Monday, January 5, 2015

ကိုးကွယ်ရာ သန့်ရှင်းမှု


ကိုးကွယ်ရာအမှားသည် အမှားတကာတို့တွင် အဆိုးဆုံးဖြစ်ပါသည်။ ကိုးကွယ်ရာ ယုံကြည်ရာ မှားယွင်းလျှင် တစ်ဘ၀မျှသာမဟုတ်။ တစ်သံသရာလုံး စုန်းစုန်းနစ်တတ်ပါသည်။

မိမိ၏စေတနာကိုယုံကြည်သူ မိမိ၏ ကိုယ်ကျင့်တရားကို ယုံကြည်သူ မိမိ၏ဉာဏ် မိမိ၏ လုံ့လ၀ီရိယကို အားကိုးသူ၊ မိစ္ဆာအာဇိဝနည်းဖြင့် စီးပွားမရှာသူ၊ လောင်းကစားမှုမပြုသူ၊ ဖြတ်လမ်းက
ကြီးပွားချမ်းသာချင်သော ၀ိသမလောဘ ကင်းစင်သူတို့သည် ရတနာမြတ်သုံးပါး သန့်သန့်ကိုသာ ကိုးကွယ်ပါသည်။ ထိုသို့သော ဘိုးတော်ဘွားတော် တန်ခိုးရှင်သိဒ္ဓိရှင်တို့ထံ သွားရောက်လေ့မရှိ။
ဝပ်တွားခယလေ့မရှိ။ တိုးလျှိုးတောင်းပန်လေ့ မရှိ။

အမှားတစ်ခုကြောင့် အဆင်မပြေမှုတစ်ခု ကြုံရသည့်အခါ ယင်းအဆင်မပြေမှုပြေလည်စိမ့်သောငှါ နတ်ကတော်ဘိုးတော်တို့ထံ ချဉ်းကပ်ပြီး သူတို့စေခိုင်းသည့်အတိုင်း လိုက်လုပ်ခြင်းသည် အမှားတစ်ခုအပေါ် နောက်အမှားတစ်ခု ထပ်ဆင့်လိုက်ခြင်းသာ ဖြစ်ပါ၏။ မောဟအပေါ် မောဟထပ်ဆင့်ခြင်း ဖြစ်သောကြောင့် တစ်ဘ၀တာအတွက်သာမက သံသရာတစ်ခွင်ပါ နစ်မွမ်းစေနိုင်ပါ၏။

ရိုးရာဟုဆိုတိုင်း မဆင်မခြင် လိုက်နာဆောက်ရွက်နေခြင်းမှာ ဦးဏှောက်အကျဉ်းကျခြင်း၏ သွင်ပြင်လက္ခဏာ ဖြစ်ပါသည်။ ထေရ၀ါဒ အသိအမြင် ပွင့်လင်းမရှိသေးသော ရှေးခေတ်လူသားတို့၏
ရိုးရာကိုးကွယ်မှု ဆိုသည်များမှာ ဆက်ခံစရာ မလိုအပ်ပါ။

ဥပါသကာဒွန်းစဏ္ဍားမဖြစ်လိုသော် ၃၇ မင်းနတ်၊ အိမ်တွင်း မင်းမဟာဂီရိ၊ ရေငန်ဦးရှင်ကြီး ဒေသဆိုင်ရာနတ်နှင့်ဝိဇ္ဇာ၊ ဇော်ဂျီ၊ ဘိုးတော်မယ်တော် ကိုးကွယ်မှုတို့ကို စွန့်လွှတ်ရပေမည်။ ကိုးကွယ်ရာ
မသန့်ရှင်းသေးသမျှ၊ သရဏဂုံမခိုင်မြဲလေသမျှ၊ ရတနာသုံးပါး သန့်သန့်ကိုသာ မကိုးကွယ်သေးသမျှ ဥပါသကာ ပဒုမ္မာ မဖြစ်နိုင်သေးပါ။

ထေရ၀ါဒဗုဒ္ဓစာပေများတွင် ဗြဟ္မာ၊ သိကြား နတ်တို့၏ အခန်းကဏ္ဍ ပါရှိပါသည်။ သို့သော် နတ်သိကြားဗြဟ္မာတို့၏ တည်ရှိမှုကို အသိ
အမှတ်ပြုရုံမျှသာဖြစ်ပါ၏။ မည်သည့်နတ် သိကြား ဗြဟ္မာတို့ကိုမျှ ကိုးကွယ်ရာအဖြစ် ထေရ၀ါဒ ပိဋကတ်တော်များတွင် ဖော်ပြမထားပါ။

ရတနာသုံးပါးမှအပဖြစ်သော ဖန်ဆင်းရှင်၊ တန်ခိုးရှင်များကို ကိုးကွယ်ခြင်း၊ ရှိခိုးဝတ်ပြုခြင်း၊ ဆုတောင်းဆုယူမှု ပြု ခြင်းများသည်
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များ၏ အမှုအရာအလေ့အကျင့်များ မဟုတ်ပါ။
မဟာယာနတို့က ကွမ်ယင်မယ်တော်၊ ဘိုးတော် အမ်းကုန်း စသည်တို့ကို ကိုးကွယ်၏။ ထေရ၀ါဒအနေဖြင့် ကွမ်ယင်မယ်တော်
အမ်းကုန်းဘိုးတော်တို့သည် ကိုးကွယ်ရာ မဟုတ်ပါ။

ဘုရားစကားကို တကယ်တမ်းနားထောင်သောသူ၊ ဘုရားရှင်ကို စစ်စစ်မှန်မှန် ကြည်ညိုသောသူသည် လောင်းကစားမှု မပြုတော့။ သမ္မာအာဇီဝနည်းဖြင့်သာ ငွေရှာ၏။ ရသမျှနှင့် တင်းတိမ်ရောင့်ရဲ၏။
သင့်သင့်လျောက်ပတ်သော နှလုံးသွင်း၏။ ထိုသို့သောသူများက ရတနာသုံးပါးကို လောဘကင်းကင်းနှင့် ဆည်းကပ်၏။
နှစ်လုံးသုံးလုံးပေါက်ဖို့ဟူသော လောဘ မပြဋ္ဌာန်း။ နှစ်လုံးပေါက်နိုး၊ သုံးလုံးပေါက်နိုးဖြင့် ဘုရားရုပ်ပွားတော်ရှေ့တွင် ပုတီးစိပ်၊
ဂါထာရွတ်ခြင်းမျိုးမပြု။ စစ်မှန်သော သဒ္ဓါဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သောကြောင့် ထိုသူတို့၏ ကိုးကွယ်ခြင်းသည် မွန်မြတ်၏။ သန့်ရှင်း၏။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗုဒ္ဓဘာသာဝင်များသည် ကိုးကွယ်ရာ သန့်ရှင်းခဲ့ပါ၏။ ထိုသူများသည် မကိုးကွယ်သင့် မကိုးကွယ်ထိုက်သူတို့ကို ကိုးကွယ်ခြင်းမပြုခဲ့။ မရှိခိုးသင့်၊ မရှိခိုးထိုက်သူတို့ကို ရှိခိုးခြင်းမပြုခဲ့။ ကိုးကွယ်ခံ ဂုဏ်ရည်များ အပြည့်အ၀လျှမ်းပ ထွန်းလက်နေသော ရတနာမြတ်သုံးပါး သန့်သန့်ကိုသာလျှင် ကိုးကွယ်ခဲ့ကြပါ၏။

တောကိုးကွယ်၊ တောင်ကိုးကွယ်၊ ဟိုဘိုးတော်ကိုးကွယ်၊ ဒီမယ်တော်ကိုးကွယ်၊ ဟိုပွဲထိုး၊ ဒီပွဲထိုးစသည်များသည် ကိုးကွယ်ရာတွေ ရှုပ်ထွေးနေခြင်း ဖြစ်ပါသည်။ အယူအမြင်တွေ ညစ်နွမ်းနေခြင်း ဖြစ်ပါသည်။

ရှုပ်ထွေးနေသော ကိုးကွယ်ရာများကို တွယ်ဖက်နေသေးသမျှ ကာလပတ်လုံး သမ္မာဒိဋ္ဌိမတည်နိုင်။ ထေရ၀ါဒစစ်စစ် မဖြစ်နိုင်ပါ။

သူရဿတီနတ်သမီးသည် ထေရ၀ါဒ ဗုဒ္ဓသာသနာနှင့် မည်သို့မျှ မပတ်သက်။ ထေရ၀ါဒ ပိဋကတ်တော်ထဲတွင် လုံးဝမပါ။
ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်ဟူသောအယူမှာ အစဉ်အလာ အမှားတစ်ခုသာ ဖြစ်ပါ၏။ ယင်းအစဉ်အလာအမှားကို လက်ခံသူ၊ ထိန်းသိမ်းသူ ဖြန့်ဖြူးသူများသည် ထေရ၀ါဒကို ကြည်ညိုသူများလော။ ဗြဟ္မဏ၀ါဒကို ကိုးကွယ်သူများလောဟူသည်ကို အသိဉာဏ်ရှိသူတိုင်း ဝေဖန်ဆုံးဖြတ်နိုင်ပါလိမ့်မည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဘယ်နတ်၊ ဘယ်ဘီလူး၊ ဘယ်နဂါးကိုမှ ရှိခိုးဦးချစရာ မလိုပေ။ ဘုရားစေတီ ပရိဝုဏ်များတွင် ဘီလူးရုပ်၊ နဂါးရုပ်တွေရှိနေခြင်မှာ သာမာန်အလှအပအနေမှအပ အနှစ်သာရရှိသော လုပ်ရပ်မဟုတ်ပါ။

ကျောက်ခေတ်၊ ကြေးခေတ်က လူသားများ တောကိုးကွယ်၊ တောင်ကိုးကွယ်စသည်ဖြင့် ကိုးကွယ်များခဲ့ မှားခဲ့ကြသည်မှာ
သဘာဝကျပါ၏။ ယနေ့ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပနေချိန်တွင် ကိုးကွယ်ရာများနေ၊ မှားနေကြခြင်းမှာကား မဖြစ်သင့်မဖြစ်ထိုက်ပါချေ။

အသက်တစ်ထောင်ကျော် ၀ိဇ္ဇာဓိုရ်ဆိုသူ၏ ပုံတော်များကို ရောင်းစားသူ ၀ယ်ယူသူများကို တွေ့မြင်ရသည့်အခါ ကျေးဇူးတော်ရှင်
အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး၏ ကိုယ်ပိုင်ဉာဏ်မရှိရင် အလွန်ကောင်းတဲ့ ဗုဒ္ဓဘာသာမှာပဲ ဘာသာရေး မှိုင်းတိုက်ခံရမယ်ဟူသော သတိပေးချက်ကို အမှတ်မထင် သတိရမိပါ၏။

ဘာသာရေးစာပေများကို ဗုဒ္ဓဘာသာဝင် အများစုအနေဖြင့် ယခုထက်ပိုမို၍ ဖတ်ရှုလေ့လာဖို့ လိုအပ်ပါသည်။ အထူးသဖြင့်
ကျေးလက်နေ ဗုဒ္ဓဘာသာဝင်အများစုအနေဖြင့် ယခုထက်ပိုမို၍ ထေရ၀ါဒ ဗုဒ္ဓဓမ္မများကို လေ့လာဖတ်ရှုသင့်ပါပြီ။

အသေထွက် အရှင်ထွက်ဟူသော ဝေါဟာရများသည် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်နှင့် မည်သို့မျှ မပတ်သတ်။ ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်များအနေဖြင့် အသေထွက် အရှင်ထွက် ပုဂ္ဂိုလ်များကို
ကိုးကွယ်ရန်မလို။ ထိုပုဂ္ဂိုလ်များကို ကိုးကွယ်ခြင်းသည် မှားယွင်းသော
ကိုးကွယ်ခြင်းသာ ဖြစ်ပါ၏။

မင်းနန်(မော်ကျွန်း)
ဓမ္မလမ်းညွှန် စာစုမွန်

No comments:

Post a Comment