Thursday, August 8, 2013

"Depression ဖြစ်တာ ဘာကြောင့်လဲ"



စားဝတ်နေရေး တကယ် အဆင်ပြေနေတဲ့ လူတွေကို
သေသေချာချာ အကဲခတ်ကြည့်။ တချို့  စားဝတ်နေရေး
အဆင်ပြေပြီး စိတ်မချမ်းသာတဲ့ လူတွေ အများကြီးရှိတယ်။
ဘာမှ လုပ်စရာလည်း မလိုတော့ဘူး။ စားဝတ်နေရေးက
တကယ်ပြည့်စုံတယ်။ ဒါပေမယ့် စိတ်မချမ်းသာဘူး။
အဲဒါ ဘယ်လို အဓိပ္ပါယ် ကောက်မလဲ။ (Spiritual Need)
စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်က လိုနေပြီ။ အဲဒါ မရှိဘဲနဲ့ 
ဘ၀က အဓိပ္ပါယ် မရှိနိုင်ဘူး။

ဒါကြောင့် လောကီပညာလေး တတ်လာပြီ၊ အလုပ်အကိုင်လေး
ရှိလာပြီ၊ စားဝတ်နေရေးလေး ပြည့်စုံလာပြီဆိုရင်
ကိုယ့်စိတ်ရဲ့  (Spiritual Need) စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့  လိုအပ်လာပြီ။
အဲသလိုမှ မလုပ်လို့ ရှိရင် ဘ၀ဟာ အဓိပ္ပါယ်မရှိဘူးလို့ 
ခံစားရတော့မယ်။ မလေးနက်ဘူး၊ အနှစ်သာရ မရှိဘူးလို့ 
ခံစားရတော့မယ်။

လူတော်တော်များများ Depression ဖြစ်တာ
ဘာကြောင့်လဲဆိုတော့
"ငါ့ဘ၀ဟာ အဓိပ္ပါယ်မရှိဘူး" လို့ ခံစားရလို့ ။
အဲသလို ခံစားနေရတာဟာ သူ့ ရဲ့  Spiritual Need ဆိုတဲ့
စိတ်မြင့်မြတ်မှု လိုအပ်ချက်ကို မရလို့ ဘဲ။
အဲသလို လူဟာ တရားအားထုတ်လိုက်လို့  စိတ်လေး
နဲနဲ ကြည်လင် သန့် ရှင်းပြီးတော့ မြင့်မြတ်သွားပြီဆိုရင်
သူ့ ဘ၀ကို သူ ပိုပြီး ကျေနပ်မယ်။

(Spiritual Need) စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်က Demand
လုပ်တဲ့အခါ ၊ ဘယ်လို Demand လုပ်လဲ တောင်းဆိုလဲဆိုတော့
"ငါ့ဘ၀ကြီးက ပျင်းစရာကြီး၊ ငါ မပျော်တော့ဘူး။ စားစရာလည်း
ရှိတယ်၊ ၀တ်စရာလည်း ရှိတယ်၊ နေစရာလည်း ရှိတယ်၊ ဒါပေမယ့်
မပျော်ဘူး။" အဲဒါ သူ တောင်းဆိုတာပဲ။ ဒါပေမယ့် အဲဒါကို
အဓိပ္ပါယ် မကောက်တတ်ကြဘူး။

အဲဒီတော့ ပျင်းနေရင် ဘာလုပ်ရမလဲ။ ပျင်းနေရင်
ပျော်စရာရှာမှာပေါ့။ ပျော်စရာနောက်ကို လိုက်ရှာတယ်။
ဘယ်လောက်ရှာရှာ မပျော်ပြန်ဘူး။
ကြာရင် အဲဒီ ပျော်စရာကိုက စိတ်ညစ်စရာ ဖြစ်လာတယ်။ အဲဒါကြောင့် အဲဒါကို အဓိပ္ပါယ်ကောက်မှန်ဖို့ 
အင်မတန် လိုပါတယ်။

ဒါကြောင့် ငယ်ငယ်လေးတည်းက Spiritual Need ကိုပါ
နဲနဲလေး ဖြစ်ဖြစ် တွဲစေချင်တယ်။ ငါးမိနစ် ဆယ်မိနစ်ဖြစ်ဖြစ် နေ့ စဉ် ပုံမှန်လေး
တရားထိုင်စေချင်တယ်။ သွားရင်းလာရင်းဖြစ်ဖြစ် သတိလေး
နဲနဲ ကပ်စေချင်တယ်။ ငါ အခု ဘာတွေးနေလဲ၊ အခု စိတ်ထဲမှာ
ဘယ်လိုခံစားနေရလဲ ဆိုတာကို နဲနဲလေး ကြည့်တတ်တဲ့
အကျင့်လေး လုပ်စေချင်တယ်။

အဲသလို လုပ်တဲ့လူဟာ သိပ်ကြီးကြီးကျယ်ကျယ်
Depression တို့  ဘာတို့ မဖြစ်ဘူး။ တခါတလေ
အဆင်မပြေလို့  စိတ်ညစ်တာတော့ရှိတယ်။
ဒါပေမယ့် အဲဒါ reactive depression လို့ ခေါ်တယ်။
ခဏ အဆင်မပြေလို့ စိတ်ညစ်တာ သို့ မဟုတ်ရင်
ကိုယ့်မိဘတွေ ဆုံးသွားလို့  စိတ်ဆင်းရဲသွားတာမျိုး
ဒါတော့ ဖြစ်မယ်။ အဲဒါဟာ ရောဂါလို့ မခေါ်နိုင်ဘူး။
ဒါ reactive depression ပဲ။ အခြေအနေတစ်ခုကို
react လုပ်လိုက်တာပဲ။
အဲသလို မဟုတ်ဘဲနဲ့  ဘာမှ အကြောင်းမရှိဘဲ
ပျင်းလိုက်တာဆိုတာ ငြီးငွေ့ လိုက်တာ ဆိုတာ
spiritual need ကို လိုနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။

ဆရာတော် ဦးဇောတိက
(ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ-
သူ့ ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြင် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ် (www.infinitydhamma.com)

No comments:

Post a Comment