Wednesday, December 25, 2013

မလုံ့တလုံခေတ်


ဥပဒေမရှိတဲ့အကြည့်တွေကပဲ လိုရာအာရုံဖက်ကို တွန်းနှင်ခဲ့
လေသလား။ ဣနြေ္ဒမဲ့နေတဲ့မျက်လုံးအစုံက မလုံ့တလုံမြင်ကွင်း ရဲ့
ညို့ငင်ရာစက်ကွင်းဆီသို့ ဦးတည်လျက် မျက်တောင်ခတ်ရ မှာကိုပင် နှမြောနေမိသလို။
မလုံ့တလုံအလှက ပိုပြီးကဗျာဆန် နေရော့သလား။ အကြည့်တွေ
အားလုံးက အဲဒီမလုံ့ တလုံမြင် ကွင်းဆီမှာ ရောက်နေကြတယ်။
တစ်ချို့က မသိမသာခိုးကြောင် ခိုးဝှက်နဲ့။ တစ်ချို့က သေချာတဲ့ တမင်တကာအကြည့်နဲ့။

မျက်မှောက်ခေတ်မှာ အားလုံးမလုံ့တလုံဖြစ်နေကြပြီလေ။ အစကတော့ ရုပ်ရှင်တွေထဲမှာ မလုံ့တလုံ၊ နောက်တော့ရပ်ကွက်တွေမှာ၊ ဈေးတွေမှာ၊
လမ်းတွေမှာ၊ စူပါမားကက်တွေမှာ၊ မြို့တွေ၊ နယ်တွေ၊ တောရွာတွေမှာ မလုံ့တလုံတွေဖြစ်ကုန်ပြီ။ ခုတော့ တန်းကျောင်းတွေ၊
ဘုရားကျောင်းကန်တွေအထိ အဲဒီမလုံ့တလုံဓာတ်တွေ ကူးနေပြီလေ။ အမေဆင်ထားတာ လဲ မလုံ့တလုံ။ သမီးကိုဆင်ပေးတာလဲ မလုံ့တလုံ။ သူလဲမလုံ့တလုံ၊ ကိုယ်လဲမလုံ့တလုံ။ တောကကြီးမေ
မြင်စကတော့ မျက်လုံးရှက်သလို့နဲ့။ ခုတော့ သူလဲမလုံ့တလုံ။ လက်စသတ်တော့ ခေတ်ကိုက မလုံ့တလုံဖြစ်နေ ပြီပဲ။

မိမိကိုယ်ပြန်ကြည့်လိုက်တော့လဲ မလုံ့တလုံ။ ဘာတွေများ မလုံ့တလုံဖြစ်နေတာပါလိမ့်။ ပြန်စဉ်းစားလိုက် တော့ ကိုယ့်ပါးစပ်ကို လိပ်ပြာမလုံခဲ့ဘူး။ နေ့စဉ်ပြောဆိုနေတဲ့ စကားလုံးတွေထဲမှာ
အရောင်တွေ ရောနေသ လိုပဲ။ အစွန်းအထင်းတွေနဲ့ မဲညှစ်နေသလိုပဲ။ အညှီအဟောက်တွေနဲ့ အပုပ်နံ့ထွက်နေ သလိုပဲ။ ပြောဆို ဆက်ဆံနေတဲ့ စကားလုံးတွေက စင်ကြယ်မှုမရှိသလိုပဲ။
စကားလုံးတွေမှာ နောက်ခံ ဂုဏ်ဒြပ်ရဲ့ ရောင်ပြန် ဟပ်မှုတွေ ပါနေသလိုပဲ။ လူတွေနဲ့ ပြောဆိုဆက်ဆံနေတာ ရင်ထဲကနေ မသန့်ရှင်းတဲ့လေတွေကို စကားလုံး အဖြစ်ပြောင်းပြီး အန်ထုတ်နေရသလိုပဲ။

အမူအရာတွေက ယဉ်ကျေးမှုနဲ့ သွေဖယ်နေသလိုပဲ။ "ဂါရဝေါစ နိဝါတောစ ဧတံ မင်္ဂလ မုတ္တမံ"စတဲ့ မင်္ဂလာ တရားတော်လဲ ရွာဦးကျောင်းစာအုပ်ထဲမှာ ကျန်ခဲ့ပြီထင်တယ်။ နူးညံ့သိမ်မွေ့တဲ့ ပြုမူပြောဆို ဆက်ဆံမှုမျိုး အတွက် သင်ရိုးညွန်းတမ်းတွေ မကျေညှက်ခဲ့။ လူကြီးမိဘ ဆရာသမားများနှင့် ဆက်ဆံရေးကဏ္ဍမှာလဲ ဂါရ၀နိဝါတတရားတွေ ဆိတ်သုန်းနေသလိုပဲ။
ကိုယ်ကျင့်သီလဆိုတာလဲ မုဆိုးပါးစပ်ကဆိုတဲ့ “ပါဏာတိပါ တာ ဝေရမဏိ” လို ဖြစ်နေပါပြီထင်တယ်။

လိုချင်တဲ့ပစ္စည်းအတွက် ပြဌာန်းချက်ဆိုတာမရှိဘူး။ အကြံတူလျှင်သူစားပဲလေ။ ပေးတာမပေးတာသူအလုပ်။ ရအောင်ယူတတ်ဖို့က ကိုယ့်အလုပ်။ သူအလို့ခံရတဲ့ကိစ္စကို သူခိုးလို့စွပ်စွဲနေလဲ ဘာထူးမှာလဲ။ ကိုယ်ကျင့် သီလကို လက်တစ်လုံးခြားကစားတတ်ရင် အပြစ်လွတ်တယ်လို့ ခံယူထားတာ။ စီးပွားရေးလုပ်နေတာပါဆို ဘုရားဟောပေတံနဲ့ညှိနေရင်
အကျိုးအမြတ်တွေ နည်းကုန်မှာပေါ့။ နောင်လာနောင်ဆေး၊ လောလောဆယ် ချမ်းသာဖို့အရေး ရှေ့တန်းတင်ရမှာပဲ။ ကိုယ့်ဖက်ကအနိုင်ရရင်တော့ မတရားတာမရှိပါဘူး။ ကိုယ့်အမြင် မှာတော့ ကိုယ်လုပ်တာသမ္မာအာဇိက ကျတယ်လေ။

ပြောနေကြတဲ့စကားတစ်ခုက ကံဆိုတာအလုပ်၊ အလုပ်ဆိုတာကံ၊ အလုပ်မကောင်းကံမကောင်း၊ အလုပ်ကောင်းမှ ကံကောင်းမည်တဲ့။
ဘုရားရှင်ကတော့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့်ပတ်သက်တဲ့
ဒုစရိုတ် တရားဆယ်ပါးကို လုံအောင်စောင့်ထိမ်းကြဖို့ ဟောခဲ့ပါတယ်။ မကောင်းတဲ့အမူအရာ အပြောအဆို အနေ အထိုင် အကြံအစီတွေကို ရှောင်ကြည်ပြီး၊ ကောင်းတဲ့အမူအရာ၊ အပြောအဆို၊ အကြံအစီတွေကို ပြုမူပြောဆို ကြံစီရမယ်ဆိုတဲ့ သဘောပါ။

ကံကိုအလုပ်တစ်ခုလိုသဘောထားပြီး စဉ်းစားကြည့်လိုက်တော့ ကိုယ့်လုပ်ရပ်တွေအပေါ် လိပ်ပြာမလုံသလို ဖြစ်လာတယ်။ ကာယကံမြောက် ပြုလုပ်လိုက်တဲ့တစ်ချို့ကိစ္စတွေမှာ
လူ့ယဉ်ကျေးမှု လောကသသဘာဝနဲ့ ဆန့်ကျင်ပြီး ပြုမူမိခဲ့တာတွေ ဘယ်လောက်များနေပြီလဲ။ လိမ်ညှာတဲ့စကားမျိုး(မုသာဝါဒ)၊ အတို့အထောင် အတိုင်အတောတွေနဲ့ အတင်းနှောတဲ့စကားမျိုး (ပိသုန၀ါစာ)၊ မယဉ်မကျေး ရုန့်ရင်းကြမ်းတမ်းတဲ့စကားမျိုး (ဖရုသ၀ါစာ)၊ အဆင့်အတန်းမရှိ အကျိုးမဲ့ သိမ်ဖျင်းတဲ့ စကားမျိုး(သမ္ဖပလာပ)တွေ ဘယ်လောက်များပြောဆို ခဲ့ပြီလဲ။

မကောင်းတဲ့စိတ်ဆန္ဒတစ်ခုက အကောင်အထည်မဖော်ဖြစ်ရင်တော့ ကာယကံမူ၊ ၀စီကံမူမမြောက်ပါဘူး။ ဒါပေမယ့် အမှားများစွာကို ကျူးလွန်ခဲ့ဖူးတယ်။ လိမ်ခဲ့ညှာခဲ့ လှည့်စားခဲ့ဖူးတယ်။ ကဲ့ရဲ့ရှုတ်ချ အပုပ်ချခဲ့ဖူး တယ်။ အတင်းပြောဖူးတယ်။ ဆဲဆိုမောက်မာပြီး စော်ကားခဲ့ဖူးတယ်။ ကုန်းတိုက်ချောက်တွန်းခဲ့ဖူးတယ်။ နိမ့်ချခဲ့ ဖိနိပ်ခဲ့ဖူးတယ်။ စောင်းမြောင်းအပြစ်တင် ဝေဖန်ခဲ့ဖူးတယ်လေ။ ကျေးဇူးရှင် လူကြီး မိဘဆရာသမား၊ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့အပေါ်မှာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ပြောဆိုလိုက်မိတဲ့ တုန့်ပြန်မှုတွေအတွက် ကံမမြောက် အပြစ်မရောက်ဘူးတဲ့လား။

ပြီးတော့မထိလေးစားနဲ့နိဝါတတရားတွေနည်းပါးခဲ့ဖူးတယ်။ အောက်တန်းကျတဲ့အမူအရာတွေနဲ့၊ အဆင့် အတန်းမရှိတဲ့ စရိုက်လက္ခဏာတွေနဲ့ မထိလေးစား ဟေးဝါးနေခဲ့ဖူးမယ်။ မခိုးပေမယ့်
မသိအောင် ယူခဲ့ဖူး မယ်။ မမိုက်ပေမယ့် စရိုက်တွေကြမ်းခဲ့ဖူးမယ်။ တကယ်တော့ငါဟာ ကိုယ့်အတ္တအတွက် အမှားမကင်း ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေသုံးပြီး အပြစ်များစွာ ကျူးလွန်မိနေသူ တစ်ယောက်ပဲ။

ကံဆိုတာအလုပ်လို့ ဆိုထားတာပဲ။ ကာယကံဝစီကံမလုံတဲ့ မိမိအတွက်တော့ယိုနေတဲ့ကန်ထဲကို ရေထည့် သလိုဖြစ်နေပြီထင်တယ်။
လုပ်ရပ်တွေ မကောင်းခဲ့တဲ့မိမိအတွက် ကံကောင်းခြင်းဆိုတာကို မျော်လင့်ပိုင်ခွင့် ရှိပါ့မလား။ အတိတ်ကံတွေကော လုံခဲ့လို့လား။ ကံအကျိုးပေးကောင်းကြသူအချို့ရဲ့ ကိုယ်အမူအရာ နှုတ် အမူအရာတွေကို လေ့လာကြည့်လိုက်တော့ အပြစ်အနာအဆာ မတွေ့ရသလိုပဲ။ ကံအကျိုးပေးညံ့သူတစ်ချို့ရဲ့ ကာယကံဝစီကံတွေမှာတော့ လုံခြုံမှုအားနည်းနေသလိုပဲ။

ဘ၀ကို ကံနှင့်ချည်းတည်ဆောက်လို့မရပေမယ့် ကံမလုံရင်တော့ ဘ၀ဇာတာခွင်မှာ ဇကာပေါက်တွေ နဲ့ ပြည့်နေမှာပဲ။ လူ့ဘ၀ရဲ့ချိန်ခွင်ရှာ တစ်ဖက်တစ်ချက်စီမှာ သုစရိုက်(၁၀)ပါးနဲ့ ဒုစရိုက်(၁၀)ပါး အညီအမျှ ရှိပါတယ်။ မိမိပြောဆိုလုပ်ကိုင် ဆောင်ရွက်နေမှုအပေါ် မူတည်ပြီး အလေးသာပါလိမ့်မယ်။ ကာယကံလုံဖို့ အတွက် ကိုယ်အမူအရာတွေကို ပြင်ရပါလိမ့်မယ်။ ၀စီကံလုံဖို့အတွက် စကားအပြောအဆိုတွေကို ပြင်ဖို့လိုပါ လိမ့်မယ်။ စိတ်ထားတွေပြင်နိုင်မှ မနောကံပါလုံပြီး မိမိဘ၀ရဲ့ချိန်ခွင်ရှာက ကောင်းတဲ့ဖက်မှာ အလေး သာတော့မှာပေါ့။

ဥပဒေမရှိတဲ့မျက်လုံးနဲ့ မလုံ့တလုံတွေကိုကြည့်လို့ အပြစ်မဖြစ်ပေမယ့် ကာယကံ ၀စီကံစောင့်ထိမ်းမှု မရှိ ယင်တော့ ကံဥပဒေရဲ့ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မယ်။ ဘုရားမှာ သန့်ရှင်းရေး ကုသိုလ်ယူနေတဲ့ မိန်းကလေး ရဟန္တာမထေရ် ထွေးသွားတဲ့တံထွေးကိုမြင်ပြီး “ဘယ်ပြည့်တန်ဆာမ ထွေးသွားတာလဲ”ဆိုတဲ့ စကားတစ် ခွန်းကြောင့် ဘ၀ဆက်တိုင်း ပြည်တန်ဆာမဖြစ်ရရှာသော အမ္ဗပါလီ။ “မင်းရဲ့ ဘုရားဟောမည့် တရားတော် တွေကို လိုက်နာလို့ ငါ့အတွက် ဘာအကျိုးတွေရှိမှာလဲ၊ မင်းရဲ့ဘုရားက ငါ့လယ်ကို
လာထွန်ပေးမှာတဲ့လား” ဆိုတဲ့စကားကြောင့် ဘုရားနှစ်ဆူ ပွင့်တော်မူသည်အထိ လယ်သမားပြိတ္တာ ဖြစ်ခဲ့ရသူတို့ဟာ ၀စီကံရဲ့ ဒဏ်ခတ်ခြင်းကို ခံရတာပဲမဟုတ်လား။

မြင်ရကြားရကြုံရတဲ့ တစ်ချို့လောကဓံရဲ့ ရိုက်ချက်တွေက ခန္တီတရားကို
ဆွံ့အသွားစေတာအမှန်ပဲ။ အဲဒီ အတွက် မိမိရဲ့တုန့်ပြန်မှုတစ်စုံတစ်ရာက
ကံကြီးမထိုက်လောက်ပေမယ့် မလုံ့တလုံပါးစပ်ကနေ ကံသေး ထိုက်လောက်တဲ့စကားလုံးတွေ ဘယ်လောက်များ ယိုဖိတ်ခဲ့ပြီးပြီလဲ။ ကာယကံမမြောက်တဲ့ကိုယ်အမူ အရာတွေ ဘယ်လောက်များ
လွန်ကျူးမိခဲ့ပြီလဲ။ တိုက်ဆိုင်မှုကြောင့်ဖြစ်ရတဲ့ တဒင်္ဂအခိုက်အတန့်လေး ရင်ထဲမှာ အတွေးချော်မှုတွေ ဘယ်လောက်များပလူပြန်ခဲ့ပြီလဲ။ အ၀တ်စားမလုံ့တလုံက ပုံမတော်ရင် လူပုံအလယ်မှာ အရှက်ရရုံလောက်ပါပဲ။ ကိုယ်နှုတ်နှလုံး မလုံခဲ့ရင်တော့ ဓမ္မဥပဒေရဲ့ဆုံးဖြတ်ချက်အရ အသက်ညှာဆုံး ယုတ်ညံ့တဲ့ အမျိုးလောက်တော့ ဖြစ်မှာပါ။

ကံဇာတ်ဆရာအလိုကျကနေရတဲ့ ဘ၀ဇာတ်ခုံမှာ ကရုပ်လေးတွေ လှပဖို့အတွက် မိမိရဲ့ကံအလုပ်တွေကောင်းဖို့လိုပါတယ်။ ကံရဲ့ညွန်းစေရာအတိုင်း ဘ၀ဇာတ်ထုတ်ကို ခင်းကြရတာပါ။ ကံအလုပ်ရဲ့ကွဲပြားမှု က နှစ်မျိုးရှိပါတယ်။ အတွင်းအစ္ဈတ္တအလုပ်နဲ့
အပြင်ဗာဟိဒ္ဓအလုပ်ပါ။ အတွင်းအစ္ဈတ္တအလုပ်ဆိုတာက ဘာသာတရားရဲ့ ညွန်းစေရာအတိုင်း မိမိရဲ့စိတ်ထားတွေကို ပြုပြင်ပေးဖို့၊ သူတော်ကောင်းလက္ခဏာနှင့်အညီ သုစရိုက်တရားတွေကို ကျင့်သုံးဖို့ပါပဲ။ အပြင်ဗာဟိဒ္ဓအလုပ်ဆိုတာက မိမိရဲ့ စားဝတ်နေရေးအတွက် သမ္မာ အာဇီဝကျတဲ့ ကြိုးစားအားထုတ်မှုကို ဆိုလိုတာပါ။ ကံမကောင်းတာ အလုပ်မကောင်းလို့ပါ။ ဒါကြောင့် ကံကောင်းအောင် အဲဒီအလုပ်နှစ်ခုလုံး ကောင်းဖို့လိုပါလိမ့်မယ်။

ဓမ္မပဒမှာလာတာကတော့- “၀ါစာနုရက္ခီ မနသာ သုသံဝုတော၊ ကာယေန စ နာကုသလံ ကယိရာ။
ဧတေ တယော ကမ္မပထေ ၀ိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ” အဓိပ္ပါယ်ကတော့ မကောင်းတဲ့ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်ကိုရှောင်ပြီး ကောင်းတာပဲပြောမယ်၊
ကောင်းတဲ့အလုပ်တွေပဲ လုပ် မယ်၊ ကောင်းတာတွေချည်း ကြံမယ်ဆိုရင် မဂ်လမ်းနဲ့ အထက်နန်းကိုတောင် ရောက်နိုင်ပါတယ်တဲ့။

ကာယကံ ၀စီကံ မနောကံနဲ့ပတ်သက်ပြီး အပေါင်းအသင်းကြောင့်၊ စီးပွားရေးကြောင့်၊ လူမှုရေးကြောင့်၊ ကာမဂုဏ်ကြောင့်၊ မိသားစုအတွက်ကြောင့်၊ စားဝတ်နေရေးကြောင့်၊ လူကြီးလဲ မလုံ့တလုံ၊ လူငယ်လဲ မလုံ့တလုံ၊ ယောကျာ်းလဲမလုံ့တလုံ၊ မိန်းမလဲမလုံ့တလုံ၊ မိဘလဲမလုံ့တလုံ၊ သားသမီးလဲမလုံ့တလုံ၊ ဆရာလဲ မလုံ့တလုံ၊ တပည့်လဲမလုံ့တလုံ၊ တောလဲမလုံ့တလုံ၊ မြို့လဲမလုံ့တလုံ၊ သူလဲမလုံ့တလုံ၊ ငါလဲမလုံ့တလုံ၊ ခေတ်ကိုက မလုံ့တလုံခေတ်များ ဖြစ်နေပြီလား….ကွယ်။


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

No comments:

Post a Comment