Sunday, January 31, 2016

ကြယ်လေးတပွင့် ကြွေသွားပီ


ကြွေလွင့်ပြန်ပီ သာသနာ့ညီကိုတပါး။ နေထိုင်ရကျဉ်းကျပ်လှတဲ့ ရဟန်းဘဝ စာကကျက်တိုင်းမရ ဖြေရခက်တဲ့စာမေးပွဲတိုင်းကို ကျရှုံးမှုကိုအခါခါ အံကြိတ်ခံရင်း အမေအတွက် ဒကာ ဒကာမများအတွက်သီးခံပီး နေလိုက်ရတဲ့ရဟန်းဘဝ အထင်သေးခြင်းကိုလဲ ခံရ ကြည်ညိုတန်ဖိုးထားခြင်းကိုလဲခံရ ခုတော့ သူတကယ်မခံစားနိုင်တော့ဘူးထင်ပါတယ်။ ထွက်မယ်လို့ကြံရွယ်လိုက်တိုင်း ငဲ့စရာမျက်နှာတွေရှိနေတယ်တဲ့ ခုတော့မငဲ့နိုင်တော့လောက်အောင် ပြင်းထန်သွားတယ်ထင်ပါတယ်။ ကိုယ်တိုင်လဲသာသနာ့ဝန်ကို နိုင်သလောက်ဝန်ထမ်း နိုင်သလောက်အရာရာသီးခံနေရပါတယ်။ သူ့စိတ်နဲ့သူ ကိုယ့်စိတ်နဲ့ကိုယ်မို့ မထွက်ပါနဲ့လို့ မပြောပေမယ့် စဉ်းစားပေါ့လေ ဆိုတာကလွဲ ဘာအကြံမှမပေးခဲ့ပါဘူး။ ခုတော့တကယ်ထွက်သွားပီ။ သာသနာမှာ ခုလိုပဲ ရဟန်း ကိုရင်လေးတွေမြဲသွားဖို့ဆိုတာက ရာခိုင်းနှုန်းကအင်မတန်နည်းလာပါပီ။ စာမေးပွဲက ကံနဲ့လဲဆိုင်တယ်လို့ ဆရာတွေရဲ့အားပေးစကားတွေနားထောင်ခဲ့ရပေမယ့် နှစ်ခါသုံးခါထက်ဖြစ်လာရင် သီးခံမှုစွမ်းရည်က လျော့နည်းလာပါပီ။ သံဃာတွေဘက်ကရော ဒကာ ဒကာမတွေဘက်ကရော သာသနာကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ။

မနေနိုင်လို့ထွက်သွားတဲ့လူကို နှမျောစရာမရှိပါဘူးလို့ တချို့လဲတွေးမိကြလိမ့်မယ်။ နေနိုင်တဲ့သူကျန်ခဲ့မှာပေါ့လို့တွေးမိကြလိမ့်မယ်။ ဒီခေတ်မှာ ရဟန်းဝတ်ဖို့စိတ်ကူးတဲ့သူ ၁ရာခိုင်နှုန်းပဲရှိကြမှာဧကန်မုတ်ချပါ။ ဒီခေတ် လူငယ်လေးတွေ ကိုရင်ဝတ်ဖို့တောင်မလွယ်ပါဘူး။ မြို့တွေမှာတော့ အနယ်နယ်အရပ်ရပ်က လာရောက်စာပေသင်ကြားပို့ချသူတွေရှိနေလို့ သံဃာတွေအများကြီးရှိတယ်လို့ထင်ရပါလိမ့်မယ်။ တောဘက်တွေမှာ သာသနာကကွယ်ချင်နေပီ။ ဘယ်ကလေးကမှ ကတုံးမတုံးချင်တော့ဘူး။ ဘုန်းကြီးကျောင်းမလိုက်ချင်တော့ပါဘူး။ နောက် တောကျောင်းတွေမှာ ဝိနည်းမနိုင်ဘာမနိုင် နားမလည်တဲ့ တောထွက်တွေကိုပဲ အားကိုးအားထားပြုနေကြရတာများနေပါပီ။ ရဟန်းပျိုလေးတွေကလဲ ခြောက်ကပ်လှတဲ့ တောရွာတွေမှာ မနေချင်ကြတော့ဘူး။ မီးမရ ဘာမရ အစစအရာရာ ပြည့်စုံတဲ့နေရာတွေမှာ နေလာပါများနေတော့ တောဘက်မှာ နေထိုင်သီတင်းသုံးဖို့က ရဟန်းပျိုတွေအနေနဲ့ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။ ခေတ်နဲ့လဲဆိုင်ရင်ဆိုင်မယ် လောကဓံကြောင့်လဲဆိုင်ချင်ဆိုင်ပါလိမ့်မယ်။
တောကျောင်းတွေမှာ သံဃာအများဆုံး ၅ပါးထက်မပိုကျတော့ပါဘူး။ တချို့ရွာတွေ ၁ပါးပဲရှိပါတယ်။ တချို့ရွာတွေ တစ်ပါးမှမရှိပဲ ရွာကလူတွေအလှည့်နဲ့စောင့်အိပ်ကျပါတယ်။

တောထွက်တွေ ကျောင်းထိုင်နေတဲ့ရွာကအတော်များပါတယ်။ စာပေမတက်ရင် သံဃိကပစ္စည်းကိုလဲ မထိန်းသိမ်းတက်ပါဘူး။ ကျောင်းထိုင်းဘုန်းကြီးတပါးမှာ ငါပိုင်ပစ္စည်းတခုမှမရှိပါဘူး။ ဒကာ ဒကာမတွေက သံဃာကိုရည်မှန်းလှူဒါန်းထားလို့ သံဃာပိုင်ပစ္စည်းသာရှိကြပါတယ်။ ဒါကို ငါကျောင်းထိုင်ပဲဆိုပီးတော့ သံဃပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ထုခွဲရောင်းချနေတဲ့ ကိုယ်တော်များကလဲရှိနေတယ်။ သူတို့လုပ်တာ သူတို့ခံရမှာတော့ မှန်ပါတယ်။ သူတို့လုပ်ရပ်တွေကြောင့် ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရားက သာသနာအပေါ်အမဲစက်လေးတွေဖြစ်သွားနိုင်ပါတယ်။

ခုထွက်သွားတဲ့ ဦးဇင်းသူငယ်ချင်းက သူ့ရွာက တောထွက်ရဟန်းနဲ့မတည့်လို့ပါတဲ့။ ကျောင်းပစ္စည်းတွေကို သူလူ့ဘဝက ရခဲ့တဲ့မိသားစုကို ရောင်းပီးပေးတယ်တဲ့။ ပေးသင့်တာထက်ပိုပီးပေးတာ စီးပွားရေးဖြစ်ပါ။ တကယ် ငတ်ပျက်နေလို့ ကွေးမွေးပေးကမ်းတာက ဝိနည်းနဲ့လဲ သိပ်အပြစ်ကြီးမဟုတ်လှပါဘူး။ ခုက စီးပွားရေးဖြစ်ပေးနေတာဆိုတော့။ ဒကာ ဒကာမတွေက လှူဒါန်းနေတာက သာသနာကိုလှူဒါန်းတာပါ။ ပုဂ္ဂိုလ်ကို လှူဒါန်းတာမဟုတ်ပါဘူး။ ရဟန်းတပါးကို ကြည်ညိုလေးစားတယ်ဆိုတာ သာသနာထဲကရဟန်းမို့ပါ။

သူ့ကိုကြည်ညိုလို့လှူတယ်ထင်ရင် လူထွက်ကြည့်ရင် သိသာပါတယ်။ လှူနေမယ်ထင်သလားလေနော်။ လှည့်တောင်မကြည့်နိုင်ပါဘူး။ လူမှုရေးအရ အဆင်ပြေလားဆိုတာကလွဲလို့ပေါ့။ ဒါကြောင့် သာသနာ့ဘုန်းကံကို ကိုယ့်ဘုန်းကံထင်ပီး အလွဲသုံးစားလုပ်နေတယ်။

၁။ စာတော်တယ် အနေထိုင်မကောင်းဘူး သာသနာ့အလုပ်မလုပ်ဘူး။

၂။ အနေထိုင်ကောင်းတယ် စာမတော်ဘူး သာသနာ့အလုပ်လုပ်တယ်။

၃။ စာတက်တယ် သာသနာ့အလုပ်မလုပ်ဘူး။

၎။ သာသနာ့အလုပ် လုပ်တယ် စာပေကို အဆုံးထိမရောက်ခဲ့ဘူး။

၅။ စာလဲတက်တယ် သာသနာ့အလုပ်လဲလုပ်တယ်။ အနေထိုင်လဲကောင်းတယ်။

ဒီ၅မျိုးထဲ နံပါတ်၅ကတော့ ပိုကောင်းတာပေါ့။ နံပါတ် ၅ ပုဂ္ဂိုလ် မရခဲ့တောင် နံပါတ် ၂ နဲ့ ၄ ပုဂ္ဂိုလ်မျိုး ရခဲ့လဲ မဆိုးလှပါဘူး။

စိတ်ကောင်းစေတနာကောင်းနဲ့ အများအကျိုးကို အရေးပေးလုပ်ကိုင်တက်သူလဲဖြစ်ရင်ပိုကောင်းတာပေါ့။ ခေါင်းဆောင်ဆိုတာက အများအတွက်ပဲလုပ်ဆောင်ရပါတယ်။ ဦးဇင်းရှေ့မှာ သူငယ်ချင်း ၈ပါးထွက်ခဲ့ပါပီ။

ဦးဇင်းကရော ဘယ်အချိန်ဘယ်အတိုင်းတာထိ--------------------??????

စဉ်းစားထား တွေးထားတာလေးတော့ရှိပါတယ်။ အေးချမ်းတဲ့ တောင်ပေါ်ဒေသ လူသူမဝေးလေးမှာ ကျောင်းလေးတစ်ကျောင်းဆောက်ပီး အမေနဲ့အတူ ဘဝကိုကုန်ဆုံးရင်း တက်နိုင်တဲ့ဘက်က သာသနာ့ဝန်ထမ်းမယ်ပေါ့လေ။ အမေကလဲ ကျောင်းဆောင်လေး ဆောက်လှူပီး သူလဲယောဂီဘဝနဲ့ အိမ်လေးတလုံးဆောက်ပီးနေမယ်တဲ့။ သားက တရားပြပေါ့တဲ့။ အမေနဲ့သားရဲ့အိပ်မက်ဖြစ်နိုင်ဖို့ ဦးဇင်းအပေါ်ပဲမူတည်နေပါတယ်။အမေက အဆင်သင့်ပဲတဲ့။ ဘဝရဲ့နောက်ဆုံးအချိန်ကာလလေးတွေမှာ နှစ်၅၀ကျော် ပူလောင်မှုတွေပြည်နှက်တဲ့ လောကီအလုပ်တွေအတွက် ကိုယ့်ဘဝကို ပေးဆပ်ခဲ့ပီးပဲ။ ကျန်ရှိတဲ့ နှစ်အပိုင်းခြားလေးမှာတော့ အမေပြောသလိုဖြစ်သင့်ပါတယ်။ အိမ်မှာနေရင်း ဘုရားရှိခိုးတရားထိုင်တာနဲ့ ကျောင်းကန်ဘုရားမှာ ဘုရားရှိခိုးတာ စိတ်အေးချမ်းမှုက အင်မတန်မှကွာခြားလှပါတယ်။ အိမ်မှာနေရင် ဟိုဟာမြင် ဒီဟာမြင် လုပ်ချင်မိ ကိုင်ချင်မိ စားချင်မိ ပြောဆိုချင်မိဖို့ကများတယ်လေ။ သူငယ်ချင်းတပါး အရေခွံလဲလိုက်တာ အပေါ်ယံလွယ်သလိုထင်ရပေမယ့် သူ့ရဲ့ရင်ထဲမှာ ရှုပ်ထွေးခံစားနေရတာ သူပဲသိပါလိမ့်မယ်လေ။

(မှတ်ချက်) အမေ့သား အမေ့အိပ်မက်အတိုင်းတော့ အတက်နိုင်ဆုံးကြိုးစားပါ့မယ်။

Photo Credit to: Original Uploader
Post Credit to: Original Uploader

No comments:

Post a Comment