Sunday, May 17, 2015

ဝီထိစဉ်နှင့် သရက် ဥပမာ


ယောက်ျားတစ်ယောက်သည် အသီးသီးသော သရက်ပင်ရင်း၌ ဦးခေါင်းခြုံလျှက် အိပ်နေ၏။ ထိုအခါ သရက်သီးမှဲ့တစ်လုံးသည် ထိုယောက်ျားအနီး၌ ကြွေကျလာ၏။ ထိုယောက်ျားသည် သရက်သီးကြွေကျသောအသံဖြင့် အိပ်ပျော်ရာမှ လန့်နိုး၍ မျက်စိဖွင့်ပြီး ကြည့်ရှုလေရာ သရက်သီးကို မြင်ရသဖြင့် ကောက်ယူပြီးသော် မှည့်မမှည့် လက်ဖြင့် နှိမ့်စမ်း ရှူနမ်းပြီးနောက် မှည့်မှန်းသိ၍ ထိုသရက်သီးကို သုံးဆောင်၏။ ထိုသရက်သီး သုံးဆောင်ပြီးနောက် သရက်ပင်ရင်း၌ ပြန်အိပ်လေ၏။ ။

ထိုစကားရပ်၌ -

ဘ၀င်ကျနေခြင်းသည် သရက်ပင်ရင်း၌ ထိုယောက်ျား၏ အိပ်ပျော်ခြင်းနှင့် တူသည်။ ပသာဒရုပ်၌ အာရုံ၏ ထိခိုက်ခြင်းသည် သရက်သီးကြွေကျခြင်းနှင့် တူသည်။ ဘ၀င်လှုပ်ခြင်းသည် သရက်သီးကြွေကျသံကြောင့် အိပ်ပျော်ရာမှ လန့်နိုးခြင်းနှင့် တူသည်။ ရူပါရုံကို စက္ခုဝိညာဏ်၏ မြင်ခြင်းသည် မျက်စိဖွင့်၍ ကြည့်ရှုခြင်းနှင့် တူသည်။ အာရုံကို သမ္ပဋိစ္ဆိုန်းက ခံယူခြင်းသည် သရက်သီးကို ကောက်ယူခြင်းနှင့် တူသည်။ အာရုံကို ၀ုဋ္ဌောက ပိုင်းခြားမှတ်သားခြင်းသည် သရက်သီးကို နမ်းရှူခြင်းနှင့် တူသည်။ အာရုံဟူသော အရသာကို ဇော၏ ခံစားခြင်းသည် သရက်သီးကို စားနေခြင်းနှင့် တူသည်။ တဒါရုံစိတ်၏ ဇောနောက်လိုက်ကာ ဇောအာရုံကို ယူခြင်းသည် သရက်သီးကို မျိုချလိုက်ခြင်းနှင့် တူသည်။ တဖန် ဘ၀င်ကျခြင်းသည် သရက်ပင်ရင်း၌ ပြန်အိပ်ခြင်းနှင့် တူ၏။

ဤဥပမာဖြင့် ပဉ္စဒွါရာဝဇ္ဇန်း.. စက္ခုဝိညာဏ်.. သမ္ပဋိစ္ဆိုန်း.. သန္တီရဏ. ၀ုဋ္ဌောတို့သည် အာရုံ၏ အရသာကို မခံစားနိုင်ကြ၊ ဇောကသာ အာရုံ၏ အရသာကို ခံစားနိုင်သည်ဟူသော အနက်အဓိပ္ပါယ်ကို သိစေသည်။ ။


(အဋ္ဌသာလိနီ အဋ္ဌကထာ၊ စိတ္တုပ္ပါဒကဏ္ဍ၊ နှာ-၃၁၁-၂)

ကုသလကာရီ အဘိဓမ္မာ ပို့ချချက်

No comments:

Post a Comment