သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင် ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည် သာသနာပြုဖို့ရန် အလွန်စိတ် ၀င်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု
အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌ဝတ်ဆင် ထားသော ရတနာများကို ချွတ် ပြီး လှူတတ်ကြ၏။ သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင် သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။
သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏ အဆုံးအမပင် ဖြစ်၏။ ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး မိမိသန္တာန်မှာ ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို ဦးစွာသာသနာပြုခြင်း မည်၏။
မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ် တည်အောင် စာသင်တိုက်များ ဖွင့်လှစ်၍ စာပေများကို ပို့ချသင်ကြားပေးခြင်း၊ ရိပ်သာများ တည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာ ပြုခြင်းပင် ဖြစ်၏။
ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊ တရားပြ ဆရာ တော်များပင် ဖြစ်၏။ သို့သော် ဗုဒ္ဓဘာသာ အများစုကား ဘုရားတည်သော ဘိုးတော်၊ ဘွား တော်၊ မယ်တော်၊ ဂိုဏ်းဆရာနှင့် တောထွက် ရဟန်းတော် အချို့ကိုသာ သာသနာပြု ပုဂ္ဂိုလ် များဟု ထင်မြင်နေကြ၏။ ထင်ရခြင်း၏ အကြောင်းမှာဘုရားတည်သော သူများက “သာသနာ ပြု ” ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့် ဖြစ်၏။
အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာ ခေါ်ဆိုနိုင်၏။ ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ဒကာ၊ ဒကာမ များသည် ဘုရားတည်သော ဘုန်းကြီးများကိုသာ အဓိကထား လှူဒါန်းကြ၏။ စာသင်တိုက်နှင့် တရားပြ ဆရာတော်များကို ပစ်ထားကြသောကြောင့် ထိုမြို့၊ ထိုရွာ၌ စာသင်တိုက်များနှင့် တရားပြစခန်းများ တည်တန့်ဖို့အတွက်၊ သာသနာတော် အဓွန့်ရှည်ရေးအတွက် အားလုံးသော တရားချစ်ခင် သူတော်စင်တို့သည် ၀ိုင်းဝန်းကြိုးပမ်း လှူဒါန်းကြပြီး နိဗ္ဗာန်ချမ်းသာ ရတဲ့အထိ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။
{အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ၏ မေတ္တာဖြင့် စီးပွါးရှာခြင်းမှ ကောက်နုတ်ဖေါ်ပြပါသည်}
(အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)
No comments:
Post a Comment