အသိမကူရင် လောကကြီးဟာ အရှုပ်တွေသိပ်ထူထပ်ပါတယ်၊ အရှုပ်တွေထူသလောက် အပူတွေတကယ်ပေါတဲ့ လောကကြီးပါ၊ လောကကို အ၀ိဇ္ဇာနဲ့တဏှာက ဦးဆောင်တာဆိုတော့ ရှုပ်လဲရှုပ်ရမှာပဲ ပူလဲပူရမှာပါပဲ၊ ဒုက္ခမျိုးစုံကို ဦးဆောင်နေတာလဲ အ၀ိဇ္ဇာနဲ့်တဏှာပါပဲ၊ ရှုပ်တာလဲ သူတို့ကြောင့်ပဲ၊ ပူတာ ညစ်တာလဲ သူတို့ ကြောင့်ပါပဲ၊ ပြဿနာဆင်းရဲမျိုးစုံ တွေ့ကြုံနေရတာလဲ သူတို့ကြောင့်ပါပဲ။ တကယ်တော့ အ၀ိဇ္ဇာနဲ့တဏှာဟာ လောကကို လိမ်ညာသွေးဆောင် ဖြားယောင်းနေတာပါ။
တရားကို ဦးဆောင်ပေးတာက သတိနဲ့ ဥာဏ်ပါ၊ ချမ်းသာမျိုးစုံကို ဦးဆောင်တာလဲ သတိဥာဏ်ပါပဲ၊ တရားကျင့်စဉ်လုပ်ငန်းအားလုံးကို ချုပ်ကိုင်ထားတဲ့ အရာဟာလဲ အဲဒီသတိဥာဏ်ပါ။ အပူအရှုပ် အညစ်ဆင်းရဲတွေကို စုပ်ထုတ် ဖယ်ရှားပစ်နိုင်တဲ့ အရာဟာ သတိဥာဏ်ဦးဆောင်တဲ့ တရားပဲရှိတာပါ။ အဲဒီတရားလမ်းကြောင်း ခင်းပေးဖို့ သတ္တ၀ါတွေအတွက် ဦးတည်ရည်ရွယ်ပြီး ပရဟိတစိတ်နဲ့ ဘု
ရားပွင့်တော်မူခဲ့တာ ဖြစ်တယ်။ သတ္တ၀ါတွေ အပေါ်မှာ အလွန်သနားတဲ့ မဟာကရုဏာတော်ကြောင့် မြတ်စွာဘုရားအလောင်းရဲ့ ပရဟိတစိတ် ပေါ်လာရတာပါ။
ဘုရားလောင်း သန္တာန်မှာ သနားတဲ့ ကရုဏာစိတ်ပေါ်ပေါက် လာရတာက ဒုက္ခိတ သတ္တ၀ါတွေကြောင့်ပါ၊ ကရုဏာပြောရင် မေတ္တာလဲပါပြီးသား၊ တကယ်စေ့စေ့စပ်စပ် ကြည့်လိုက်ရင် သတ္တ၀ါအားလုံးဟာ သနားစရာတွေချည်းပဲ။
သတ္တ၀ါတွေဟာ ဒုက္ခသစ္စာထုပ်ကြီးကို ရထားတာဆိုတော့ ချမ်းသာတယ်လို့ ဆိုရပေမယ့် အမှန်တကယ်ကတော့ ဒုက္ခတုံးတွေချည်းသာ ဖြစ်တယ်၊ ဒါကြောင့် တကယ် သနားစရာတွေချည်းပါ၊ ပြီးတော့ ဖြစ်ပျက်နှစ်တန် သင်္ခါရဒဏ်ရဲ့ နှိပ်စက်မှုကို အချိန်ပြည့်ခံနေရတာဖြစ်လို့လဲ တကယ်ဆင်းရဲနေကြပါတယ်၊ နောက်ဆုံးတော့ အိုရတယ် နာရတယ် သေရတယ်၊ ဒါကြောင့်လဲ သနားစရာ သိပ်ကောင်းလောက်အောင် ဆင်းရဲတယ်၊ ဘ၀ တစ်ခုထဲမှာလဲပဲ ကိုယ့်ဘ၀ကိုယ့်ခန္ဓာကို မကိုင်တွယ် တတ်သလောက် ဆင်းရဲကြရ, ပူလောင်ကြရပါတယ်။
ဒါတင်မကသေးဘူး စိတ်ဓာတ်ကို ညံ့ဖျင်းစေတတ်တဲ့ ကိလေသာ အပူရှိန်လောင်ပြီး စိတ်ဆင်းရဲပူလောင်ရတဲ့ ဒုက္ခကလဲ တော်တော်ပြင်းထန်တယ်၊ ဘာတွေပဲရှိရှိ အသိသတိ ကင်းကွာသလောက် မချိမဆန့်ခံရလောက်အောင် ဆင်းရဲရပါတယ်၊ မီး
ခဲကို ကောက်ကိုင်မိပြီး လွှတ်မချတတ်လို့ ပူပူလောင်လောင်နဲ့ အော်ဟစ်ငိုကြွေးရင်း ပြေးနေရတဲ့ ကလေးသူငယ်နဲ့ တူလှပါတယ်၊ သေချာကြည့်တတ်ရင် သနားဖို့ သိပ်ကောင်းပါတယ်။
ပြီးတော့ ဒီကိလေသာ လွှမ်းမိုးခံရလို့ မဆင်မခြင်ထင်ရာ လုပ်မိတဲ့ကြောင့် အပါယ်ဘုံ ကျရောက်ပြီးမဆုံးနိုင်တဲ့ ဆင်းရဲတွေထဲ နစ်မွမ်း နေကြရတာကလဲ သိပ်သနားစရာ ကောင်းတယ်။ ပုထုဇဉ်မှာ အပါယ်လွတ်နိုင်တဲ့ အာမခံ မရှိသေးဘူး။
စကားအနေနဲ့ ချမ်းသာလို့ ဆိုနေရပေမယ့် တရားအနေနဲ့ ဒုက္ခထုပ်ကို ကိုင်ထားရတာဆိုတော့ ဒုက္ခသည်တွေချည်းပဲ အဲဒီဒုက္ခရောက်နေတဲ့ သတ္တ၀ါတွေအပေါ်မှာ ဘုရားအလောင်းတော်ရဲ့ ကရုဏာ ရောက်ရှိသွားတယ်၊ ကြီးကျယ် မြင့်မြတ်လွန်းလို့ ဘုရား အလောင်းတော်ရဲ့ ကရုဏာကို မဟာကရုဏာလို့ ခေါ်တယ်၊ အဲဒီမဟာ
ကရုဏာကြောင့် ကြီးမား မြတ်မွန် ထူးချွန်တဲ့ပရဟိတစိတ် ပေါ်လာရတာ။ အဲဒီပရဟိတစိတ်နဲ့ကိုယ်ကျိုးစွန့်ခွါ အနစ်နာခံပြီး ပါရမီ ဖြည့်ကျင့်ခဲ့လို့ ဘုရားဖြစ်လာခဲ့တာပါ၊ သူ့ကို စောင့်ရှောက်တော့ ကိုယ့်ဂုဏ်လဲ ပြောင်မြောက်လာစမြဲပဲ။
အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်)
Buddhavasa Tiloka
No comments:
Post a Comment