ဒီကနေ့ခေတ်မှာ
ရှေးတုန်းကတည်းကပေါ့လေ၊ လူသားတွေ စကတည်းက
လူတွေဟာ မိမိတို့ ယုံကြည်ရာ ဘာသာတရားကို
ကိုးကွယ်ပြီးတော့ ထိုဘာသာရဲ့ အဆုံးအမအတိုင်း
လိုက်နာနေကြတဲ့ အထဲမှာ
ယုံကြည်မှုတွေက တစ်ဦးနဲ့ တစ်ဦး မတူကြဘူး ။
ယုံကြည်တယ်လို့ဆိုတဲ့ နေရာမှာ တချို့က
ယုံကြည်ရုံ သက်သက်ပဲ ။
ကိုယ့်ရဲ့ ဘဝ လက်တွေ့နဲ့ ကိုက်သည်ဖြစ်စေ ၊
မကိုက်သည်ဖြစ်စေ ဒီလိုတဲ့ လို့ ပြောတဲ့စကား နောက်မှာပဲ
ယုံကြည်ပြီးတော့ လက်ခံတာ ။
ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူးဆိုတဲ့
စဉ်းစား ဆင်ခြင်ဉာဏ် လုံးဝ မပါဘူး ။
အကြောင်းအကျိုး ဆီလျော်မှု ရှိတယ်၊ မရှိဘူးဆိုတာလည်း
လုံးဝ မစဉ်းစားဘူး ။
ဒါ ဘာသာတရား တဲ့ ၊ ဒါက ကိုးကွယ်ရာ တဲ့ ဆိုတာကို
ကျိတ်မှိတ် ယုံကြည်ပြီးတော့
အများနဲ့ မျောလိုက်သွားတဲ့ ဒါကလည်း တစ်ခု ။
အဲ့လို မဟုတ်ဘူး ၊
ကိုယ့်ကိုယ်ကို စဉ်းစားတယ် ၊
ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ။
လူ့ရဲ့ အသိဉာဏ် အရ ဆင်ခြင်စဉ်းစားတယ် ။
လက်တွေ့နဲ့ ကိုက်တယ် ၊ မကိုက်ဘူး ။
အဲဒီလို ဆင်ခြင် စဉ်းစားပြီးတော့မှ
လက်ခံသင့်တာကို လက်ခံတယ် ၊
လက်မခံသင့်တာကို လက်မခံဘူး ။
ကောင်းတယ် ၊ မကောင်းဘူး ဆိုတာလည်း
မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အခါ ၊ ဒါကျတော့
ယုံကြည်မှု ရဲ့ ဟိုဘက်ကို ရောက်သွားတယ် ၊
"ပညာ" လို့ ခေါ်တယ် ။
အဲဒီလို ဘာသာ တရားကို ပညာနဲ့ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်က
အလွန်နည်းတယ် ၊ အလွန်နည်းတယ် ။
အခု ကမ္ဘာမှာ ကိုးကွယ်နေတဲ့ ဘာသာတွေကိုဘဲ
အကြမ်းဖျင်း စဉ်းစားကြည့် ။
ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ ဘာသာတွေက
နတ် ကိုးကွယ်တဲ့ ဘာသာတွေချည်းပဲ ၊ အကုန်လုံး ။
ကောင်းကင်ဘုံက နတ် နဲ့ ၊ မြေကြီးပေါ်က နတ်
ဒါပဲ ကွာတာပဲ ၊ နတ် ကိုးကွယ်တာပဲနော် ။
ကျေးဇူးတင်တာလည်း နတ် ကိုပဲ ကျေးဇူးတင်တာ ။
ကိုယ့်ဘဝကို ဘုရားသခင် "မ" တာ ၊
ဘုရားသခင် က ပေးထားတာ ။
လူ့ဘဝ ၊ တို့ဘဝကို ဘုရားသခင်က ပေးထားတာ ။
ဆုလာဘ် ပေးထားတာ ။
ဘုရားသခင် ရဲ့ ကျေးဇူးတွေကို တမ်းတရမယ် ၊
အောက်မေ့ရမယ်လို့
ဒီလို ယုံတဲ့လူတွေက ကမ္ဘာမှာ အများစုပဲ ။
ကမ္ဘာမှာ တကယ်ကြည့်လိုက်ရင် အများစုပဲနော် ။
ဘုရားသခင်က ပေးတယ်လို့ ယုံကြည်တယ် ။
ကောင်းကျိုးချမ်းသာ တစ်ခုခု ရရင်လည်း
ဘုရားသခင်က "မ" တာဘဲ ။
မကောင်းတာနဲ့ ကြုံတဲ့အခါ ကျရင်လည်း
ဘုရားသခင်က ဒဏ်ခတ်တာပဲ လို့
ဘုရားသခင် က "မ" တာနဲ့
ဘုရားသခင် က "ချ" တာ
ဒီနှစ်ခု ပဲ ။
အဲတော့ ဒီဟာတွေ တွက်ကြည့်လိုက်မယ် ဆိုရင်
အပြင်ဘက်က အရာတစ်ခုထဲကို
အားကိုး အားထားပြုနေတဲ့ သဘော ရတယ်ပေါ့နော် ။
မိမိကိုယ်တိုင်ဟာ ကိုယ့်ရဲ့ ဆန္ဒဆိုတာလည်း
အသိအမှတ် မပြုရာ ရောက်တယ် ။
ကိုယ့်ရဲ့ သင်ထားတဲ့ ပညာတွေကို လည်း
အသိအမှတ် မပြုရာ ရောက်တယ် ။
ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကိုလည်း
အသိအမှတ် မပြုရာ ရောက်တယ်လေ ။
အရာရာဟာ ဘုရားက ပေးတာဆိုရင်
ကိုယ်လုပ်တာတွေက ဘယ်ရောက်သွားပတုန်း နော် ။
ကိုယ့်ရဲ့ ဆန္ဒဆိုတာ ၊
လူတိုင်း လူတိုင်းဟာ ကြီးပွားတိုးတက်ချင်တဲ့ ဆန္ဒ
တညီတည်း ဖြစ်ကဲ့သားနဲ့
ဘာဖြစ်လို့ တညီတည်း မ "မ" သလဲ ။
ကိုးကွယ်တဲ့ လူတွေ အားလုံးကို "မ" ပြီးတော့ ၊
မကိုးကွယ်တဲ့ လူတွေ အားလုံးကို "ချ" မှာပေါ့
တကယ် ဆိုလို့ရှိရင် နော် ။
မကိုးကွယ်တဲ့ လူတွေကလည်း အများကြီး ရှိတာပဲနော် ။
God ဆိုတဲ့ ဘုရားကို မယုံကြည်တဲ့ ၊ ရှိတယ်လို့
လက်မခံတဲ့ ပုဂ္ဂိုလ်တွေက "Atheist" လို့ခေါ်တယ် ။
"Theist" ဆိုတာ သူတို့ ဘုရားသခင်
ကောင်းကင်ဘုံက God ဆိုတာ
လူတွေကို ဖန်ဆင်းတယ်လို့ဆိုတဲ့
ဖန်ဆင်းရှင်ကို ရှိတယ်လို့ လက်ခံတဲ့ ဝါဒ ရှိသူကို
"Theist" လို့ ခေါ်တယ် ။
သူတို့ရဲ့ အယူဝါဒ ကို "Theism" လို့ ခေါ်တယ် ။
အဲဒီ God ရှိတယ် ၊ God က ဖန်ဆင်းတယ် ဆိုတာကို
လက်မခံတဲ့ ဝါဒ ကြတော့ "Atheism" လို့ ခေါ်တယ် ။
"A" က ဒီနေရာမှာ negative ပေါ့ ။
မကိုးကွယ်တဲ့ လူတွေကို "Atheist" လို့ ခေါ်တယ် ။
အဲ့တော့ "Theist" တွေ ကြီးပွားပြီးတော့
"Atheist" တွေ ဆင်းရဲရမှာပဲ ၊
ဘုရားသခင်က
တကယ် "မ" တယ်၊ "ချ" တယ်ဆိုလို့ရှိရင်နော် ။
အခုတော့ ကြည့်လိုက်မယ်ဆိုရင်
ပတ်ဝန်းကျင် အခြေအနေ နဲ့
မိမိရဲ့ ဒီ အတွင်းအခြေအနေတွေကို ကြည့်ပြီးတော့
လူတွေဟာ ကြီးပွားတယ် ၊ တိုးတက်တယ် ၊
မကြီးပွားဘူး ၊ မတိုးတက်ဘူး ဆိုတာ
အပြင် တစ်ခုထဲ မဟုတ်ဘူး ၊
အတွင်း ကပါ ပါသေးတယ် ။
အတွင်း ပါတယ် ဆိုတာ
ပညာတတ်တယ် ၊ စိတ်ကောင်းနှလုံးကောင်း ရှိတယ်၊
ကောင်းတဲ့ဘက်ကို လုပ်တယ် ၊
မိတ်ကောင်းဆွေကောင်းတွေ ရှိတယ် ။
ဟော ဒီလို အတွင်း နဲ့ အပြင် နှစ်ခုရှိတဲ့ ပုဂ္ဂိုလ်တွေဟာ
ကြီးပွားနေတာ ။
ကြီးပွားတယ် ဆိုတဲ့ လူတိုင်း လိုက်ကြည့် ၊
အပြင်က အဆက်အသွယ်ကောင်းတယ်ဆိုတာ ပါတယ်။
သူကိုယ်တိုင်ကလည်း အရည်အချင်း ရှိတယ်ဆိုတာ ပါတယ်
အရည်အချင်းဆိုတာ အပြင်က မဟုတ်ဘူး ၊
ကိုယ့်အတွင်းက အရည်အချင်း ။
*******************************
ကျေးဇူးတော်ရှင်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော
" အနုမောဒနာ"
တရားဒေသနာတော်မှ
နာယူမှတ်သား ရေးသား၍
အမတဒါန ၊ ဓမ္မဒါန အဖြစ်ဖြင့်
မျှဝေဖော်ပြအပ်ပါသည် ။
*******************************
ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။
______________________________________
Shared from Kaung Myat Thu (FB)
No comments:
Post a Comment