Sunday, September 13, 2015

စိုးရိမ်သောက


🌷🌷🌷
အားငယ်စိတ်ကြောက်စိတ်ဆိုတာ လူတိုင်းမှာ အနဲနဲ့အများရှိတယ်။ အဲဒီအားငယ်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေကို တနည်းနည်းနဲ့ ငြိမ်းချမ်းအောင်မလုပ်လို့ရှိရင် လူရဲ့စိတ်ဓာတ်အင်အားတွေကို ကုန်ဆုံးသွားစေတယ်။ အဲဒီလူဟာ အမြဲတမ်းလိုလိုပဲ စိတ်ကြည်လင်မှု မရှိဘူး။ တခုခု ခက်ခဲနက်နဲတဲ့အလုပ်ကို လုပ်ရတော့မယ်ဆိုရင်ပဲ သူ့မှာ အားစိုက်ဖို့ရာ အင်အားကမရှိဘူး။ အဲဒီတော့ အဲဒီအားငယ်စိတ်၊ ကြောက်စိတ်တွေကို သက်သာဖို့ဆိုတာလည်းပဲ ဒီတရားအားထုတ်မှ ရနိုင်မယ်။

🌷🌷
အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော်အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာအကျိုးရှိမယ့်အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။

🌷🌷🌷
စိတ်အေးရဖို့ဆိုတာက ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်။ ငါ့ဘဝကိုငါ ဘယ်လိုနေမယ်၊ ဘယ်လိုသဘောထားနဲ့နေမယ်၊ ဘယ်လိုခံယူချက်နဲ့နေမယ်၊ ဘာကိုဦးတည်ချက်ထားမယ်ဆိုတာကို စိတ်ချလက်ချ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ကိုယ် စဉ်းစားပြီးတော့ သိပြီးတော့ ဆုံးဖြတ်ပြီးတော့ နေနိုင်မှရမယ်။ သူများက ပေးလို့ မရဘူး။

🌷🌷🌷
ကိုယ့်ရဲ့ယုံကြည်ချက်၊ ခံယူချက်က ကိုယ့်အတွင်းကလာမှ ရမှာ။ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ သိပြီးတော့ဖြစ်လာတဲ့ ယုံကြည်ချက် ခံယူချက်ဖြစ်မှ ရမှာ။ အဲဒါကိုမရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling က ပျောက်မှာမဟုတ်ဘူး။ ရှုပ်ထွေးပြီး ဘာမှစိတ်မချရတဲ့ လောကကြီးအလယ်မှာ အားငယ်နေမယ်၊ ကြောက်နေမယ်။ emptiness နဲ့ loneliness ဟာ anxiety ရဲ့ မျက်နှာနှစ်ဖက်ပဲ။ အဲဒီ emptiness နဲ့ loneliness ရှိနေပြီဆိုရင် anxiety (စိုးရိမ်သောက) ရှိနေပြီ၊ သေချာပြီ။ စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။

🌷🌷🌷
ကိုယ့်မှာလည်း ယုံကြည်ချက်၊ ခံယူချက် မရှိသလို တခြားသူတွေမှာလည်း ယုံကြည်ချက်၊ ခံယူချက် မရှိဘူးဆိုရင် စိတ်ထဲမှာ မလုံခြုံတဲ့ခံစားမှု၊ ဘယ်သူ့ကိုမှ စိတ်မချတဲ့ခံစားမှု ဖြစ်မယ်။ အဲသလိုလူချင်းဟာ ဘယ်လိုလုပ် စိတ်ချလက်ချဆက်ဆံလို့ ရတော့မလဲ။

🌷🌷🌷
ကိုယ်က ဘာမှအပြစ်မရှိပဲနဲ့ စိတ်အေးလက်အေး နေလို့မရတဲ့အဖြစ်က anxiety ဖြစ်ဖို့ရာ အကြီးမားဆုံးအကြောင်းဘဲ။ ငါမကောင်းတာမလုပ်ရင် ငါ့မှာ အန္တရာယ်မရှိဘူး။ ငါရိုးရိုးသားသား လုပ်မယ်ဆိုရင် ငါရသင့်တဲ့အခွင့်အရေးကို ရိုးရိုးသားသားနဲ့ရမှာဘဲလို့ ယုံကြည်လို့ရတယ်ဆိုရင် နဲနဲ စိတ်အေးတယ်။ ကိုယ့်မှာ ရပ်တည်ရာလေးတခုရှိတယ်။ ဒီလိုနေရင် စိတ်အေးရမှာပဲဆိုတဲ့ နေနည်းထိုင်နည်းလေး life style လေးကို အားကိုးလို့ရတယ်။ အဲဒါမှအားကိုးလို့ မရတော့ဘူးဆိုရင် သူ့ anxiety က အကန့်အသတ်မရှိတော့ဘူး။ ဒါကြောင့် လူတွေမှာ အဲသလို မဖြစ်သင့်တဲ့ anxietyမျိုးတွေ ဖြစ်နေပြီဆိုရင် စိုးရိမ်စရာကောင်းတယ်။ ဘာလုပ်သင့်သလဲ။

🌷🌷🌷
ကိုယ့်စိတ်ကိုကိုယ် သေသေချာချာသိတဲ့ အသိဟာ ပိုပြီးတော့အားကောင်းလာလေလေ အဲဒီ anxiety လို့ခေါ်တဲ့ သောကကို လွန်မြောက်နိုင်ဖို့နဲ့ ခံနိုင်ရည်ပိုရှိဖို့က အခွင့်အရေးအလားအလာ ပိုများလာလေလေပဲ။ ဒါဟာ တခုတည်းသောအားကိုးစရာ ဖြစ်တယ်။ ဒါကြောင့်ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကိုကိုယ်ကြည့်တဲ့ အလေ့အကျင့်ကို လုပ်ရမယ်။ ဒါလုပ်သင့်တယ်။⛳ ⛳ ⛳

💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫ ▫ ၏ ▫ ▫
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

No comments:

Post a Comment