Friday, September 2, 2016

ဓမ္မစကူးလ်ဆိုတာ အပိုအလုပ်တစ်ခုလား ?


ဓမ္မစကူးလ်က အာပလာ တဲ့လား ?

ဒါဆို ……
မြင်သလောက် သိသလောက်ကလေး
နည်းနည်းလောက်ပြောကြည့်ကြည့်ရအောင် ……

*
ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ
တစ်ချို့သော ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ
"စကားမပြောတတ်လို့ ဘယ်လိုပြောရမှန်းမသိလို့"ဆိုတဲ့
အကြောင်းပြချက်တွေနဲ့ ဘုန်းကြီးရဟန်းတွေဆိုရင်
ဝေးဝေးကနေ ရှောင်ကွင်းသွားနေကြသူတွေ
ရှိနေတဲ့ ခေတ်မှာ

ဓမ္မစကူးလ်ကလေးလေးတွေက
တွေ့တဲ့ မြင်တဲ့ ဘုန်းကြီးရဟန်းတွေကို
မင်္ဂလာပါဘုန်းဘုန်းဘုရားဆိုတဲ့
ယဉ်ကျေးတဲ့ အပြုအမူတွေနဲ့
နှုတ်ဆက်တတ် စကားတွေပြောတတ်လာကြတယ် ……

ဘာသာတရားရဲ့ အခြေခံ ငါးပါးသီလကို
တစ်ချို့သောလူကြီးတွေ မှန်မှန်ကန်ကန်မရွတ်တတ်ကြသေးပေမယ့်
ဓမ္မစကူးလ်ကလေးလေးတွေကတော့
တိတိကျကျ ပီပီသသ ရွတ်တတ်လာကြတယ် ……

ဘုရားကျောင်းကန်တွေဆီကို
တစ်လနေလို့မှ တစ်ခေါက်တလေတောင်
မရောက်ဖြစ်ကြတဲ့ လူတွေ များပြားစွာရှိနေတဲ့ခေတ်မှာ
ဓမ္မစကူးလ်ကလေးလေးတွေက
အနည်းဆုံး တစ်ပတ်တစ်ခေါက်တော့
ဘုရားကျောင်းကန်တွေဆီကို
ပုံမှန်ရောက်နေကြရတယ်……

တစ်ချို့မြန်မာလူမျိုးတွေ
ထိခြင်းကြီးငါးပါနဲ့ အသေအချာ
ရှိမခိုးတတ်ကြသေးပေမယ့်
ဓမ္မစကူးလ်ကလေးလေးတွေကတော့
ခြေ လက် နဖူး တံတောင် ဒူးဆိုတဲ့
ထိခြင်းကြီးငါးပါနဲ့အညီ သေသေသပ်သပ်
ရှိခိုးတတ်လာကြတယ် ……

ဗုဒ္ဓဝင်အကျဉ်းကို
အသေအချာ မသိသေး
ပြောမပြတတ်ကြသေးတဲ့
ဗုဒ္ဓဘာသာဝင်တွေ အများအပြားရှိနေပေမယ့်
ဓမ္မစကူးလ်ကျောင်းက ကလေးလေးတွေကတော့
ကောင်းကောင်းကြီး နားလည်
သဘောပေါက်ကြည်ညိုတတ်လာကြတယ် ……

လောက လူ့ပတ်ဝန်းကျင်မှာ
တဖြည်းဖြည်းနဲ့ စာနာခြင်းတရားတွေ
ဆိတ်သုဉ်းလာနေပေမယ့်
ဓမ္မစကူးလ်ကျောင်းတော်က ကလေးလေးတွေမှာတော့
ကိုယ်ချင်းစာတရားတွေအပြည့်နဲ့
သူတို့လေးတွေရဲ့ နှလုံးသားတွေက
တဖြည်းဖြည်း ပိုပြီးလှလာကြတယ် ……

လူငယ် သူငယ်ချင်းတွေရဲ့ကြားမှာ
အပျော်အပါးတွေဘက်ကို သွားဖို့
စည်းရုံး နှိုးစော်မှုတွေ နေရယူလာကြတာပိုများလာပေမယ့်

ဓမ္မစကူးလ်ကျောင်းတော်က
သူငယ်ချင်းကလေးလေးတွေရဲ့အကြားမှာတော့
" လာပါ သူငယ်ချင်း ဓမ္မစကူးလ်သွားကြမယ် "ဆိုတဲ့
ကျက်သရေရှိတဲ့ စည်းရုံးနှိုးစော်မှုသံစဉ်လေးတွေသာ
ပိုပြီး နေရာ ရနေကြတယ် ……

တစ်ယောက်နဲ့ တစ်ယောက်တွေ့ကြ ဆုံကြတဲ့အခါ
အနောက်တိုင်းယဉ်ကျေးမှုပုံစံ နှုတ်ဆက်မှုတွေနဲ့သာ
အများဆုံးနှုတ်ဆက်နေကြတဲ့ ခေတ်မှာ
ဓမ္မစကူးလ်တွေရဲ့ ကျေးဇူးကြောင့်
မင်္ဂလာပါ ဆိုတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု
နှုတ်ခွန်းဆက်စကားလေး
အရင်ကထက် ပိုပြီး တန်ဖိုးတက် နေရာရလာတယ် ……

အို………

ပြောရမယ်ဆိုရင်တော့
တကယ့်ကို အများကြီး အများကြီးပါပဲ ……

ဒါတွေဟာ
ဓမ္မစကူးလ်တွေရဲ့ အကျိုးကျေးဇူးတွေကြောင့်
ဖြစ်တည်လာတဲ့
ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေမဟုတ်ပါဘူးလို့
ဘယ်လို သက်သေ သာဓကတွေပြပြီးတော့များ
ခင်ဗျာတို့ ငြင်းချက်ထုတ်ကြမလဲ ?

နိုင်ငံတစ်ခုရဲ့ အဖိုးတန်ဆုံးသယံဇာတဟာ
အဲဒီနိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်တွေပါလို့ပြောရင်
ဓမ္မစကူးလ်တွေဆိုတာက
အဲဒီ နိုင်ငံက မျိုးဆက်သစ်လူငယ်တွေရဲ့ နှလုံသားလေးတွေ
လှသည်ထက်ပိုလှလာအောင်
အလှဆင်ပေးနေကြတာမို့
နိုင်ငံရဲ့ သာယာလှပတဲ့ အနာဂတ်ကို
ဖန်တီးပေးနေကြတဲ့ တန်ဖိုးကြီးနေရာတွေပါလို့
ပြောရမှာပေါ့ဗျာ ……

ဒါဟာ
သံသယဖြစ်စရာမလိုတဲ့ အမှန်တရားတွေပါ……

ကြည့်တတ်ရင်မြင်တယ်

ယူတတ်ရင် ရတယ်

စိတ်ထားတတ်ရင် မြတ်တယ် တဲ့ဗျ ……

တစ်ခုလေးပဲ စိုးရိမ်မိတယ် ……

ခင်ဗျာတို့ လူကြီးဖြစ်သူတွေရဲ့
တိမ်းစောင်းနေတဲ့ အမြင်တွေ
လွဲမှားနေတဲ့ နှလုံးသွင်းမှုတွေကြောင့်
ခင်ဗျာတို့ရဲ့ အပြစ်ကင်းစင်လှတဲ့
မျိုးဆက်သစ်ကလေးလေးတွေ
တန်ဖိုးကြီးသော အရာတွေနဲ့
လွဲချော်သွားကြမှာလေးတစ်ခုပါပဲ ……

အမှန်တွေမြင်နိုင်၍ အမှားတွေစင်နိုင်ကြပါစေလို့ ……

ဓမ္မစကူးလ်ဘုန်းဘုန်းများ ……

ဓမ္မစကူးလ်ဆရာ ဆရာမများ……

ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူလေးများ……

ဓမ္မစကူးလ်ကျောင်းတော်ကြီးများ ……

တစ်နေ့ထက်တစ်နေ့
ရေရှည်တည်တံ့ တိုးတက် ပြန့်ပွား
အောင်မြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ………

လေးစားလျက် ……

ခေမာ (ကြို့ပင်စု)

ငြိမ်းချမ်းစွာ အမြင်ကွဲလွဲနိုင်ပါသည် ……

Shared from ထေရ၀ါဒမြန်မာရဟန်းတော်များအသံ
Photo Credit to: Original Uploader

No comments:

Post a Comment