Wednesday, December 25, 2013

{{ ဣရိယာပုတ်ကို ပြင်ပေးရမှာ ဟုတ် မဟုတ် }}


တရားကျင့်နေစဉ်အတွင်း ရုပ်ဖောက်ပြန်မှု ဒုက္ခကြောင့် ဖြစ်လာသော ပြင်းထန်သည့် စိတ်ဆင်းရဲခြင်း ဒေါသကို အဒေါသဖြင့် အစားထိုးနိုင်အောင် ကျင့်ခြင်းကို သည်းခံခြင်းဟု ခေါ်သည်။
၎င်းအစားထိုး သည်းခံမှုပြုခြင်းသည်ပင်လျှင် တရားကျင့်ခြင်းဖြစ်သည်။
သည်းခံမှုပြုခြင်းသည်ပင်လျှင် တရားကျင့်ခြင်းဖြစ်သည်။
သည်းခံခြင်းနှင့် ဆက်စပ်နေသော ဒေါသသည် အကုသိုလ်တရားဖြစ်သည်။ သည်းခံမှု အဆုံးသည် နိဗ္ဗာန်ဖြစ်သည်။
ခန္ဓာကိုယ်ဆင်းရဲခြင်း နှင့် ဆက်စပ်နေသော ဒေါသသည် အကုသိုလ်တရားဖြစ်သည်။
ထိုအကုသိုလ်ကို မပယ်နိုင်ပါက မိမိ၏ စိတ်သည် ဆင်းရဲမှုချုပ်ရာ
နိဗ္ဗာန်ကို မည်ကဲ့သို့  အာရုံပြုမည်နည်း။
တရားကျင့်စဉ် ခံစားရသောဝေဒနာသည် သေလောက်သော ဆင်းရဲမှုဝေဒနာမဟုတ်ပါ။
တရားကျင့်နေစဉ်အတွင်း ကိုယ်၌ဖြစ်သော ကာယိကဒုက္ခဝေဒနာကို
သက်သာအောင် ပြုပြင်ပေးရမည်ဟူ၍ ဘုရားဟော ဒေသနာ မပါရှိပါ။
သည်းခံမှုဖြင့် တရားကျင့်ရမည်ဟုသာ ပါရှိသည်။

♣{{ သည်းခံခြင်းဖြင့် ပယ်အပ်သော အကုသိုလ်တရားများ }} ♣

ရဟန်းတို့ ... အဘယ် အာသဝေါတို့ ကို သည်းခံခြင်းဖြင့်
ပယ်အပ်ကုန်သနည်းဟူမူ.....
ရဟန်းတို့  ဤသာသနာတော်၌ ရဟန်းသည် သင့်သော
အကြောင်းအားဖြင့် ဆင်ခြင်၍ အချမ်း ၊ အပူ ၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း ၊ မှက်၊ ခြင်၊ လေ ၊ နေပူ ၊ မြွေ ၊ကင်း ၊ သန်း အတွေ့ တို့ ကို သည်းခံနိုင်၏။
မကောင်းနိုင်သဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ ကို၎င်း ကိုယ်၌ ဖြစ်ဆဲ ဖြစ်ကုန်သော ပြင်းထန်ကြမ်းကြုတ် ခါးစပ် ကျင်နာမသာယာဖွယ် မနှစ်မြို့ ဖွယ် သော အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ ကို ၎င်း သည်းခံခြင်းသဘောရှိသူသည်ဖြစ်၏ ။

ရဟန်းတို့ .. ယင်းအရာတို့ ကို သည်းမခံနိုင်သော ထိုရဟန်းအား
အာသဝေါတရား ပင်ပန်းခြင်းကို ပြုတက်ကုန်သော ကိလေသာဟူသော
ပူလောင်မှုတို့ ကို ဖြစ်ကုန်ရာ၏။ ဤသို့ သင့်သော အကြောင်းအရာအားဖြင့် ဆင်ခြင်၍ သည်းခံနိုင်သော ထိုရဟန်းအား အာသဝေါတရား ပင်ပန်းခြင်းကို ပြုတက်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့ သည် မဖြစ်ကုန်။ ရဟန်းတို့ .... ဤအာသဝေါတို့ ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်၏။

တရားကျင့်နေစဉ်အတွင်း အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာကိုပင်လျှင် သည်းခံရမည်ဟု မြတ်စွာဘုရားရှင် aဟာကြားထားသည်။ ယခုအခါ အချို့ ဆရာတို့ သည်
"ဣရိယာပုတ် လေးပါး ပေးထားသည်။ ဓာတ်လေးပါး ဖောက်ပြန်၍ ဝေဒနာတက်လာလျှင် ပြုပြင်ပေးရမည်။ စိတ်ဆင်းရဲလျှင် သမာဓိမရနိုင် " ဟု ညွှန်ကြားကြသည်။ သို့ သော်လည်း သည်းခံမှုကိုကား မဟောပါ။
ဒုက္ခအာရုံကို နှလုံးမသွင်းပဲ မိမိ မူလ ကမ္မဋ္ဌာန်းကို ရောက်အောင် အားငါးပါးဖြင့် စိတ်ကို ဆောင်ယူ၍ မူလကမ္မဋ္ဌာန်း၌ သီလ၊ သမာဓိ ဆောက်တည်ရမည်ဟု တပည့်တို့ အား မညွှန်ကြားပဲ မသိကျိုးကျွံပြုနေကြသည်။

"တရားအားထုတ်မှုသည် ကိုယ်အနာခံ၍ ကျင့်စရာ မလို။
အနာခံကျင့်ခြင်းသည် " အတ္တကိလမထာနုယောဂ " ဖြစ်၍ သမာဓိမရနိုင် " စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားသည်ကို ဟောကြားသလို လုပ်ကြံ၍ ပြောဆို ညွှန်ကြားကြသည်။ ယင်းသို့ ပြောဆိုခြင်းသည် တရားကျင့်သော ယောဂီတို့ အား သဒ္ဒါစသော အားငါးပါး ယုတ်လျော့စေပြီး သည်းခံမှုပါ ယုတ်လျော့သွားစေသည်။ ဒိဋ္ဌိနှင့် တဏှာအလိုသို့ လိုက်ကာ မဂ်တား ဖိုလ်တား ဖြစ်ရတော့သည်။

" အတ္တကိလမထာနုယောဂ "ဆိုသည်မှာ သာသနာပ ဒိဋ္ဌိတို့ ၏ မဂ္ဂင်ရှစ်ပါးနှင့် ဆန့် ကျင့်၍ ဆူးနင်း မီးလှုံ စသော အကျင့်များကိုသာ ဆိုလိုသည်။

ရှင်ဂေါဓိကမထေရ် တရားကျင့်ရာတွင် မဂ်ဖိုလ် ရနိုင်ရန် အတွက် အထောက်အပံ့ ဖြစ်စေခြင်းငှာ လည်ပင်းကို သင်တုန်းဓားဖြင့် လှီးဖြတ်ကာ မဂ် နှင့် အသက်လဲသွားသည်။ ထိုအကြောင်းအရာကို မြတ်စွာဘုရားရှင် သိပါလျက်နှင့် မာရ်နတ်တားသည့် ကြားမှ ရှင်ဂေါဓိကမထေရ်အား တားမြစ်တော်မမူသည့်အပြင် ဤကဲ့သို့ ချီးမွမ်းသွားသည်။

{{အမြစ်ရင်းနှင့်တကွသော တပ်မက်မှု " တဏှာ "
ကို နုတ်ပယ်၍ ဂေါဓိကသည် ပရိနိဗ္ဗာန်ပြု၏ ၊
ပညာရှိတို့ သည် ဤသို့ လျှင် ပြုကုန်၏ ၊
မိမိ အသက်ကို အလိုမရှိကြကုန် }}

" န ခေါသုခေန သုခံ အဓိဂန္တဗ္ဗံ ၊ ဒုက္ခေန ခေါ သုခံ အဓိဂန္တ ဗ္ဗံ "

ပညာ ရှိတို့ သည် တရားနှင့်ပတ်သက်လာလျှင် အသက်ကိုပင် မငဲ့ကွက်။ ပညာမဲ့တို့ သည် အသက်ကို မဆိုထားနှင့်
ခန္ဓာကိုယ် အနည်းငယ် နာကျင်သည်ကိုပင် တရားမရနိုင်ဟူ၍ ပုံကြီးချဲ့ ကာ ဟောပြောညွှန်ကြားနေကြသည်။


ကျေးဇူးတော်ရှင် အောင်လံ 
သဲအင်းဂူ ဆရာတော် ဘုရားကြီး 
အသျှင်စန္ဒိမာ

လက်တွေ့ ကျင့်စဉ် အခြေခံသိမှတ်ဖွယ် ကျမ်း မှ
ကောက်နှုတ်ဖော်ပြ ပူဇော်ပါသည်။

No comments:

Post a Comment