☆ ဤအရှင်၏ မိဘတွေက တောင်သူလယ်သမားများ ဖြစ်သဖြင့် ဤအရှင် ငယ်စဉ်က လယ်တောထဲ ၀င်ခဲ့ရဖူးသည်။ ညီလေးနှင့် နှစ်ယောက်ဖြစ်သည်။
☆ တစ်နေ့ စပါးခင်းဝင်စားသည့် နွားတွေကို ဤအရှင်၏ ညီလေးက ဓားနှင့် လိုက်ပေါက်သည်။ သူကြောင့် နွားတွေထိခိုက်ဒဏ်ရာရလျှင် ခက်လှချည်ရဲ့ ဟု စိုးရိမ်ပြီး လယ်တောထဲကို သူ့အား မခေါ်တော့။ ဤအရှင် တစ်ယောက်တည်းသာ ဆင်းလိုက်တော့သည်။ တစ်နေ့ နွားတွေ စပါးခင်းထဲ ၀င်စားစဉ် ဤအရှင်က ခြောက်လှန့်သည့်သဘောနှင့် ကျောက်ခဲလေး တစ်လုံးကောက်ပြီး ပစ်ပေါက်လိုက်သည်။ မတော်တဆ နွားကလေးတစ်ကောင်၏ မျက်စိကို သွားမှန်ပြီး မျက်စိထဲက သွေးတွေ ယိုကျလာသည်။ မိမိကြောင့် ဖြစ်ရသည်ဟု ဆိုပြီး ဤအရှင်သည် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရသည်။ ထိုနွား၏ လည်ပင်းကို ဖက်ပြီး ငိုလည်းငိုမိသည်။
☆ နောက်ပြီး ထိုနွား၏အဖြစ်ကို သတိရတိုင်း ဤအရှင်သည် ထိတ်လန့်နေမိသည်။ မိမိတော့ ငရဲကြီးပြီ၊ ငရဲကြီးပြီး ချက်ချင်းပဲ ငရဲပြည်ကို ရောက်ရတော့မလိုလို ခံစားရသည်။
☆ သူငယ်ချင်း တစ်ယောက်၏ မင်္ဂလာဆောင်မှာ သတို့သားအရံ လုပ်ခဲ့ဖူးသည်ကိုလည်း မှတ်မိနေသည်။ သတို့သားအရံပီပီ ရှိသည့်လက်ဝတ်လက်စားတွေ အကုန်ထုတ်ဝတ်ရသည်။ ဆွဲကြိုးလည်း ပါသည်။ လက်စွပ်တွေလည်း ပါသည်။ အ၀တ်အစားတွေကလည်း သေတ္တာအောက်ဆုံးမှာ ခေါက်သိမ်းထားသည့် ကောင်းပေ့ဆိုသည့် အ၀တ်သစ်၊ အစားသစ်တွေ ဖြစ်သည်။
☆ မင်္ဂလာဆောင်လာကြသည့် အမျိုးသမီး လေးတွေက မိမိကို ကြည့်ပြီး တီးတိုးတီးတိုးနှင့် ရွပိုးထိုးနေကြသည်။ မိမိက သူတို့ကို မကြည့်ရဲ။ ထူးထူးဆန်းဆန်း အတွေးတွေကလည်း ၀င်လာသည်။ ထိုအမျိုးသမီးများသည် မိမိကို ငရဲပြည်ပို့ မယ့်သူတွေ ဖြစ်သည်ဟု။
☆ မိမိကိုယ်ပေါ်မှာ ဆင်ထားသည့် လက်ဝတ်လက်စား ရွှေငွေတို့ကို ကြည့်ပြီးတော့လည်း တစ်မျိုးတစ်မည် ဖြစ်ပြန်သည်။ ဤပစ္စည်းတွေက ရန်သူကို မျက်စပစ်နေသော အရာများပါကလား။ သူခိုး ဓားပြတွေက မျက်စိကျတက်သော ပစ္စည်းတွေမဟုတ်ပါလား။ ပစ္စည်းကိုယူပြီး လူကိုသတ်တာ ဒါတွေကြောင့်ပဲ မဟုတ်လား။
☆ သည်လိုနှင့် တစ်ရက်မှာတော့ ဤအရှင်သည် မိမိကိုယ် မိမိ ပိုင်ပိုင်နိုင်နိုင်ကြီး ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ရဟန်းဘောင်ထဲ ၀င်တော့မည်ဟူ၍။
☆ မိမိ၏ ဆုံးဖြတ်ချက်ကို ပထမဦးဆုံး ပြောမိသည်မှာ ညီလေးကို ဖြစ်သည်။ “ငါ့ညီ၊ အစ်ကိုလေး လူဝတ်နဲ့  မနေတော့ဘူး၊ သာသနာ့ဘောင်ထဲ ၀င်တော့မယ်။ နက်ဖြန် အဖေနဲ့ အမေကို ပြောပြီး ၀င်တော့မယ်”
☆ တကယ်တမ်း ဤအရှင် ရဟန်းဘောင်ဝင်တော့မည်ဆိုတော့ ညီလေးက ငိုသည်။ ညီအစ်ကိုနှစ်ယောက် အတူနေ၊ အတူစား၊ အတူအိပ် သိပ်ချစ်ကြသည်မဟုတ်လား။ သူငိုတော့ ဤအရှင်လဲ မထိန်းနိုင် ငိုဖြစ်ခဲ့သည်။
☆ အမေ့ကို ဖွင့်ပြောတော့ အမေက ခွင့်မပြု။ ငိုလည်း ငိုသည်။ အမေငိုသည်ကို မြင်ရပြန်တော့ စိတ်ထဲတော်တော် မကောင်းဖြစ်ရသည်။ မိမိ၏ ဆန္ဒကိုလည်း အလျှော့မပေးချင်၊ နောက်ဆုံး တစ်ဝါလောက်ပဲဖြစ်ဖြစ် ၀တ်ခွင့်ပြုပါဟု ပြောရသည်။ တစ်ဝါလောက်ပဲဆိုတော့ အမေက “စဉ်းစားမယ်” ဟု ပြောသည်။
☆ ဆရာတော်ကိုလဲ ဤအရှင် သွားလျှောက်သည်။
☆ ဆရာတော်က “မင်း ဖြစ်ပါ့မလားကွာ၊ မင်းက ပေါ်ကြော့ နေတဲ့ကောင် ဥစ္စာ” ဟု ဆိုသည်။ အမေ့ကိုလည်း -
☆ “ဟဲ့ ညီမ” (ဆရာတော်က ဤအရှင်၏အမေကို ညီမဟု ခေါ်သည်။)
☆ “နင့်သား ဘုန်းကြီးဝတ်မယ်ဆိုတာ ဟုတ်ပါ့မလား။ အိမ်မှာ ကြော့ကြော့နေတဲ့ကောင်က ဘုန်းကြီးဝတ်လို့ ဖြစ်ပါ့မလား” ဟုလည်း ပြောသည်။
☆ အမေကလည်း -
☆ “ဖြစ်မဖြစ်တော့ မသိပါဘူး။ တပည့်တော်မထံမှာတော့ တစ်ဝါလောက် ၀တ်ပါရစေဆိုလို့  တပည့်တော်လဲ ခွင့်မပြုချင်ပဲ ခွင့်ပြူလိုက်ရတာ” ဟု ပြန်လျှောက်သည်။ ဤတွင် အဖေက ကြားက၀င်ပြီး ပြောပေးသည်။
☆ “၀တ်ပါစေ ဘုရား၊ သူတအား စိတ်ထက်သန်နေတာ ဖြစ်တော့ သူ့ဆန္ဒအတိုင်းပဲ ၀တ်ပေးလိုက်ပါ ဘုရား”
☆ ဤသို့ ဖြင့် ဤအရှင်၏ ဆန္ဒသည် ပြည့်ဝခဲ့ရသည်။ ၁၃၄၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၄ ရက်နေ့ တွင် ဤအရှင်အား ရှင်းပြကြသည်။ ၁၃၄၀ ပြည့်၊ တန်ပေါင်းလဆန်း ၈ ရက်နေ့ မှာ ဤအရှင်က ရဟန်းခံ၊ ညီလေးကိုလဲ ရှင်ပြုနှင့် ရဟန်းခံရှင်ပြုပွဲ တစ်ကြိမ် ထပ်မံကျင်းပကြသေးသည်။
☆ ထိုအချိန်မှစ၍ ဤအရှင်သည် မြတ်စွာဘုရား၏ သာသနာတော်၌ ပရိယတ်၊ ပဋိပတ် ခုနှစ်ဖြာကို ကျင်းသုံးခွင့် ရခဲ့ခြင်း ဖြစ်သည်။
▬▬▬▬▬▬▬▬▬
☆ ရဟန်း နှစ်ပါး ☆
▬▬▬▬▬▬▬▬▬
☆ မှန်ရာကို ၀န်ခံရလျှင် ဤအရှင်သည် ရဟန်းအဖြစ်ကို ရသည်နှင့် စိတ်ထဲ အပျော်ကြီး ပျော်ခဲ့ရသည်။ ဤအပျော်မျိုး တစ်ခါမှ မတွေ့ ဖူးဟု ထင်သည်။ ဘာကြောင့် ပျော်ရသနည်းဟု တစ်ခါ တစ်ခါ စဉ်းစားမိသည်။
☆ “ဘ၀အဆင့်မြင့်ပြီး အပါယ်တံခါးကို ငါ ပိတ်လိုက်နိုင်ပြီ။ နောက်ထပ် အကုသိုလ်ကံတွေ လုပ်ဖို့ မရှိတော့ဘူး” ဟု တွေးပြီး ပျော်ခြင်းများလား။
☆ ဤအရှင် သတိပြုမိသလောက် မြတ်စွာဘုရား၏ သာသနာတော်ထဲ ၀င်ရောက်သူ နှစ်မျိုးနှစ်စား ရှိသည်။ သဒ္ဓါပဗ္ဗဇ္ဇျိတနှင့် ဘယာပဗ္ဗဇ္ဇျိတ ဟူ၍ဖြစ်သည်။
☆ သဒ္ဓါပဗ္ဗဇ္ဇျိတ ဆိုသည်မှာ စားဝတ်နေရေး ဘာမျှ ပူပန်သောက မရှိဘဲ
သံသရာမှ လွတ်မြောက်လိုသည့်စိတ်၊ ဆင်းရဲ ခြင်းဆိုသည့် ဒုက္ခတရားကိုမြင်ပြီး စည်းစိမ်ဥစ္စာတွေအပေါ် တပ်မက်စရာအဖြစ် မမြင်တော့ဘဲ သံဝေဂတရားတွေ ရင်ဝယ်ပိက်ကာ တရားထူး တရားမြတ်ကို ရအောင် ကျင့်မည်ဆိုသည့်စိတ်နှင့် ရဟန်းပြုလာသူတွေကို ခေါ်သည်။
☆ ဘယာပဗ္ဗဇ္ဇျိတ ဆိုသည်က စားဝတ်နေရေး အဆင်မပြေ၊ အလုပ်အကိုင်တွေ အဆင်မချော၊ စီးပွားပျက်၊ အိမ်ထောင်ရေး ကစဉ်ကလျားဖြစ်၊ သားသမီးတွေက ဦးနင်းဦးထောင်၊ ပဲ့နင်းပဲ့ထောင်၊ အဲဒီလို သောကအထွေထွေနဲ့  ရောက်လာကြသူတွေကို ဆိုလိုသည်။ အချို့ က အသက်အရွယ်ငယ်ငယ်မှာ ရောက်လာကြသည်။ အချို့ ကမူ အရွယ်လွန်မှ ရောက်လာကြသည်။ သာသနာထဲသာ ရောက်သည်။ ပရိယတ်ဆိုင်ရာ စာပေတွေကို သင်ယူချင်စိတ်မရှိ၊ ၀ိနည်းဆိုသည်ကိုလဲ နားမလည်။ ဆရာသမား စကားကိုလဲ မနာခံ၊ တစ်ဝါနှစ်ဝါလောက် ရတယ်ဆိုရင်ပဲ ကျောင်းတိုင်ဘုန်းကြီး ဖြစ်ချင်ကြပေသည်။
☆ လာဘ်လာဘကို မက်မောသည်။ မသင့်ပါဘူးလို့  ဆရာသမားက တားရင်၊ ပြောရင် ဆရာသမားကို ရန်သူလို မှတ်လာသည်။ တပည့် ဒါယကာ၊ ဒါယိကာမတွေကို စည်းရုံးသည်။ ဆရာနဲ့ ဒကာ ရန်တိုက်သည်။ ဒကာအချင်းချင်း၊ ဒကာမအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်သည်။
☆ ၀ိနည်းနားမလည်တော့ ကျောင်းဆောက်တယ်။ အာပတ်သင့်တယ်ဆိုတာ နားမလည်ကြ၊ ကြောက်လည်း မကြောက်ကြချေ။ ဒကာ၊ ဒကာမတွေရဲ့ သည်းခြေကြိုက် တရားစကားတစ်ခွန်း နှစ်ခွန်းလောက်ပြောတက်တာကိုပဲ မိမိကိုယ်မိမိ အထင်ကြီးပြီး လွတ်ချင်တိုင်းလွတ်၊ မြောက်ချင်တိုင်းမြောက် ဖြစ်နေကြသည်။ စာတက်ပေတက် ဆရာသမားများကတောင် သူ့ လောက် မတတ်ဘူး ထင်လာကြသည်။ အဲဒါတွေဟာ ဘယာပဗ္ဗဇ္ဇျိတကို အကြောင်းခံပြီး ဖြစ်လာကြခြင်းများ ဖြစ်သည်။
¤ မြောက်ဦးဆရာတော် ¤
☆Buddhavasa Tiloka ☆
No comments:
Post a Comment