Wednesday, December 25, 2013

" ပြာပူမှာ သေရတဲ့ ကျေးသား "



မြင်တဲ့အတိုင်းတွေ့တဲ့အတိုင်း မဆင်မခြင် ပြောလိုက်မိလို့ ဒုက္ခရောက်ရတဲ့ သာဓကတွေ ရှေးခေတ်ကရော ယခုခေတ်မှာပါ အများကြီးရှိပါတယ်။ ဇာတ်တော်မှာလာတဲ့ အဖြစ်အပျက်လေးတစ်ခုက ဒီလိုပါ။ ရှေးတုန်းက ပုဏ္ဏားဇနီးမောင်နှံ တို့ အိမ်မှာ အလွန်လိမ္မာတဲ့ ကြက်တူရွေးညီနှောင် နှစ်ကောင်ကို သားအဖြစ်နှင့်မွေးထားသတဲ့။
တစ်နေ့ ပုဏ္ဏားကြီးက ခရီးသွားခါနီးမှာ သူ့ပုဏ္ဏေးမကို စိတ်မချလို့ ကျေးညီနောင်ကို အနားခေါ်ပြီး တိုးတိုးတိတ်တိတ် မှာတယ်။ သူမရှိတုန်း သူ့မိန်းမကို စောင့်ကြည့်ဖို့မှာပြီး ခရီးထွက်သွားတယ်။ ပုဏ္ဏားကြီးသွားတဲ့နေ့ကစပြီး ပုဏ္ဏေးမဟာ အခြားယောက်ျားတွေ နှင့် ဖောက်ပြန်တော့တာပါပဲ။

ဒါကိုမြင်တော့ ညီဖြစ်တဲ့ကြက်တူရွေးလေးက ဒီလိုမပြုဖို့ ပြောချင်တယ်။ အစ်ကိုဖြစ်တဲ့ ကြက်တူရွေးက မပြောဖို့တားတယ်။ ညီက အစ်ကို့ စကားကိုနားမထောင်ပဲ ပုဏ္ဏေးမဆီသွားပြီး-
“ ဒီလိုလုပ်တာ ကောင်းသလား၊ မလုပ်သင့်ပါဘူး ”
စသဖြင့် ပြောတော့တာပဲ။ ဒီအခါမှာ ပုဏ္ဏေးမက ကြက်တူရွေးလေးကို-
“ အို-ဟုတ်သားပဲ၊ ငါ့သားက အမေကို ဆုံးမပေတယ်၊ နောက်ဆိုရင်ရှောင်ပါ့မယ်၊ အမေ့နားလာပါဦး ”
လို့ချိုချိုသာသာနှင့် ဟန်လုပ်ပြီးခေါ်လိုက်တော့ ကြက်တူရွေးလေးကလည်း အကောင်းခေါ်တယ်ထင်ပြီး အနားရောက်လာတယ်။ အနားလည်းရောက်ရော ပုဏ္ဏေးမက ကြက်တူရွေးလေးကို ဖြတ်ကနဲဖမ်းပြီး
“ နင်ကများ ငါ့ကို ဆုံးမနေသေးတယ်။ အေးအေး မနေနိုင်တဲ့အကောင်”
ဆိုပြီးတော့ လည်ပင်းကို လိမ်ချိုးပြီး သတ်လိုက်တယ်။ ပြီးတော့မှ မီးခဲတွေရှိနေတဲ့ ပြာပူထဲကို ထိုးထည့်ထားလိုက်တယ်။ မကြာခင်မှာပဲ ပုဏ္ဏားကြီး ခရီးကနေပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း သူ့မိန်းမရဲ့ အခြေအနေကိုမေးတယ်။ 

အဲဒီတော့မှဘုရားလောင်း ကြက်တူရွေးလေးဟာ-
“ဖခင်၊ ဥာဏ်ရှိတဲ့သူဆိုတာ ဟုတ်မှန်တဲ့ စကားပင်ဖြစ်သော်လည်း နားမချမ်းသာတဲ့ စကားမျိုး ( အကုသိုလ်ကိုသာဖြစ်စေတဲ့ စကားမျိုး) ကို မပြောဆိုကြပါဘူး။ ဟုတ်မှန်တဲ့အတိုင်း ပြောမိတဲ့ ညီငယ်ဟာ ပြာပူမှာ သေရသလိုမျိုး ပြောမိတဲ့လူဟာ သေရတတ်တယ်”
လို့ပြောဆိုပြီး ပုဏ္ဏားကြီးရဲ့ အိမ်ကနေ အပြီးအပိုင်ပဲ ထွက်ခွာသွားသတဲ့။
“ တို့ကတော့ မြင်တဲ့အတိုင်းသိတဲ့အတိုင်းပြောမှာပဲ၊ မှန်တာပြောတာ ဘာဖြစ်လဲ” ဆိုတဲ့သူတွေအတွက် စဉ်းစားစရာ အဖြစ်အပျက်လေးတစ်ခုပါ။ နောက်ပြီးတော့ နားထောင်မယ့် ပုဂ္ဂိုလ်ရဲ့ အခြေအနေကို ကြည့်ပြီး ပြောသင့်-မပြောသင့် ချင့်ချိန်တက်ဖို့လည်း အလွန်အရေးကြီးတယ်ဆိုတာ သတိထားစရာဖြစ်ပါတယ်။

** အရှင်ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ရေးသားသော “စကားတို့၏အစွမ်း” စာအုပ်၏ “ ဘယ်လိုပြောမလဲ ” အပိုင်း မှ ကောက်နုတ် ရေးသားတင်ပြထားပါသည်။

No comments:

Post a Comment