Wednesday, December 25, 2013

အစားအသောက်ရောင်းချတဲ့သူဟာ သူတစ်ပါးရဲ့အာဟာရကို ကောင်းသောစေတနာနဲ့ ကုသိုလ်ယူပါလို့ဆိုတဲ့ ဓနုဖြူဒေါ်စောရီ


မြန်မာထမင်းဆိုင်ရဲ့မျိုးဆက် ဒေါ်အေးစန်းရီ (လှည်းတန်းဆိုင်ခွဲ) .................................................................................. 
ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်ဆိုရင် လူတိုင်းနည်းပါး သိရှိကြပါတယ်။ ဆိုင်ရဲ့ သက်တမ်းကလည်း မနည်းတော့ပါဘူး။ ၁၉၆၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ရာ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်သက်တမ်းတိုင်ခဲ့ပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းများမှ ယနေ့တိုင်အောင်မြင်နေမှုရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်းရာတွေ ရှိခဲ့သလဲ ဆိုတာကလည်း စဉ်းစားစရာ၊ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်။ ဒီတော့ မြန်မာထမင်းဆိုင်တွေထဲမှာ သက်တမ်းအရှည်ဆုံး မြန်မာ့လက်ရာစစ်စစ် အရသာများကို ပေးစွမ်းခဲ့သော ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်ရဲ့ လျှို့ဝှက်ချက်၊ အကြောင်းအကျိုးတို့ကို ဓနုဖြူဒေါ်စောရီရဲ့ မျိုးဆက်ဖြစ်သော ပထမဆုံးဆိုင်ခွဲ (လှည်းတန်းဆိုင်ခွဲ)ကို စတင်တည်ထောင်ခဲ့သူ သမီး ဒေါ်အေးစန်းရီက သူမဘ၀ တစ်စိတ်တစ်ဒေသနဲ့အတူ အခုလိုပဲပြောပြခဲ့ပါတယ်။ 

• ပထမဦးစွာ ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်လေးရဲ့ သမိုင်းကြောင်းလေးကို ပြောပြပေးပါဦး။ - အန်တီတို့အဖေတွေ၊ အမေတွေကတော့ ဓနုဖြူရွာလေးက လယ်သမားဘ၀နဲ့ ရန်ကုန်ကိုတက်လာရင်း ဖွင့်ဖြစ်သွားတာပါ။ ပြောရမယ်ဆိုရင် အန်တီ့အမေက သူကြီးသမီးပါ။ အဲဒါကို အဖေက ခိုးပြေးလာရင်း ရန်ကုန်ဆေးရုံကြီးမှာ ၀န်ထမ်းအနေနဲ့နေရတယ်။ အဲဒီမှာတာဝန်ကျတဲ့ ဆရာဝန်တွေက အဖေနဲ့အမေချက်တဲ့ တောထမင်း၊ တောဟင်းလေးတွေကို ကြိုက်ပြီးတော့ ထမင်းဆိုင်လေး စဖွင့်ကြည့်ပါလားပေါ့။ အဲဒီမှာ အန်တီအမေနဲ့ အဖေက တောင်းလေးနဲ့စပြီးတော့ ရောင်းခဲ့တယ်။ အဲဒီလိုရောင်းရင်းနဲ့ တဖြည်းဖြည်းနဲ့ အရမ်းအောင်မြင်လာတော့မှ သွားဆေးတက္ကသိုလ်ရဲ့ရှေ့ လေဟာပြင်ဈေးမှာ ပိုက်ဆံလေးကိုစုပြီးတော့မှ လေဟာပြင်ဈေးမှာ ပထမဆိုင်ခန်း ၃ ခန်းတွဲလေးကို စပြီးတော့ဖွင့်ဖြစ်တယ်။ အဲဒီကနေမှ အရမ်းရောင်းလာရတော့ ၁၅ ဆိုင်ခန်းတွဲကို တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။ အဲဒီတုန်းက အန်တီတို့ကလည်း ကလေးဆိုပေမယ့် ၀ိုင်းကူညီညာလုပ်ရတာပေါ့။ ၁၅ ဆိုင်ခန်းတွဲဆိုပေမယ့် အကြီးကြီးတော့ မဟုတ်ပါဘူး။ အဲဒီကနေမှ ၂၉ လမ်းဆိုင်ကို ဖွင့်ဖြစ်တယ်။ အဲဒီမှာ အန်တီက မောင်နှမ ၈ ယောက်ထဲမှာ ပထမဆုံး အိမ်ထောင်ကျတဲ့ သမီးဖြစ်တဲ့အတွက် ဆိုင်ထဲမှာ အန်တီတို့လင်မယား နှစ်ယောက်စလုံးက မီးဖိုချောင်ထဲမှာ အခြေခံကအစ ပညာသင်ရင်း အောက်ခြေကနေစပြီးတော့ အကုန်လုံးဝင်လုပ်ရတယ်။ အဲဒီလိုဆိုင်မှာ တတ်သင့်တဲ့ပညာတွေ အကုန်ရပြီဆိုတော့မှ လှည်းတန်းကဆိုင်မှာ စပြီးတော့ အဖေက ဆိုင်ခွဲဖွင့်ခွင့်ပေးလိုက်တာပါ။ စဖွင့်တုန်းကလည်း အလုပ်သမားဆိုတာက အန်တီတို့အမျိုးတွေချည်းပါပဲ။ ၃ ယောက်လောက်ပဲရှိတယ်။ အဲဒီမှာ အန်တီက အသားငါးဝယ်တယ်။ ခုတ်တယ်။ အန်တီ့ယောက်ျားက ထမင်းချက်၊ ဟင်းချက်လုပ်ရင်းနဲ့ စခဲ့တာပါ။ ဒါက အန်တီအခုဖွင့်နေတဲ့ လှည်းတန်းဆိုင်ရဲ့ ဇာတ်ကြောင်းပါ။ 

• အန်တီ အချက်အပြုတ်လက်ဦးဆရာက ဘယ်သူတွေပါလဲ။ - လက်ဦးဆရာတွေကတော့ အန်တီ့ ဖေဖေနဲ့မေမေပါ။ ဖေဖေလည်းချက်တယ်။ မေမေ လည်းချက်ပါတယ်။ 

• အန်တီတို့ ဓနုဖြူဘက်က အစားအသောက်နဲ့ပတ်သက်ရင် ဘာတွေအထွက်များပါသလဲ။ - ထွက်ပါတယ်။ ငါးရံ့အူတို့ စသဖြင့်ပေါ့။ ငါးတွေက ပိုများပါတယ်။ ငါးရေကျိုတို့၊ ငါးရံ့ရေကျိုလေးတို့ပေါ့။ ငါးခူဆီပြန်၊ ငါးခူစဉ်းကော စသဖြင့်မြန်မာဟင်း ဆန်ဆန်လေးတွေ အရမ်းချက်ကျပါတယ်။ အများစုကတော့ မြန်မာချက်ပဲ ချက်ကျတာများပါတယ်။ အခြား ဆန်းဆန်းပြားပြားတွေ သိပ်မချက်ကြပါဘူး။ မြန်မာဟင်းဆန်ဆန်ပဲချက်တယ်။ အန်တီလည်း မြန်မာဟင်းဆန်ဆန်ပဲ ကြိုက်တယ်။ အခြား တရုတ်စာတို့၊ကုလားစာတို့ မကြိုက်ပါဘူး။ 

• အန်တီ ပထမဆုံးချက်ဖူးတဲ့ ဟင်းပွဲလေးကရော။ - ပထမဆုံးချက်တဲ့ ဟင်းကတော့ ငါးရံ့အူပေါ့။ ငါးရံ့အူက အူချောင်းလေးတွေဆိုရင် ကိုယ်တိုင်ထိုးရပါတယ်။ သေသေချာချာ စင်အောင်ဆေးရပါတယ်။ အဲဒီလိုမဆေးရင် အရမ်းညှီပါတယ်။ မန်ကျည်းသီးတွေနဲ့ သေချာဆေးပြီး နှပ်ထားရပါတယ်။ ဆီကိုလည်း ပြန်နေအောင်သတ်ရပါတယ်။ အန်တီ့မေမေကတော့ အဲဒီတုန်းက ဘေးနားကနေ သေချာသင်ပေးခဲ့ပါတယ်။ 

• ဒါဆိုအဲဒီတုန်းကလက်ရာကရော ဘယ်လိုရှိပါသလဲ။ - အန်တီမေမေက မြည်းကြည့်တော့ ကောင်းတယ်လို့တော့ပြောပါတယ်။ တော်ပါတယ်လို့လည်းပြောပါတယ်။ 

• အန်တီချက်တဲ့ ဟင်းပွဲထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းဖြစ်မလဲ။ - လူကြိုက်အများဆုံးဆိုရင် ကြက်သားဆီပြန်ဟင်းလေးပါ။ တစ်ခါတလေတော့လည်း ကြက်သားကာလသားဟင်းလေးပေါ့။ 

• အန်တီချက်တဲ့ဟင်းကို မိသားစုထဲကပဲဖြစ်ဖြစ် ကောင်းတယ်လို့ ချီးမွမ်းခံရတုန်းက ခံစားချက်လေးကရော။ - အန်တီချက်ရင်တော့ အမြဲတမ်းကောင်းတယ်လို့ပဲ အပြောခံရတာများတယ်။ (ဘေးက အန်တီရဲ့သမီးဖြစ်သူ မအိသက်က 'အဲဒီလိုမှ မပြောရင် နောက်မစားရတော့ဘူး')(ရယ်လျက်) 

အဲဒီလို ကောင်းတယ်လို့ပြောရင်တော့ အရမ်းကိုပျော်သွားတာပါပဲ။ ကိုယ့်စိတ်ထဲမှာလည်း ဒီလို ထမင်းဆိုင်လေးဖွင့်ဖြစ်မယ်လို့ စိတ်မကူးဖြစ်ဘူး။ ဒါပေမယ့် ၀ါသနာကအရမ်းပါတော့ မေမေ မချက်နိုင်တဲ့အခါတွေမှာဆိုရင် အန်တီတို့ လင်မယားက ၀င်ဝင်ချက်တယ်။ ချက်လိုက်တိုင်းလည်း မကောင်း ကောင်းအောင်ချက်မယ်ဆိုတဲ့ စိတ်နဲ့ဝင်ချက်မိတယ်။ 

• အန်တီတို့စပြီးတော့ ဆိုင်ခွဲစဖွင့်တော့ အခက်ခဲတွေဘာတွေရှိလား။ - အခက်အခဲကတော့ သိပ်မရှိပါဘူး။ အန်တီတို့ စပြီး ဆိုင်ခွဲတယ်ဆိုကတည်းက ဖေဖေတို့၊ မေမေတို့က သေချာသင်ပေး လိုက်တယ်ဆိုတော့ အခက်မတွေ့ခဲ့ရပါဘူး။ အန်တီ့ စဆိုင်ခွဲတုန်းက အန်တီ့စားသုံးသူက ကျောင်းသားတွေလေ။ ကိုယ့်သားသမီးတွေလိုပဲ။ ဒီတော့ အန်တီစိတ်ထဲမှာ ပူပန်တာတစ်ခုက သူတို့တွေ စားလို့မှကောင်းရဲ့လားဆိုတဲ့စိတ်လေး အမြဲရှိတာပါပဲ။ ဒီတော့ အန်တီနေ့တိုင်းမေးတယ်။ သားလေး၊သမီးလေး ဒီဟင်းလေး စားလို့ကောင်းရဲ့လားပေါ့။ သူတို့က ကောင်းတယ်ဆိုရင် စိတ်ထဲမှာ ကျေနပ်သွားတာပါပဲ။ 

• အဲဒီတုန်းက ဆွေမျိုးအလုပ်သမားသုံးယောက်နဲ့ လုပ်ရတယ်ဆိုတော့ နိုင်ရောနိုင်နင်းရဲ့လား။ - အလုပ်သမားက သုံးယောက်ပဲရှိတာရယ်။ ကျောင်းသားရောင်းရတော့ နေ့လယ်တစ်ချိန်၊ ညနေတစ်ချိန်ဆိုရင် လူက အရမ်းကျတယ်။ မနိုင်ဘူးပေါ့။ ကျောင်းသားတွေက သူတို့ဖာသာသူတို့ ထမင်းဆွဲ၊ ဟင်းဆွဲ၊ သူတို့ဖာသာသူတို့ စားပွဲထိုးလုပ်ပြီးတော့ စားသွားကြတာ။ ပိုက်ဆံပေးတဲ့လူလည်းပေး၊ မပေးတဲ့လူလည်းရှိတယ်ပေါ့လေ။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က မပိတ်သေးတော့ အတော်လေးရောင်းရပါတယ်။ 

• အဲဒီတုန်းက ကျောင်းသူ၊ ကျောင်းသားတွေက အန်တီဆိုင်က ဘယ်ဟင်းတွေကို ကြိုက်ကျတာများလဲ။ - ကလေးတွေကတော့ အမဲနှပ်၊ နောက် ဘဲပေါင်း၊ ကြက်သားဆီပြန်ကို အာလူးနဲ့ ချက်တာတွေဆို သူတို့က အရမ်းကြိုက်တယ်။ 

• အန်တီတို့က မောင်နှမ ၈ ယောက်တောင်ရှိတယ်ဆိုတော့ အခြားဘယ်သူတွေကရော ဆိုင်ခွဲတွေထောင်သေးလဲ။ အန်တီတစ်ယောက်တည်းပဲ ထောင်တာလား။ - အန်တီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ စမ်းချောင်းက ညီမလေးက ဒုတိယ ဆိုင်ခွဲထောင်ပါတယ်။ တတိယကတော့ အကိုကြီးအကြီးဆုံးပါ။ 

• အန်တီဆိုင်လေးကို နာမည်ပိုတက်အောင်တို့၊ ဆန်းသစ်တီထွင်တာတို့ဘာတို့ရော ရှိလား။ - အဲဒီလိုမျိုး နာမည်တက်အောင်ဆိုပြီးတော့ လုပ်တာတော့မရှိပါဘူး။\ မြန်မာအစားအစာစစ်စစ်ကို အရသာရော၊ အရည်သွေးရော၊ သန့်ရှင်းလတ်ဆတ်မှုရော အကောင်းဆုံးဖြစ်အောင် ထိန်းပြီးတော့ချက်တာပဲရှိပါတယ်။ ဖေဖေ၊ မေမေနဲ့ အမြဲတမ်း တွဲလုပ်လာတဲ့အခါကျတော့ လက်ရည်က ကျတယ်လို့မရှိပါဘူး။ ဒီလို လက်ရည်မကျတဲ့အခါကျတော့ ကိုယ့်ဟင်းသည် ကောင်းကိုကောင်းရမယ်ဆိုတဲ့ခံယူချက် အမြဲထည့်ပြီး သတိထားလုပ်တဲ့အခါကျတော့ အမြဲတမ်းကောင်းနေပါတယ်။ နောက် အန်တီတို့က အနှစ်ချက်ပြီးတော့ အသားကို ပြုတ်ရောင်းတဲ့ဆိုင်မဟုတ်ဘူး။ မြန်မာဆိုင်စစ်စစ် ဖြစ်တဲ့အတွက် အသားကို ဆား၊ အရသာမှုန့်တွေနဲ့ သေချာနယ်ပြီး ချက်ရောင်းတာ။ ဆီသတ်ပြီးရောင်းရတဲ့ဟင်းရှိသလို၊ လုံးချက်ချက်ပြီးတော့ ရောင်းရတဲ့ဟင်းလည်းရှိတယ်။ 

• ဟုတ်ကဲ့ ဒါဆို အန်တီ့အကြောင်းလေး နည်းနည်းမေးမယ်။ အန်တီငယ်ငယ်က ဖြစ်ချင်တဲ့ စိတ်ကူးရင်အိပ်မက်ကရော ဘာများလဲ။ - အန်တီက ငယ်ငယ်တုန်းကတော့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင်လို့ စိတ်ထဲမှာ အမြဲတမ်းထားတယ်။ ကျရာနေရာမှာ အောင်မြင်အောင်လုပ်မယ်လို့ စိတ်ကူးရှိတယ်။ အန်တီက ၈ တန်း ၉ တန်းလောက်ကတည်းက မေမေတို့နဲ့ ဒီထမင်းဆိုင်လုပ်ငန်းကို လုပ်နေတာဆိုတော့ ထမင်းဟင်းချက်တာကိုတော့ စိတ်ဝင်စားနေတာပေါ့။ အမှန်က ဖြစ်ချင်တာက ရုပ်ရှင်မင်းသမီးဖြစ်ချင်တာ။ မှတ်မှတ်ရရ အန်တီ ၈ တန်းနှစ်မှာ ခင်သန်းနုရဲ့ ရုပ်ရှင်ရူးမလေးဆိုတဲ့ ဇာတ်ကားလေးနဲ့ ကျောင်းပြိုင်ပွဲမှာ ၀င်ပြီးတော့ သရုပ်ဆောင်ပြိုင်တာ အန်တီ တတိယဆုရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ အစ်ကိုတွေ၊ မောင်တွေ၊ မိဘတွေကလည်း အားမပေးတော့ ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ အားမပေးတော့ ဆက်လုပ်လို့လည်း မရတော့ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်သည် ကျောင်းတက်ချင်တက်၊ မတက်ရင် မိဘအလုပ်အကိုင်ဖြစ်တဲ့ ထမင်းဟင်းရောင်းဆိုတော့ ဒီကိုယ်လုပ်ရမယ့်လုပ်ငန်းကိုပဲ အောင်မြင်အောင်လုပ်ရတော့တာပေါ့။ 

• ဒါဆို အန်တီငယ်ငယ်က အစားသောက်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေဘာတွေ ရှိလား။ - အန်တီငယ်ငယ်က လသာ(၂) မိန်းကလေးကျောင်းမှာ တက်တာလေ။ ဒီတော့ အန်တီက ကျောင်းသွားလို့ရှိရင် ထမင်းချိုင့်ထဲမှာ ငါးမြင်းတုံးကြီးထည့်သွားတာ။ အဲဒီမှာ အန်တီ့သူငယ်ချင်းက အန်တီ့ဆိုင်က ထမင်းဟင်းဆိုရင် အရမ်းကြိုက်တာ။ အဲဒီတုန်းက ဆိုင်ကလည်း သိပ်နာမည်မကြီးသေးဘူး ကိုယ့်ဆိုင်ကဟင်းကိုဆိုရင် ကိုယ်က ဒီလောက်မစားချင်ဘူး။ ဘေးကသူငယ်ချင်းက ကိုယ်ထည့်လာတဲ့ဟင်းကိုဆို အရမ်းစားချင်တာ။ ဒီတော့ ငါးမြင်းဟင်းက အန်တီလည်းကြိုက်တယ်။ သူတို့လည်း အရမ်းကြိုက်တော့ အမြဲထည့်သွားပြီး သူတို့ကိုကျွေးတာ။ ပြောရမယ်ဆိုရင် အန်တီတို့ မိန်းကလေးကျောင်းရဲ့ ထုံးစံအတိုင်း အန်တီ့အချစ်တော်ပေါ့။ သူ့ကိုဆို အန်တီထည့်တဲ့ ဟင်းတိုင်း အမြဲတမ်းကျွေးတယ်။ ဒါလေးကတော့ အမှတ်တရရှိခဲ့တယ်။ 

• နောက် အန်တီ့အမျိုးသားနဲ့ လက်ထပ်ဖြစ်သွားပုံလေးကရော။ - အန်တီက မေမေတို့ဆိုင်မှာ လုပ်နေတဲ့အချိန်မှာ အန်တီ့အမျိုးသားက အဲဒီမှာ ကုန်သည်လုပ်တယ်။ အဲဒီမှာ အန်တီ့အမျိုးသားက ဆိုင်ကိုလာရင်းနဲ့ အန်တီနဲ့ တွေ့ခဲ့တာပါ။ ဒါပေမယ့် အန်တီကတော့ အဲဒီတုန်းက သိပ်မကြိုက်ခဲ့ပါဘူး။ အမေတို့၊ အဖေတို့က သူ့ကို အရမ်းသဘောကျတယ်။ အန်တီကလည်း လသာ ၂ မှာနေတဲ့ ကျောင်းသူဆိုတော့ ခေတ်မီပြီး အရမ်းနေရတကာလည်းပါချင်တယ်။ စာကလည်း သိပ်မကြိုးစားချင်တော့ အမေတို့၊ အဖေတို့က သူနဲ့ပေးစားလိုက်တာပါ။ ဒါပေမယ့် အိမ်ထောင်ကျတော့လည်း သူ့ကို ကိုယ်လည်းချစ်ပါတယ်။ 

• အန်တီ့ အဖေ၊ အမေတွေက အန်တီ့အမျိုးသားကို သဘောကျသွားတဲ့ အချက်လေးကရော။ - အဲဒီတုန်းက သူက အန်တီ့ကို အရမ်းကြိုက်ပါတယ်။ အန်တီကလည်း လသာ၂ မှာ ကိုယ့်ကိုကြိုက်တဲ့လူပေါတော့ မကြိုက်ခဲ့ဘူးပေါ့။ ဒါပေမယ့် အန်တီ့အဖေက သူကြိုက်နေမှန်းလည်းသိတယ်။ နောက် အဖေ့မျက်စိရှေ့မှာပဲ အန်တီအမျိုးသားက ဆိုင်သေးသေးလေးကနေ ဆိုင်းကြီးကြီးဖြစ်အောင် ကြိုးစားခဲ့တာတွေကို မြင်တယ်။ အဖေတို့ကလည်း လူကြီးတွေဆိုတော့ ရိုးတယ်။ အဲဒီမှာ အဖေက သူ့ကိုသွားမေးလိုက်တယ်။ မင်း ငါ့သမီးကိုယူမလား၊ ကြိုက်လားပေါ့။ အဲဒီမှာ သူကလည်း ကြိုက်ပါတယ်ဆိုပြီးတော့ ပေးစားလိုက်တာ။ ပြောရမယ်ဆိုရင် အန်တီ့အမျိုးသားက အဖေချစ်လို့ပေးစားခဲ့တဲ့ သားမက်ပေါ့။ 

• အန်တီက အစားသောက်တွေထဲမှာဆို ဘယ်အစားသောက်ကိုကြိုက်လဲ။ - အန်တီကတော့ ငါးရံ့ဆန်လှော်ဟင်းကိုကြိုက်တယ်။ နောက် ငါးရံ့အူဟင်းကို ကြိုက်တယ်။ 

• အန်တီစားဖူးသမျှထဲမှာ တစ်သက်မမေ့လောက်အောင်ရှိတဲ့ အစားသောက်ကရော။ - စောစောကပြောတဲ့ ငါးရံ့ဆန်လှော်ဟင်းပါပဲ။ 

• နောက် အန်တီအစားသောက်တစ်ခုခုကို စားလိုက်ရင် တစ်ယောက်ယောက်ကို သွားသတိရတဲ့ အစားသောက်မျိုးရောရှိလား။ - အဲဒီ ငါးရံ့ဆန်လှော်ဟင်းက မေမေလည်းကြိုက်တယ်။ နောက် အန်တီ့ဖေဖေဆို ၀က်သားတို့၊ ကြက်သားတို့ကို ဆီပြန်ဟင်းထဲက ပြန်ခပ်ပြီးတော့ ကြွပ်ကြွပ်ကလေးပြန်ချက်တတ်တယ်။ ဒီတော့ အဲဒီလိုဟင်းလေးတွေ ပြန်ချက်စားမိရင် မေမေနဲ့ ဖေဖေကို အရမ်းသတိရမိတယ်။ 

• အန်တီ့သမီး မအိသက်တို့နေတဲ့ အင်္ဂလန်ကိုအလည်သွားရင်ရော မြန်မာပြည်က ဘယ်အစားသောက်ကို သတိရမိလဲ။ - သမီး (မအိသက်)တို့အိမ်မှာကျတော့ သူတို့က မြန်မာအစားအစာပဲ အမြဲတမ်းချက်စားဖြစ်တော့ သိပ်ထွေထွေထူးထူး သတိရတာမရှိပါဘူး။ ကိုယ့်ဘာသာကိုပဲ မြန်မာထမင်းဟင်း ချက်စားဖြစ်တာများတယ်။ အန်တီ့မြေးတွေကလည်း မြန်မာအစားအစာပဲကြိုက်ကြတယ်လေ။ 

• ငယ်ငယ်တုန်းကကြိုက်ပြီးတော့ အခုမှမကြိုက်တော့တဲ့ အစားအစာတွေ ဘာတွေရောရှိလား။ - အင်း ရှိတယ်။ ဆိတ်သားလေ။ ငယ်ငယ်တုန်းကတော့ အရမ်းကြိုက်တယ်။ မကျက်တစ်ကျက်တောင် စားတယ်။ အခု အသက်ကြီးတော့ မစားချင် တော့ဘူး။ 

• ဒါဆို ငယ်ငယ်တုန်းမကြိုက်ဘဲ အခုမှကြိုက်တာကရော။ - ကြက်သားဟင်းဖြစ်မယ်။ ငယ်ငယ်တုန်းကဆိုရင် ကြက်သားဟင်းဆိုရင် လုံးဝကိုမစားဘူး။ အခု အသက်ကြီးမှ နေ့တိုင်းနီးပါးစားဖြစ်နေတယ်။ 

• အန်တီတို့မိသားစု လက်ဆင့်ကမ်းပေးခဲ့တဲ့ ဟင်းပွဲလေးတွေရှိရင် ပြောပြပေးပါဦး။ - ငါးပိထောင်းတို့၊ ချဉ်ရည်ဟင်း ဒါတွေကတော့ လက်ဆင့်ကမ်းဟင်းလို့ ပြောလို့ရပါတယ်။ ဒီဟင်းတွေကတော့ သူများနဲ့မတူအောင် သေသေချာချာပြုလုပ် ချက်ပြုတ်ပါတယ်။ ချဉ်ရည်ဟင်းဆိုရင်လည်း ဟင်းသီးဟင်းရွက်တွေကို ဆားနဲ့သေချာဆေးရ တယ်။ ဒါက အခုမှမဟုတ်ဘူး ဟိုးအရင်ကတည်းက ဒါကြောင့်လည်း အန်တီတို့ ချဉ်ရည်ဟင်းစားလို့ ၀မ်းပျက်သွားတာတို့၊ ၀မ်းလျောသွားတာတို့ မရှိဘူး။ငါးပိဆိုရင်လည်း လပ္ပတာကပို့ပေးတယ်။ ငါးပိရေချိုကျတော့ ဓနုဖြူကနေ ငါးပိကို ကိုယ်ကိုယ်တိုင် ဆားနဲ့ ငါးပိကိုသိပ်ပြီးတော့ ပြန်နှပ်ထားတာကိုပဲ သုံးတာပါ။ 

• အန်တီ မိဘချက်တဲ့ဟင်းတွေထဲမှာဆိုရင်ရော ဘယ်ဟင်းကိုကြိုက်လဲ။ - အမေတို့ချက်တဲ့ ဟင်းထဲမှာဆိုရင် ၀က်သနီဆီပြန်တို့၊ ဘဲပေါင်းတို့ အရမ်းကြိုက်ပါတယ်။ 

• အန်တီတို့ ဓနုဖြူဒေါ်စောရီဆိုင်ရဲ့ လျှို့ဝှက်ချက်ကလေးကရော ဘာများဖြစ်မလဲ။ - အန်တီ့အမြင်အရ ပြောရမယ်ဆိုရင် စေတနာထားရမယ်။ သန့်ရှင်းမှုရှိရမယ်။ နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ စားသုံးသူတွေ စားသောက်နေတာ အဆင်မှပြေပါ့ မလားဆိုတဲ့ ပူပန်မှုက အမြဲတမ်းရှိနေရမယ်။ ကိုယ့်က ဒီလိုစေတနာထားမှလည်း ကိုယ့်အပေါ်ပြန်ပြီးတော့ မေတ္တာထားကြတာလေ။ ဥပမာ စားသုံးသူဆီက ပိုက်ဆံတွေကို အလကားလိုချင်နေရင် ကိုယ့်ရဲ့စေတနာက အလကားဖြစ်သွားမှာလေ။ အန်တီက ပိုက်ဆံဆိုတာထက် စေတနာရယ်၊ မေတ္တာရယ်၊ ကရုဏာရယ်ကို အမြဲတမ်းအလေးထားပါတယ်။ ဆိုင်ဖွင့်တယ်ဆိုတော့လည်း အဆင်မပြေမှုတွေတော့ ရှိတာပါပဲ။ တစ်ခါတလေကျရင် လုပ်ရင်းကိုင်ရင်းနဲ့ စားပွဲထဲမှာ ဆံပင်တို့ဘာတို့ ပါသွားတာတွေရှိတယ်။ အဲဒီလိုဖြစ်သွားရင် အန်တီ အရမ်းတောင်းပန်တယ်။ နောက် စိတ်ထဲမှာလည်း တစ်နေကုန် စိတ်မကောင်းဖြစ်နေမိတယ်။ အမြဲတမ်းလည်း စားသုံးသူအပေါ်မှာစေတနာထားပါတယ်။ 

• အန်တီတို့ ဆိုင်စဖွင့်ခါစက ကျောင်းသားတွေကို အဓိကထားပြီးရောင်းခဲ့ရတော့။ ကျောင်းသားဆိုတဲ့အတိုင်း သူတို့ရဲ့ ဒဏ်တွေ ဘယ်လိုခံခဲ့ရသေးလဲ။ - အန်တီစရောင်းရတာက ကျောင်းသူ၊ ကျောင်းသားတွေလေ။ အန်တီက သူတို့ကို ကိုယ့်သားသမီးလိုပဲ သဘောထားတယ်။ သူတို့ဆိုးတာကိုလည်း ခံခဲ့ရတယ်။ ကောင်းတာကိုလည်း ခံခဲ့ရတယ်။ ဒီတော့ စေတနာမထားရင် ဈေးမရောင်းနိုင်ဘူးလို့ မြင်ပါတယ်။ စေတနာထားမှလည်း ဈေးရောင်းနိုင်မှာပါ။ ဥပမာ အချို့ကျောင်းသားတွေဆိုရင် စနောက်သွားတာမှ ရေနွေးအိုးထဲ ငါးပိထောင်းတွေထည့်သွားတယ်။နောက်စားတဲ့ လူက ပြောဆိုတော့တာပေါ့။ ဒီတော့ နောက်ပိုင်းဆို ကျောင်းသားအုပ်လာလို့ ထသွားပြီဆိုရင် အန်တီ ဒါတွေကိုကြည့်ရတော့တယ်။ နောက် ဇွန်း၊ ခက်ရင်းတွေ အိတ်ထဲ ထည့်သွားတယ်။ ရေနွေးခွက်တွေ အိတ်ထဲထည့်သွားတယ်။ စသဖြင့်ပေါ့။ ပြီးရင် လမ်းဘေးမှာ သွားရောင်းတယ်။ ဘယ်လောက်မှလည်း ရတာမဟုတ်ဘူး။ ငါးပြား၊ ဆယ်ပြားလောက်ပဲရှိတယ်။ ဒါပေမယ့် အန်တီကတော့ ဘာမှမပြောပါဘူး။ ညဘက်ဆိုရင်လည်း မိုးကြီးချုပ်မှ ၀င်လာတယ်။ ဘာဖြစ်လို့လည်းသားရယ်ပေါ့။ ထမင်းစားချင်လို့ စားစရာလည်း ဆိုင်မရှိလို့ဆိုတော့ အန်တီတို့က ပြင်ဆင်ပြီး ထမင်းခူးကျွေးရတယ်။ 

• အန်တီ ကိုယ်ပိုင်ဆိုင်ခွဲရောရှိလား။ - အန်တီက ဒီလှည်းတန်းဆိုင်တစ်ခုပဲ ရှိပါတယ်။ နောက်ပိုင်းကျမှ သားသမီးတွေက ခွဲချင်လည်းခွဲပေါ့။ အခုလောလောလတ်လတ်ကတော့ သားတို့မဂ္ဂဇင်းမှာရေးနေတဲ့ မအိသက်ကတော့ အင်္ဂလန်မှာ မြန်မာ Food Market ဆိုင်လေး ၃ ဆိုင်ဖွင့်ထားတယ်။ ဒီမြန်မာစားသောက်ဆိုင်ဖွင့်ဖို့ကတော့ ကြိုးစားနေတုန်းပဲ။ 

• ကိုယ်တိုင်ချက်ပြီးတော့ ဈေးရောင်းတဲ့အချိန်တွေထဲကမှ ဘယ်လိုအချိန်တွေဆိုရင် ပီတိဖြစ်မိပါသလဲ။ စိတ်ခံစားမှုအပိုင်းလေးကို ပြောပြပေးပါဦး။ - အဲဒါကတော့ အန်တီကိုယ်တိုင်ချက်ပြီးတော့ အဲဒီဟင်းပွဲ ဈေးရောင်းတဲ့နေရာကို ရောက်နေရင် အန်တီက မီးဖိုချောင်ထဲကနေပြီးတော့ လှမ်းအော်တယ်။ ငါးရံ့အူဟင်းရတယ်နော်လို့ အော်တဲ့အချိန်မှာ ချက်ချင်း ဟင်း ၄ ပွဲ၊ ၅ ပွဲထွက်သွားတယ်ဆိုရင် အရမ်းပီတိဖြစ်တယ်။ အရမ်းလည်း စိတ်ချမ်းသာတယ်။ ငါ့ဟင်း ၅ ပွဲတောင်ထွက်သွားပြီဟုတ်လား ဆက်ရောင်းနော် လက်မလျော့လိုက်နဲ့လို့ပြောပြီး နောက် ပြန်ချက်စရာရှိတာချက်တယ်။ 

• ထမင်းဟင်း ချက်ရောင်းနေတဲ့လူတစ်ယောက်အနေနဲ့ ရှောင်ရန်ဆောင်ရန် အချက်လေးတွေကို အန်တီအမြင်နဲ့ ပြောပြပေးပါဦး။ - ဆောင်ရမယ့်အချက်ဆိုရင် စားသုံးသူအပေါ် ကျန်းမာရေးနဲ့ညီညွတ်အောင် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်တယ်။ ဆိုင်က၀န်ထမ်းတွေရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးကအစ အထူးအလေးထားဆောင်ရွက်ပါတယ်။ နောက် ဟင်းသီးဟင်းရွက်တွေကလည်း အခုဆိုရင် ဓာတ်မြေသြဇာတွေ ဘာတွေပါတယ်ဆိုတဲ့ အသံတွေထွက်တော့ အန်တီက အမြဲတမ်း ဆားနဲ့ဆေး၊ ရေနဲ့ဆေးတယ်။ ပြုတ်ရင်လည်း ဒီအတိုင်းပဲ ဆားနဲ့ဆေး၊ ရေနဲ့ဆေးပြီးရင် ရေနွေးပွက်ပွက်ဆူမှာပြုတ်တယ်။ ပြီးရင် ရေသန့်ရေနဲ့ ဆေးတယ်။ ရှောင်ရန်ကတော့ ကိုယ်မြတ်ရင်ပြီးရောဆိုပြီးတော့ အရည်သွေးမမီတဲ့ ပစ္စည်းတွေကို မသုံးပါဘူး။ အမြတ်ထွက်ပါစေဆိုပြီးတော့ စားသုံးသူရဲ့ ကျန်းမာရေးထိခိုက်အောင် ဘယ်တော့မှမလုပ်သင့်ဘူး။ မကောင်းတဲ့ အစားအသောက်မှန်သမျှကလည်း မီးဖိုချောင်ထဲကနေအပြင်ကို ဘယ်တော့မှ ထွက်မလာစေရဘူး။ ဟင်းကျန်ကိုလည်း ဘယ်တော့မှမထားဘူး။ ဆီကအစ သန့်ရှင်းတဲ့နေကြာဆီပဲသုံးတယ်။ 

• အန်တီရဲ့ စိတ်အပန်းဖြေမှုပုံစံလေးကရော။ - မြန်မာပြည်အနှံ့ ဘုရားဖူးခရီးထွက်ပါတယ်။ 

• စိတ်ဖိစီးလာရင် ဘယ်လိုပုံစံမျိုးနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့ပါသလဲ။ - တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျော့ပါတယ်။ 

• အန်တီ ပြုလုပ်တဲ့ ပရဟိတ၊ အလှူလေးများကို ပြောပြပေါးပါဦး။ - အလှူကတော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နေရာအချိန်မရွေး လှူနေတာပါပဲ။ နေ့စဉ်နဲ့အမျှပေါ့။ ဥပမာ- အန်တီတို့ဆိုင်မှာ မနက်တိုင်း ဆွမ်းလာခံသမျှ ရဟန်း၊ မယ်သီလရှင်၊ ကိုယ်ရင်လေးတွေကို လောင်းဖို့ရာအတွက် ဘုန်းကြီးဆွမ်းနဲ့ဟင်းကို အရင်ဆုံး အစောဆုံးချက်ပြီး ဆိုင်က ကလေးတစ်ယောက်စီက ပုံမှန်နေ့စဉ် ဆွမ်းလောင်းတာဝန်ယူရပါတယ်။ သူတို့လည်း ကုသိုလ်ရတာပေါ့လေ။ အန်တီ့အမျိုးသားက အညာကဆိုတော့ နှစ်စဉ် သူတို့ပခုက္ကူမြို့ ရှင်မကံရွာနဲ့ အနီးရွာတွေက ရှင်မပြုနိုင်တဲ့ ကလေးတွေကို ဗမာလူမျိုးတွေရဲ့ အထွဋ်အမြတ် မင်္ဂလာဖြစ်တဲ့ ရှင်ပြု၊ နားသအလှူ သွားလှူဖြစ်ပါတယ်။ အဲဒီလိုပဲ ကျောင်းမနေနိုင်တဲ့ကလေးတွေ၊ ပညာရေးမျိုးတွေ အန်တီတို့လင်မယားက အမြဲလိုလိုလားလား ပညာပြီးဆုံးတိုင် ထောက်ပံ့ပေးပါတယ်။ ဘုရား၊ သိမ်ကျောင်း၊ ရေတွင်း စတဲ့အလှူကြီးတွေ တစ်ဖက်ကလှူသလို အသေးစား အလှူပေမယ့် တကယ်လိုအပ်တဲ့အလှူမျိုး နေရာမျိုးကအလှူဆိုလည်း ပိုလှူဖြစ်တာပေါ့။ 

• အန်တီ့မိဘတွေ ဆုံးမတဲ့စကားတွေထဲမှာမှ အန်တီ့စိတ်ထဲမှာ စွဲမြဲနေတဲ့ ဆုံးမစကား။ - စိတ်ထားကောင်းမှ ကံကောင်းမယ်။ စိတ်ထားယုတ်ရင် ကံဆိုးမယ်။ အစားအသောက်ရောင်းချတဲ့သူဟာ သူတစ်ပါးရဲ့အာဟာရကို ကောင်းသော စေတနာနဲ့ ကုသိုလ်ယူပါဆိုတဲ့ စကားလေးတွေပါပဲ။ 

• နောင် ဓနုဖြူဒေါ်စောရီ မျိုးဆက်တွေအတွက် အန်တီဖြစ်စေချင်တဲ့ စိတ်ကူး၊ ဆန္ဒ။ - စိတ်ကူးသစ်များ၊ စိတ်သဘောဖြောင့်မတ်မှန်ကန်ခြင်းများ၊ ၀ီရိယ၊ လုံ့လတို့ဖြင့် ဘိုးဘွားမိဘတွေရဲ့ အစဉ်အဆက် ကုသိုလ်ချမ်းသာများကို အဓွန့်ရှည်တည်တံ့အောင် ကြိုးစားဆောင်ရွက်ကြစေချင်ပါတယ်။ 

• အခုနောက်ဆုံး Food မဂ္ဂဇင်းကနေပြီးတော့ ထမင်းဆိုင်ဖြစ်ဖြစ်၊ စားသောက်ဆိုင်ဖြစ်ဖြစ် ဖွင့်ချင်တဲ့လူတွေအတွက် စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။ - အန်တီပြောချင်တာကတော့ ရှင်းရှင်းလေးပါပဲ။ စေတနာထားပါ။ မေတ္တာထားပါ။ ကရုဏာထားပါ။ ဒါဆိုရင် အောင်မြင်တိုးတက်ပါတယ်။ စားသောက်ဆိုင်ဖွင့်မယ် လူတစ်ယောက်ဟာ ကျန်တဲ့ဟာ ဘာမှထပ်မထည့်ရင်တောင်မှ စေတနာလေး ထပ်ထည့်ပေးပါ။ စေတနာကြောင့်ရတဲ့ အကျိုးအမြတ်က ကျန်တာထက်ပိုပြီးတော့ တန်ဖိုးရှိပါတယ်လို့ ပြောချင်ပါတယ်။ ...........................


 ဝေယံလှိုင်ဝင်း (အာဂ) .............................
By: FOOD Magazine

No comments:

Post a Comment