တစ်ထိုင်အတွင်းမှ သတိပဋ္ဌာန် (၄)ပါး ပါဝင်ပုံ
ဤသို့ရှုမှတ်ကြရာတွင် ဖောင်းတယ်၊ပိန်တယ်၊ထိုင်တယ်၊ထိတယ်ဟု ရှုမှတ်ခြင်းသည် ကိုယ်ကာယကို ရှုမှတ်ရသောကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပေသည်။ နာတယ်၊ ကျင်တယ် စသည်ဖြင့် ရှုမှတ်ခြင်းသည် ဝေဒနာကို ရှုမှတ်ရသောကြောင့် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပေသည်။ စိတ်ကူးတယ်၊ကြံစည်တယ်ဟု ရှုမှတ်ခြင်းသည် စိတ်ကိုရှုမှတ်ရသောကြောင့် စိတ္တနုပဿနာသတိပဋ္ဌာန်ဖြစ်ပေသည်။ ကြားတယ် ကြားတယ်ဟု ရှုမှတ်ခြင်းသည် ကြားကာမျှမတ္တသဘောတရားကို ရှုမှတ်ရသောကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြစ်ပေသည်။ ဤကဲ့သို့ တစ်ထိုင်အတွင်းမှာပင် သတိပဋ္ဌာန်တရား (၄)ပါးလုံး ပါဝင်နေပေသည်။
ဆက်ကာဆက်ကာရှုမှတ်၍ ဝိပဿနာသမာဓိဥာဏ်များအားရှိထက်သန်လာသောအခါ မြင်ရာ၊ကြားရာ၊နံရာ၊စားရာ၊တွေ့ထိစရာ၊ကြံစည်စိတ်ကူးရာတို့ ၌လည်းရှုမှတ်လို့ ရလာတက်ကြပေသည်။ ယင်းကဲ့သို့ (၆) ဋ္ဌာန၊ (၆) ဒွါရတို့၌ ရှုမှတ်လို့ရလာသောအခါ စိုးရိမ်မှုသောကများကို အပြီးတိုင်ပျောက်ကင်းသွားရအောင် ရှုမှတ်နိုင်ကြမည် ဖြစ်ပေသည်။
စိုးရိမ်မှု သောကတို့သည် ညာတိဗျသန=မိဘ ဆွေမျိုးတို့ ပျက်စီးခြင်း၊ဘောဂဗျသန=စည်းစိမ်ဥစ္စာတို့ပျက်စီးခြင်း၊ရောဂဗျသန=အနာရောဂါ ဖိနှိပ်စက်ခြင်း၊ သီလဗျသန=အကျင့်သီလပျက်စီးခြင်း၊ ဒိဋ္ဌိဗျသန=အယူကောင်း အယူမှန်ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာကြရပေသည်။
ထိုဗျသနာတရား (၅)ပါးတို့နှင့်တွေ့ကြုံရသောအခါ အနာဂါမ်ရဟန္တာပုဂ္ဂိုလ်တို့မှတစ်ပါး အားလုံးသော ပုဂ္ဂိုလ်သတ္တဝါတို့သည် စိုးရိမ်မှုသောကများ ဖြစ်ကြရပေမည်။ ယင်းစိုးရိမ်မှုသောကများကို သတိပဋ္ဌာန်ဝိပဿနာဥာဏ်အခြေခံရှိကြသော ပုဂ္ဂိုလ်တို့သည်ရှုမှတ်၍ ကင်းပျောက်အောင် ပြုကြရပေသည်။
နာမရှုပ ပရိစ္ဆေဒဥာဏ်အဆင့်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ပြင်းထန်သည့်စိုးရိမ်မှုသောကများဖြစ်လာသောအခါ သင့်လျော်သည့် နေရာမှာထိုင်၍ မိမိစိတ်၌ ဖြစ်နေသည့် စိုးရိမ်သောကကို စိုးရိမ်တယ် စိုးရိမ်တယ် ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်နေတာကတစ်ခြား ထိုင်နေသည့်ရုပ်ကိုယ်ကြီးကတစ်ခြားဟု ကွဲပြား၍ သိလာကြပေသည်။
စိုးရိမ်နေခြင်းက သိတက်တဲ့ အတွက်ကြောင့် နာမ်တရားဖြစ်သည်။ ထိုင်နေသည့် ရုပ်ကိုယ်ကြီးက အာရုံကို မသိတက်သောကြောင့် ရုပ်တရားဖြစ်သည်ဟု သိလာတက်ကြပေသည်။ စိုးရိမ်နေသည့် ငါဆိုတာမရှိ၊နာမ်နှင့်ရုပ်သာရှိသည်ဟု သိခြင်းသည် နာမရူပ ပရိစ္ဆေဒဥာဏ်ဖြစ်ပေသည်။ နာမ်နှင့် ရုပ်ကွဲပြားအောင်ရှုမှတ်လိုက်သောအခါ စိုးရိမ်မှုသောကများ တဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းသွားကြမည်ဖြစ်သည်။
ပစ္စယပရိဂ္ဂဟဥာဏ်အဆင့်သို့ ရောက်နေကြသောအခါ ပုဂ္ဂိုလ်တို့သည် ပြင်းထန်သည့်စိုးရိမ်မှုသောကများဖြစ်လာသောအခါ သင့်လျော်သည့်နေရာ၌ ထိုင်၍ မိမိစိတ်၌ဖြစ်နေသည့် စိုးရိမ်သောက ကို စိုးရိမ်တယ်၊စိုးရိမ်တယ် ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်သောကများက ရှေ့မှပေါ်ပေါ်ပေးနေ၍ မှတ်သိစိတ်က နောက်မှလိုက်၍ ရှုမှတ်နေရတာဖြစ်ပေသည်။
စိုးရိမ်သောများက အကြောင်းတရားများဖြစ်သည်။ မှတ်သိစိတ်က အကျိုးတရားဖြစ်သည်ဟု အကြောင်းနှင့် အကျိုးကို သိသွားကြပေသည်။ ဤကဲ့သို့ သိခြင်းသည် ပစ္စယပရိဂ္ဂဟဥာဏ်ဖြစ်ပေသည်။ ယင်းကဲ့သို့ အကြောင်းနှင့် အကျိုးကို ရူမှတ်လိုက်သောအခါ စိုးရိမ်သောကများတဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းသွားကြမည်ဖြစ်ပေသည်။
သမ္မသနဥာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် စိုးရိမ်မှုသောကများကို စိုးရိမ်တယ် ၊စိုးရိမ်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်သောကတို့သည် ပို၍ပို၍ စိုးရိမ်သွားကာ၊ ပြန်၍ပြန်၍ လျော့လာတာများကို တွေ့သိလာတက်ကြပေသည်။ စိုးရိမ်မှု သောကတို့သည်မမြဲ၊ပို၍ပို၍လည်း စိုးရိမ်သည်၊ပြန်၍ပြန်၍လည်းလျော့လာသည်ဖြစ်၍ မမြဲခြင်းအနိစ္စဖြစ်သည်ဟု အနိစ္စကိုသုံးသပ်၍ သိလာကြပေသည်။ ဤကဲ့သို့ အနိစ္စကို သိအောင်ရှုမှတ်လိုက်သောအခါ စိုးရိမ်မှုသောကများ တဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းသွားကြမည်ဖြစ်ပေသည်။
ဥဒယဗ္ဗယဥာဏ်သို့ ရောက်နေကြသောပုဂ္ဂိုလ်တို့သည် စိုးရိမ်မှုသောကများကို စိုးရိမ်တယ် စိုးရိမ်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်မှုသောကတို့သည် ပေါ်လာပြီးလျှင် ပျောက်ပျောက်သွားသည်များကိုတွေ့သိလာကြရပေသည်။ ပေါ်တာကဖြစ် ပျောက်ပျောက်သွားတာက ပျက်ပင်ဖြစ်ပေသည်။ ဤကဲ့သို့ ဖြစ်ပျက်ကိုမြင်အောင် ရှုမှတ်လိုက်သောအခါ စိုးရိမ်မှုသောကများ တဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းမည် ဖြစ်ပေသည်။
ဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည်စိုးရိမ်မှုသောကများကို စိုးရိမ်တယ်၊စိုးရိမ်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်မှုသောကတို့သည် ဖြစ်တာကို မတွေ့ရတော့ပါပဲ ကုန်ပျက်ကုန်ပျက်သွားသည်များကိုသာ တွေ့သိကြရပေသည်၊ ကုန်ပျက် ကုန်ပျက်သွားသည်များကိုကိုသာတွေ့သိရသဖြင့် မမြဲခြင်းအနိစ္စဟု သိလာကြပေသည်။
ကုန်ပျက်သည်များက လျင်မြန်လှသဖြင့် နှိပ်စက်နေသကဲ့သို့ဖြစ်၍ ဆင်းရဲခြင်းဒုက္ခဟုလည်း သိလာကြပေသည်။ ကုန်ပျက်နှိပ်စက်နေသည့် ဆင်းရဲခြင်း ဒူက္ခများကို မည်ကဲ့သို့မျှကာကွယ်၍မရ၊ သူ့သဘောအတိုင်း နှိပ်စက်နေသည်ဖြစ်၍ ကိုယ်အစိုးမရခြင်း အနတ္တတို့ကိုသိမြင်အောင် ရှုမှတ်လိုက်သောအခါ စိုးရိမ်သောကများ အလျင်အမြန်ပျောက်ကင်းသွားကြမည် ဖြစ်ပေသည်။
ဆက်ကာဆက်ကာရှုမှတ်၍ ဝိပဿနာသမာဓိဥာဏ်များ အဆင့်ဆင့်တိုးတက်လာသောအခါ အနိစ္စ၊ဒုက္ခ၊အနတ္တဥာဏ်အမြင်များ ရှေ့ကထက်ပို၍ ထက်သန်လာကြမည်ဖြစ်သည်။ ဤကဲ့သို့ ထက်သန်လာသောအခါ မိမိတို့၏ပါရမီအားလျော်စွာ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ အထိဖြစ်သွားကြမည်ဖြစ်ပေသည်။ စိုးရိမ်သောကများ အပြီးတိုင်ပျောက်ကင်းသွားကြမည် ဖြစ်ပေသည်။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
( ဒီနေ့ နေမကောင်းဖြစ်လို့ အိမ်မှာနားနေရင်း ဖတ်ဖြစ်တဲ့ ဆရာတော်ကြီးစာအုပ်ထဲမှ ကူးယူ ရိုက်နှိပ်ပူဇော်ပါတယ်)
အာလုံးစိုးရိမ်မှုမှ လွတ်မြောက်နိုင်ကြပါစေ
မေတ္တာဖြင့်
အောင်ပြည့်စုံအေး
၅.၈.၂၀၁၃
No comments:
Post a Comment