Wednesday, December 25, 2013

“စကားတွေမှာ အစွမ်းရှိတယ်”



ပြောလိုက်တဲ့စကား၊ ကြားရတဲ့စကား ဘယ်စကားပဲဖြစ်ဖြစ်
အစွမ်းသတ္တိတွေရှိတယ်။ ရှိတာမှ ကြီးကြီးမားမားကို ရှိနေတယ်။
ကောင်းမြတ်တဲ့ စကားတစ်ခွန်းဟာ ကောင်းမြတ်တဲ့ဘက်မှာ ဘာကိုမဆို ဖြစ်စေနိုင်တယ်။

“ ငါ ရပ်နေတယ်၊ သင်ဟာ မရပ်တာ ” ဆိုတဲ့ မြတ်ဘုရားရဲ့ စကားတစ်ခွန်းကြောင့်
အင်္ဂုလိမာလဟာ လူဆိုးကြီးဘဝကနေ သူတော်ကောင်းဘဝကို ရောက်ခဲ့တယ်။

“ သူတစ်ပါးကို ရှာတာနဲ့ ကိုယ့်ကိုယ်ကို ရှာတာ ဘယ်ဟာမြတ်လဲ” ဆိုတဲ့
မြတ်ဘုရားရဲ့ အမေးစကား တစ်ခွန်းကြောင့် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့ဟာ
အရူးအမူးဘဝကနေ ရဟန်းမြတ်တွေ ဖြစ်သွားခဲ့ကြတယ်။

လောကီဘက်ကကြည့်ရင်လည်း “ နှုတ်ချို သျှိုတစ်ပါး” ၊ “ နှုတ်ကောင်းတော့ပြည်စိုး ” ၊
“ရုပ်ချောနှင့် အပြောကောင်းတွင် အပြောကောင်းကို ပိုချစ်ကြသည်” စသည်ဖြင့်
စကားကောင်းတို့ရဲ့ အစွမ်းကိုဖော်ကျူး ထားတာလည်း ရှိပါတယ်။

စကားတွေကကောင်းတဲ့ဘက်မှာသာ စွမ်းတာမဟုတ်ပါဘူး။
ဆိုးတဲ့ဘက်မှာလည်း အလွန် အစွမ်းထက်ပါတယ်။
ဆိုးဝါးတဲ့ စကားတစ်ခွန်းကြောင့် အကြီးအကျယ် ဒုက္ခရောက်သွား နိုင်တယ်။
“နှုတ်ကြောင့်သေ ၊လက်ကြောင့်ကြေ” ဆိုတဲ့အတိုင်း စကားတစ်ခွန်းကြောင့်
အသက်ဆုံးရှုံးတာတွေ၊ ရာဇဝတ်မှုတွေ ဖြစ်ပြီး အချုပ်ထဲ ထောင်ထဲ
ရောက်သွားကြတာတွေ အများကြီးရှိပါတယ်။

အဆိုးဆုံးကတော့ မှားယွင်းတဲ့ စကားတွေကြောင့်
အယူအဆတွေမှားပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်တဲ့ အဖြစ်ပါပဲ။
အပေါ်ယံကြည့်ရင်လည်း “ ပြောမိတဲ့ စကားတစ်ခွန်း ” ကြောင့်
နောင်တနှင့် ပူလောင်ဆင်းရဲရတာတွေ၊ အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်ပြီး
ရှုပ်ထွေးမှုတွေဖြစ်လာလို့ ဖြေရှင်းရတာတွေ ရှိပါတယ်။

“ ကြားရတဲ့စကားတစ်ခွန်း ” ကြောင့် စိတ်ဆင်းရဲရတာတွေ၊
စိတ်ညစ်ရတာတွေ ငြင်းခုံရတာတွေ၊ ခိုက်ရန်ဒေါသဖြစ်ရတာတွေလည်း ရှိပါတယ်။

ဒါကြောင့်လည်း စကားနှင့်ပက်သက်ပြီး အတွေ့အကြုံ ရှိကြတဲ့ လူကြီးသူမတွေက
“ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်း လက်လေးသစ် ”
“ ကြမ်းကျွံရင် နှုတ်လို့ရတယ်၊ စကားကျွံရင် နှုတ်လို့မရဘူး ” စသည်ဖြင့်
အဖိုးတန် ဆိုရိုးစကားတွေနှင့် စကားကို သတိကြီးစွာထားပြီး
ပြောကြဆိုကြဖို့ တိုက်တွန်းကြတာပေါ့။

** အရှင်ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) “ စကားတို့၏အစွမ်း ” စာအုပ်၏
အစွမ်းထက်သောစကားများ မှ ကောက်နုတ် ရေးသားတင်ပြထားပါသည်။
အရှင်ဥတ္တမ (သစ္စာရွှေစည် ဆရာတော်)ပေ့ခ်ျမှ--

No comments:

Post a Comment