Wednesday, December 25, 2013

"ပဋိစ္စသမုပ္ပါဒ် မြန်မာပြန်" ...



(၁) အဟုတ်အမှန် ဧကန်မမြင် မထင်မလင်း မသိခြင်းဟူသော အကြောင်း တရား ထင်ရှားရှိ နေခြင်းကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ အမှု ပြုစု ပျိုးထောင်ခြင်းဟူသော သင်္ခါရအစု ပြုပြင်မှုတို့သည် ဖြစ်ပွားကုန်၏ ...

(၂) ပစ္စုပ္ပန် သံသရာ နှစ်ဖြာအမှု ပြုစုပျိုးထောင်ခြင်း ဟူသော သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့် ဘ၀တစ်ပါး၌ ၀ိညာဉ်တစ်ပါး ဖြစ်ပွားလာရ၏ ...

(၃) ဘ၀သစ်၌ ၀ိညာဉ်တစ်ဖန် ဖြစ်ရပြန်ရခြင်းဟူသော အကြောင်းတရား ထင်ရှား ရရှိလာသောကြောင့် ရုပ်နာမ် နှစ်ပါးတို့သည် ဖြစ်ပွားလာရ၏ ...

(၄) ရုပ်နာမ်အစု ဖြစ်ပေါ်မှုကြောင့် ဒွါရခြောက်မည် အကြည်ခြောက်ပါး တို့ဖြင့် ဖြစ်ပွားလာရ၏ ...

(၅) ဒွါရခြောက်မည် အကြည်ခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် အာရုံ၌ တွေ့မှုအပြား ဖဿခြောက်ပါးသည် ဖြစ်ပွားလာရ၏ ...

(၆) ဖဿခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် အာရုံခံစားမှု ဝေဒနာ စု ခြောက်ပါးသည် ဖြစ်ပွားလာရ၏ ...

(၇) ဝေဒနာခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် ၀တ္တုအာရုံ ကာမဂုဏ်ကို ခုံမင်တွယ်တာ တဏှာခြောက်ပါးတို့သည် ဖြစ်ပွားလာရ၏ ...

(၈) တဏှာခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့် စွဲလမ်းပြင်းထန်သော ဥပါဒါန်လေးပါးသည် ဖြစ်ပွားလာရ၏ ...

(၉) ဥပါဒါန်လေးပါး ထင်ရှားရှိနေခြင်းကြောင့် ကံဥပပတ် နှစ်ရပ်အပုံ ဘ၀အစုံသည် ထင်ရှားဖြစ်ပွားလာရ၏ ...

(၁၀) ကံဥပပတ် နှစ်ရပ်အပုံ ဘ၀အစုံ ထင်ရှားရှိခြင်းကြောင့် ပဋိသန္ဓေ တည်နေစွဲငြိသည့် ဇာတိတရားသည် ဖြစ်ပွားလာရ၏ ...

(၁၁) ဇာတိတရား ထင်ရှားရှိနေခြင်းကြောင့် အိုခြင်း ... သေခြင်း ... စိုးရိမ်ခြင်း ... ငိုကြွေးခြင်း ... ဆင်းရဲခြင်း ... နှလုံးမသာယာခြင်း ... သက်ကြီးရှိုက်တငင် ပင်ပန်းခြင်းတို့သည် တစ်ခါတည်းပါပြီး ဖြစ်ပွားလာကြကုန်၏ ...

ဤသို့ ချမ်းသာမဖက် ဆင်းရဲသက်သက်သာ ဖြစ်သော တရားအစုတို့သည် အကြောင်းအကျိုးပြု၍ ဖြစ်ပေါ်လာကြကုန်၏ ...

ဤသည်ကားးး

အားလုံးသောပုဂ္ဂိုလ်များ နားလည်အောင် ပါဋ္ဌိမဖက် မြန်မာပြန် သက် သက် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည် ...။


(ဓမ္မစရိယ ဦးတင်မြင့်)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင် ကြပါစေ~~~

No comments:

Post a Comment