Wednesday, December 25, 2013

ပဋိစ္စသမုပ္ပါဒ် မသိလျှင်




အကြောင်းအကျိုးအမှန်ကို မသိသည့်အတွက်ကြောင့်
သတ္တဝါတွေဟာ သံသရာထဲက မလွတ်နိုင်ကြတာ၊

ဘာသာတရားတွေ အမျိုးမျိုး ပေါ်ထွန်းတာဟာလည်း
ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းတရားနဲ့ အကျိုးတရားကို မသိလို့ဘဲ၊
အကြောင်းအကျိုးတရားကို အမှန်အတိုင်းသိမယ်ဆိုရင်
ဘာသာအယူအဆတွေ ကွဲပြားနေစရာ ဘာမှ အကြောင်းမရှိဘူး၊

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ
ပဋိစ္စသမုပ္ပါဒ်ဟာ အလွန်အရေးပါတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ
ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက်မှာ
ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်သလို
ပဋိစ္စသမုပ္ပါဒ်ကိုလည်း ဆင်ခြင်းသုံးသပ်တယ်၊

အနုလုံ, ပဋိလုံဆင်ခြင်သုံးသပ်တဲ့အခါ သဘာဝတရားတွေထဲမှာ
“ပဋိစ္စသမုပ္ပါဒ် နဲ့ နိဗ္ဗာန်” ဟာ အလွန့်အလွန်မြင်နိုင်ခဲတဲ့တရားတွေ,
သတ္တဝါတွေ သဘောကျလောက်အောင် ရှင်းပြဖို့လည်း
အလွန်ခက်တဲ့တရားတွေလို့ - ဆင်ခြင်သုံးသပ်တယ်။

မြတ်စွာဘုရားသခင်ရဲ့ စိတ်ထဲမှာ
သတ္တဝါတွေရဲ့ အနေအထား, တရားတော်ရဲ့နက်နဲခက်ခဲမှု -
ဒီနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါ အလွန့်အလွန် အလှမ်းကွာနေတာ သိရလို့ . .
ဒီတရားတွေကို ရှင်းပြရင် ငါပဲ ပင်းပန်းရုံရှိမှာပဲလို့ -
မြတ်စွာဘုရားဟာ ရုတ်တရက် အလှမ်းကွာလွန်းအားကြီးတာနဲ့
တရားဟောဖို့ရန် ဝန်လေးသွားတဲ့သဘောလေး ဖြစ်ပေါ်လာတယ်၊

အဲဒီအချိန်မှာ သဟမ္ပတိဗြဟ္မာကြီးပေါ်လာပြီး တောင်းပန်တယ်၊

ဒါ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့စိတ်ဓာတ်၊
ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင် . .
သံသရာရဲ့ ထွက်ပေါက်ရဖို့ရာ အလွန်ခဲယဉ်းတယ်။

( ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ )

No comments:

Post a Comment