Wednesday, December 25, 2013

နှောင်ကြိုးမဲ့ ဘဝ


အနုသယဟူသော အညစ်အကြေးများ၊ သံယောဇဉ်ဟူသော တုပ်နှောင်ထားသည့် တရားများသည် လွတ်မြောက်သူ၏ စိတ်သန္တာန်၌ မကိန်းဝပ်တော့ပြီ။ မတုပ်နှောင်တော့ပြီ။

အနုသယနှင့် သံယောဇဉ်ဆိုသော တရားများသည် အခေါ် ကွဲပြားနေသော်လည်း စိတ်ကြည်လင်မှုကို ရှုပ်ထွေးအောင် လုပ်ထားသော တရားများသာဖြစ်သည်။ လွတ်မြောက်သူတစ်ဦးသည် ဤရှုပ်ထွေးနောက်ကျုနေသော စိတ်တို့ကို မွေးမြူမထားတော့။ လွတ်မြောက်သူ၏ အဓိပ္ပာယ်ကို အကျဉ်းဆုံး ဖွင့်ဆိုလျှင် ‘စိတ်ရှင်းသူ’ ဟု ဆိုရပေမည်။ တစ်နည်းအားဖြင့် ‘စိတ်ဒုက္ခကင်းသူ’ ဟု ဆိုရသည်။

ဗုဒ္ဓဘုရားရှင် ဟောကြားသော ဒေသနာစဉ် အမြောက်အမြားကို လေ့လာလျှင်လည်း စိတ်ဒုက္ခကင်းရေး၊ စိတ်၏ လွတ်မြောက်ရေးကိုသာ ပဓာနပြု၍ ဟောကြားထား၏။

စိတ်ဒုက္ခလွတ်မြောက်မှုအတွက် စိတ်အစွဲကိုပင် စွန့်ခွာကြရ၏။ တကယ်တော့ စိတ်အစွဲဆိုသည်မှာ တကယ်တမ်းရှိသော တရားများ မဟုတ်။ စိတ်အစဉ်၌ ထင်ဟပ် ဖြစ်ပေါ်နေသော အတုအယောင် တရားများသာ ဖြစ်သည်။ ဤအတုအယောင် တရားများကို စိတ်သန္တာန်၌ ကြံဖန်ပြီး စွဲငြိနေကြသည်။ သိမ်းဆည်းနေ
ကြသည်။ ဤစွဲငြိရုပ်၊ စွဲငြိသဘောတရားတို့မှာ စိတ်ကိုမှီတွယ်၍ ပေါ်ပေါက်နေသော ဒုက္ခအပိုတရားများ ဖြစ်သည်။ ဤအငြိရုပ်၊ အငြိစိတ်များမှာ -

- ချမ်းသာ ခံစားမှု (သုခဝေဒနာ) လည်း မဟုတ်။
- ဆင်းရဲ ခံစားမှု (ဒုက္ခဝေဒနာ) လည်း မဟုတ်။
- ဆင်းရဲ ချမ်းသာ မဟုတ်သော ခံစားမှု (ဥပေက္ခာဝေဒနာ) လည်းမဟုတ်။

စိတ်ရှုပ်အောင် တုပ်နှောင်ထားသော နှောင်ကြိုးများသာတည်း။ ဤတုပ်နှောင်ထားသော နှောင်ကြိုးများကို ရှင်းထုတ် ဖြေဖြုတ်နိုင်သူကို `နှောင်ကြိုးမဲ့သူ ’ ဟု ဆိုရ၏။


ရေစကြို အရှင်ဧသိက
(နှောင်ကြိုးမဲ့ လမ်းစဉ် မှ)
Buddhavasa Tiloka

No comments:

Post a Comment