ ကမ္ဘာ့ အလှူပေးဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၇၆ ဦးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။

အလှူပေးမှုမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနှင့်များစွာ မသက်ဆိုင်ဟု မြန်မာက သတိပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ အရက်ရောဆုံး နိုင်ငံသားစာရင်း ထိပ်ဆုံး ဆယ်နိုင်ငံတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သည့် G20 စာရင်းဝင် နှစ်နိုင်ငံသာ ပါဝင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ထောက်ပြထားသည်။

တစ်လအတွင်း ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း တစ်ခုခုသို့ ငွေကြေး လှူဒါန်းမှု၊ အဆိုပါ အဖွဲ့တစ်ခုခုသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်အားပေးမှုနှင့် အကူအညီ လိုအပ်နေသူ မျက်နှာစိမ်း တစ်ဦးကို အကူအညီ ပေးမှုစသည့် အချက်သုံးချက်အပေါ် အဓိက တိုင်းတာသည့် ကမ္ဘာ့ ပေးလှူမှု စာရင်း (World Giving Index) တွင်မူ အမေရိကန် ပြည်ထောင်စုက ပထမဆုံး ဖြစ်ပြီး မြန်မာနိုင်ငံကမူ ကနေဒါ၊ နယူးဇီလန် နိုင်ငံတို့နှင့် ဒုတိယနေရာ၌ ပူးတွဲ ရပ်တည်နေကြောင်း CAF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ အနေနှင့် ယင်းသို့ ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်းမှာ ပေးလှူ လိုသော စေတနာ သဒ္ဓါတရား အားကောင်းသည့် လူမျိုးများ ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာရဟန်းတော် အရှင်ဓမ္မပိယက မိန့်ကြားသည်။
“အကျိုးဖြစ်ထွန်းမှုကတော့ ပေးလှူသူရဲ့စေတနာ၊ ပေးလှူတဲ့နေရာ အပေါ်မှာ မူတည်လိမ့်မယ်” ဟု အရှင်ဓမ္မပိယက ရှင်းပြသည်။

အကူအညီလိုသူ မျက်နှာစိမ်းကို အကူအညီပေးမှု ထိပ်ဆုံးစာရင်းတွင် အမေရိကန် ပြည်ထောင်စုက ၇၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး လူမှု အဖွဲ့အစည်းများတွင် လုပ်အားပါဝင်မှု ထိပ်ဆုံးစာရင်း၌ တာ့ခ်မင်နစ္စတန် နိုင်ငံက ၅၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို ထည့်သွင်း ကောက်ယူသည့် အဆိုပါ World Giving Index စာရင်းတွင် ၂၀၀၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်လည် ထည့်သွင်း ကောက်ယူခြင်း ဖြစ်ပြီး နိုင်ငံအလိုက် စာရင်းတွင် ဒုတိယနေရာ၌ ပထမဆုံး ဖော်ပြခံရခြင်း ဖြစ်သည်။


အေးချမ်းမွန် Credit To > The Voice Weekly < Thank

No comments:

Post a Comment