Saturday, October 7, 2017

အခေါ်အဝေါ် အချိုအခါး


အရှင်ကုသသာမိ(အတည်မဲ့)

(၁)
တစ်နေ့က ဆရာတော်တစ်ပါး နှင့် အိမ်တစ်အိမ်သို့ သွားဖြစ်ခဲ့ သည်။ ထိုအိမ်တွင် အသက်(၇ဝ)ခန့် ဒကာကြီးနှင့် ဒကာမကြီးတို့ ရှိသည်။ သူတို့နှစ်ဦးလုံးသည် အသက်အရွယ် အိုမင်းနေသော်လည်း တစ်ဦးကို တစ်ဦး ကြည့်သောအကြည့်၊ ပြော သောစကားများက ဆယ်ကျော် သက်လေးများလို နူးညံ့သိမ်မွေ့နေ ဆဲပင် ဖြစ်သည်။ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ အမူအရာဖြင့် ပြောဆို ဆက်ဆံနေကြသည်။ တစ်ဦးပေါ် တစ်ဦး နားလည်မှုအပြည့်ဖြင့် ဘဝ လက်တွဲဖော် ပီသနေကြသူများ ဖြစ် လိမ့်မည်ဟု တွေးမိခဲ့သည်။ သူတို့ နှစ်ဦးသည် ဆရာတော်ကို တွေ့သည် နှင့် ''သားသား''ဟု ခေါ်သည်။ ဆရာတော်ကလည်း ပါးပါး၊ မားမား ဟု ခေါ်သည်။ အမြင်အရ တစ်မျိုး ထူးဆန်းနေခဲ့သည်။ ပြုံးချင်စရာ တစ်မျိုးဟု သဘောထားမိ၍ ပြုံးခဲ့ မိသေးသည်။ နောက်ပိုင်းတွင် သိလာ ရသည်မှာ သူတို့အခေါ်အဝေါ် အပြောအဆိုများမှာ နောက်ကြောင်း ကင်းသည်။ အခြားကွယ်ဝှက်ထား သော အဓိပ္ပာယ်များ မရှိ။ သူတို့ နှစ်ဦးက ဆရာတော့်အပေါ်မှာ တကယ့်သားအရင်းလို သားသားဟု ခေါ်ချင်သည်။ ထို့အပြင် ဆရာတော် က ခေါ်သောအခါတွင်လည်း ပါးပါး၊ မားမားခေါ်မှ သဘောကျသည်ဟု ဆိုသည်။

(၂)
ဘုန်းကြီးလောကတွင် အချင်း ချင်းကြားမှာ ပြောနေကြသည်များ ရှိသည်။ ''ဒီကိုယ်တော်က ဘုန်းကံ ကြီးမှာပေါ့၊ ဒကာမကြီးတွေ တွေ့ရင် မေမေ မေမေ၊ မယ်တော်ကြီး မယ်တော်ကြီးလို့ ပြောတာကိုး'' ဟု ဆိုတတ်ကြသည်။ အချို့ကတော့ ပိုပြီး ရင်းနှီးချင်လို့၊ ရင်းနှီးမှုပိုရမှ ဆက်ဆံရေးနှင့် အခြားလုပ်ငန်းကိစ္စ များ အဆင်ပြေနိုင်တယ်လို့ ယုံကြည် သည့်အတွက် ဒကာ၊ ဒကာမများ အကြိုက် ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြ သည်။ အချို့ကတော့ ဘာရည်ရွယ် ချက်၊ ဘာအကြောင်းတရားမှမရှိဘဲ အမေတစ်ယောက်လို ချစ်ခင်မိ သဖြင့် မာမား၊ မယ်တော်ကြီး စသည် ခေါ်ကြသည်။ အစ်မစသည် ခေါ်ဝေါ် ပြောဆိုကြသည်။ အချို့ကတော့ ဒကာ၊ဒကာမများကို ဒကာ၊ဒကာမ အသုံးအနှုန်းမှလွဲ၍ အခြားအခေါ် အဝေါ်ဖြင့် ခေါ်ဝေါ်ပြောဆိုကြသည် ကိုမနှစ်သက်ကြပေ။ ရယူလိုမှုကို အခြေမခံဘဲ မေတ္တာတရားကြောင့် အရင်းနှီးဆုံး အခေါ်အဝေါ် အပြော အဆိုများ သုံးနှုန်းခြင်းသည် ဘုရား အလိုတော်နှင့် မကိုက်ညီဟု စာရေး သူတော့ မယူဆပါ။

(၃)
မြတ်စွာဘုရား တရားတော် များတွင် ယဉ်ကျေးသူတို့၏ အသုံး အနှုန်းဟူသော ဟောကြားချက်များ ကို တွေ့ရသည်။ ဘုရားရှင်က ဖခင် အရွယ်ကို (ဖေဖေ၊ ပါပါး)၊ မိခင် အရွယ်ကို (မေမေ၊ မာမား)၊ အစ်မ အရွယ်ကို အစ်မ၊ ညီမအရွယ်ကို ညီမ စသဖြင့် ခေါ်ဝေါ်ပြောဆိုခြင်း သည် ယဉ်ကျေးသူတို့၏ စကား၊ မြို့ကြီးသူတို့စကားဟု ညွှန်ပြထား သည်။ စာရေးသူ သိသလောက်ဆို ရလျှင် လူဒကာ၊ ဒကာမများကို ''ဒကာကြီး၊ ဒကာမကြီး''ဟု ခေါ်ဝေါ် ပြောဆိုခြင်းသည် ဘုရားအလိုအရ သတ်မှတ်ထားခြင်းမဟုတ်ဘဲ မြန်မာ့ ယဉ်ကျေးမှုသက်သက်သာ ဖြစ် သည်။

(၄)
စာသင်သားဘဝက ဆရာ တော်ကြီးတစ်ပါးကို ရှုတ်ချခဲ့ဖူးသည်။ ထိုဆရာတော်သည် သူဌေးကြီးများ ကျောင်းလာလျှင် 'သူဌေးကြီး'၊ ဗိုလ်ချုပ်ကြီးများ ကျောင်းလာလျှင် 'ဗိုလ်ချုပ်ကြီး' စသည်ဖြင့် ခေါ်ဝေါ် သုံးနှုန်းတတ်သည်။ အမှန်စဉ်းစား ကြည့်လျှင် မြတ်စွာဘုရားနည်း အတိုင်း သုံးနှုန်းခေါ်ဝေါ် ပြောဆို နေခြင်းပင် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် မြတ်စွာဘုရားရှင် နှင့် သူဌေးများ၊ ဘုရင်မင်းများနှင့် စကားပြောခန်းများကို လေ့လာကြည့် ပါက မြတ်စွာဘုရားရှင်သည် သူဌေး ကြီးနှင့်တွေ့ပါက 'သူဌေးကြီး၊ သြူ<ွကယ်ကြီး(သေဋ္ဌိ)'၊ ရှင်ဘုရင်များ နှင့် စကားပြောဆိုရာတွင် 'မြတ် သောမင်းကြီး၊ မင်းမြတ် (မဟာ ရာဇ)' စသည်ဖြင့် ပြောဆိုသည် ကိုသာ တွေ့ရသည်။ သို့အတွက် ကြောင့် မြတ်စွာဘုရားရှင်သည် နား ထောင်သူ နားဝင်ချိုစေမည့် အခေါ် အဝေါ် အသုံးအနှုန်းကို သဘော ကျကျ သုံးနှုန်းလေ့ရှိသည်ဟု ဆိုနိုင် မည်ဟု ယူဆမိသည်။

(၅)
မြတ်စွာဘုရားရှင်နှင့် စပ်လျဉ်း ၍ အများကြားဖူးသည့် အဖြစ် အပျက်တစ်ခု ရှိသည်။ နကုလပိတာ၊ နကုလမာတာဟူသော လင်မယား နှစ်ယောက်အကြောင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် မြတ်စွာဘုရားရှင် အပေါ်တွင် မိမိ၏ သားအရင်းကဲ့သို့ ချစ်ခင်ကြင်နာကြသူများ ဖြစ်သည်။ မြတ်စွာဘုရားကလည်း သူတို့၏ ချစ်ခြင်းကို လက်ခံသည့်အနေ အထား တွေ့ရသည်။
စာထဲတွင် နကုလပိတာ၊ နာကုလမာတာဆိုသည်မှာ နာမည် (just name) မျှသာ ဖြစ်နေသော် လည်း စာရေးသူက ဝေါဟာရ အဓိပ္ပာယ်ကိုလိုက်ပြီး စဉ်းစားမိ သည်။ န=မဟုတ်+ကုလ=အမျိုး+ ပိတာ=အဖေ၊ န=မဟုတ်+ကုလ= အမျိုး+မာတာ=အမေ။ ဟု အဓိပ္ပာယ် အသီးသီးထွက်ရာ ''အမျိုးမတော် သော အဖေနှင့် အမျိုးမတော်သော အမေ'' ဟု အဓိပ္ပာယ်ရလေသည်။ အမှန်အားဖြင့်လည်း ထိုလင်မယား နှစ်ယောက်သည် ဘုရားရှင်နှင့် အမျိုးမတော်စပ်သူများ ဖြစ်သည်။ သို့ရာတွင် မိဘအရင်းအခြာများလို သံယောဇဉ်ကြီးမားသူများ ဖြစ်လေ သည်။

(၆)
အထက်ပါ ဇာတ်လမ်းနှင့်ဆင် တူသော ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါသေးသည်။ လင်မယား နှစ်ယောက်သည် မြတ်စွာဘုရားကို တွေ့သည်နှင့် ''ချစ်သားလေး၊ မိဘတွေကို မလုပ်ကျွေးဘဲနဲ့ ဘယ် တွေသွားနေတာလဲ'' ဟု ဆိုသည်။ ထို့အပြင်''အိမ်မှာ အမေလည်း ရှိနေ တယ်၊ လာ လိုက်ခဲ့ အမေ့ကို သွား တွေ့လိုက်ဦး'' ဟု ဆိုသည်။ အိမ် ရောက်သောအခါ သူ့သားသမီးတို့ကို လည်း ''သားတို့ သမီးတို့လာကြ၊ မင်းတို့ အစ်ကိုလာပြီ ရှိခိုးကြ'' ဟု ဆိုပြန်သည်။
မြတ်စွာဘုရားရှင်ကလည်း ထို လင်မယားတို့၏ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် သူ့ထံသို့ ဆွမ်းစားလာပင့်ပါက ထိုလင်မယား အိမ်သို့ သွားခိုင်းပြီး အခွင့်တောင်း ခိုင်းလေ့ရှိသည်။ ဆွမ်းဖိတ်သူမရှိ သောနေ့တိုင်း မြတ်စွာဘုရားသည် ထိုလင်မယားအိမ်သို့ သွားရောက်ပြီး ဆွမ်းဘုဉ်းပေးတော်မူခဲ့သည်။

(၇)
ထိုဇာတ်လမ်းများတွင် မြတ်စွာ ဘုရားရှင်က အလိုလို ဖြစ်ပေါ်လာ တတ်သော ချစ်ခြင်းမေတ္တာ အကြောင်းကို ထုတ်ဖော်ဟောကြား ခဲ့သည်။ ချစ်ခြင်း မေတ္တာသည် (၁) ရှေးဘဝများက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဖူးခြင်း၊ (၂) ပစ္စုပ္ပန်ဘဝတွင် အကျိုးစီးပွား အပြန် အလှန် ဖြစ်ထွန်းနိုင်ခြင်းဟူသော အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပေါ် လာတတ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအချက်နှစ်ချက်ရှိလျှင် မြင်ကာမျှ နှင့် ချစ်ခြင်းမေတ္တာများ ဖြစ်တတ် ကြောင်း ဟောကြားခဲ့သည်။

(၈)
အခေါ်အဝေါ်များက ပြောပြ သော အဓိပ္ပာယ်များအကြောင်းကို စဉ်းစားရင်း အခေါ်အဝေါ်များ၏ အရေးပါမှုများကိုပါ တစ်ပါတည်း စဉ်းစားမိခဲ့သည်။ လူ့လောကတွင် နေနေရသည့် လူတို့သည် အစစ အရာရာ စိတ်ချမ်းမြေ့စေဖို့အတွက် ပြောဆိုဆက်ဆံရာတွင် ပထမဦးစွာ အခေါ်အဝေါ်များ ယဉ်ကျေးသိမ်မွေ့ နေသင့်သည်။ တစ်နည်းအားဖြင့် မေတ္တာသံပါသော အခေါ်အဝေါ် လေးများကို အသားကျအောင် လေ့ကျင့်ခေါ်ဝေါ်သင့်ပါသည်။ မည်မျှ နူးညံ့သော အခေါ်အဝေါ်ပင်ဖြစ်စေ ကာမူ အခေါ်အဝေါ်များ၏ နောက် တွင် ရိုးသားမှုတစ်ခု ရှိဖို့တော့ အထူးလိုအပ်လှပြန်သည်။ ရိုးသားမှု နောက်ခံထားခြင်းမရှိသော အခေါ် အဝေါ်များသည် ဓားသွားပေါ်က ပျားရည်စက်လေးများသဖွယ် ကြောက်စဖွယ်ကောင်းနေပါလိမ့်မည်။

အရှင်ကုသလသာမိ(အတည်မဲ့)

ရွေ့


တက္ကသိုလ်စိုးထွေး(စလင်း-ကန်ပြား)

ကမ္ဘာပေါ်တွင် ရှေးနှစ်ပေါင်း များစွာကတည်းက ထင်ရှားသော နေရာများ၊ ကမ္ဘာ့တိုက်ကြီးများ၊ မြို့ကြီးများ၊ ယဉ်ကျေးမှုနှင့် သိပ္ပံ ပညာများ ထွန်းကားခဲ့သောနေရာ အတော်များများမှာ သဘာဝတရား ၏ ထူးဆန်းစွာ ပြောင်းလဲမှုများ ကြောင့် ပျောက်ဆုံးသွားခဲ့ကြသည့် အများစုမှာ သမုဒ္ဒရာတို့၏ ပြောင်းလဲ မှုကြောင့် သမုဒ္ဒရာရေအောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ကြသည်။
ရေအောက်သို့ နစ်မြုပ် ပျောက်ကွယ်ခဲ့သောအရာများထဲတွင် မြို့ကြီးများသာမက ကမ္ဘာ့တိုက်ကြီး များလည်း ပါဝင်ခဲ့သည်။ ပညာရှင် များက ရေအောက်သို့ နစ်မြုပ် ပျောက်ကွယ်သွားသော ကမ္ဘာ့ တိုက်ကြီးလေးခုရှိသည်ဟု ယူဆ ထားကြသည်။ ယင်းတို့မှာ (၁) အတ္တလန္တစ် (Atlantis) ၊ (၂) လမူးရီးယား (Lamuria)၊ (၃) မူး (Mu) ၊ (၄) အေဗလွန် (Abalon) တို့ ဖြစ်ကြသည်။ ထို့အပြင် အခြား သဘာဝဘေးအန္တရာယ်တို့ကြောင့် ပျက်စီးပျောက်ကွယ်သွားသော မြို့ကြီးများလည်း ရှိသေးသည်။ အေဒီ (၇၉)ခု လွန်ခဲ့သော နှစ်ပေါင်း ၁၇ဝဝ-ကျော်က ပွန်ပီအိုင် (Pompei) မြို့တော်နှင့် ဟာကြူလေနီယမ် (Herculaneum) မြို့တော်ကြီး နှစ်ခုစလုံးတို့မှာ မီးတောင်ပေါက် ကွဲပြီး ချော်ရည်ပူနှင့် ပြာမှုန့်များ ဖုံးအုပ်ခံခဲ့ရသည်။ လူပေါင်း သိန်း နှင့်ချီပြီးလည်း သေဆုံးခဲ့ကြရသည်။ မြို့ရော လူများပါ ချော်ရည်ပူနှင့် ပြာမှုန့်များအောက် ပျောက်ကွယ် ခဲ့ကြရသည်။
မီးတောင်မှ ထွက်ကျလာသော ချော်ရည်ပူနှင့် ပြာမှုန်များမှာ (၁၅) ပေမှ ပေ(၃ဝ)ထိ ရှိသည်ဟု ဆို သည်။ ထို့အပြင် မွန်ဂိုအင်ပါယာ တစ်ခုဖြစ်သော ဂျင်ဂျစ်ခန်၏ မင်း နေပြည်တော် ဖြစ်ခဲ့သည့် ကရာဂိုရမ် (Kaya Kayan) မြို့တော်ကြီးမှာ လည်း ဂိုဘီသဲကန္တာရကြီးအတွင်းမှ သဲမုန်တိုင်းများ တိုက်ခတ်လာသော ကြောင့် သဲထုကြီးအောက်စုံးစုံးမြုပ် ကာ ပျောက်ကွယ်သွားခဲ့ရသည်။ ထို့အတူ ပင်လယ်ရေ၏သဘာဝ ပြောင်းလဲမှုကြောင့် ရေအောက်သို့ ရောက်ရှိသွားသော တိုက်ကြီးများ၊ မြို့ကြီးများ ရှိသည်အနက်မှ အန္တလန္တစ်တိုက်ကြီးတစ်တိုက်လုံး ရေအောက်သို့ နစ်မြုပ်ပျောက်ကွယ် သွားသည်မှာလည်း အထင်အရှား ပင် ဖြစ်သည်။ အန္တလန္တစ်တိုက်ကြီး နစ်မြုပ်သွားစဉ်က ကမ်းခြေနှင့် အနီး ကပ်ဆုံး ရှိနေကြသူများမှာ (၆)မိနစ် ခန့်အတွင်းမှာပင် လူပေါင်း (၆ဝဝဝဝ) ကျော်တို့ တစ်ပြိုင်နက်တည်း သေကျေ ပျက်စီးခဲ့ရသည်ဟု အဆိုရှိ သည်။ ပျောက်ကွယ်သွားသော တိုက် ကြီးများအကြောင်းကို ရှေးနှစ်ပေါင်း များစွာကတည်းက ယခုအချိန်ထိ ပညာရှင်များ၊ သိပ္ပံပညာရှင်များက သုတေသနပြု လေ့လာခဲ့ကြပြီး နောက် ဖြစ်နိုင်စရာရှိကြောင်း မှတ်ချက်ချခဲ့ကြသည်။
ယခုအချိန်မှာလည်း သဘာဝ ဖောက်ပြန်ပျက်စီးမှုများမှာ သည် ထက်ပို၍ ဆိုးလာစရာ ရှိနေသည်။ အိုဇုန်းလွှာပေါက်ကွဲမှုကြောင့်ပဲ ဖြစ် စေ၊ ခရမ်းလွန်ရောင်ခြည်များ ပိုများ လာသောကြောင့်ပဲ ဖြစ်စေ၊ လေဆာ ရောင်ခြည်တွေကြောင့်ပဲ ဖြစ်စေ၊ သိပ္ပံပညာရှင်ကြီးများပင် အမည် မတပ်ရသေးသည့် အစိမ်းနု ရောင်ခြည်များ ကျရောက်လာသော ကြောင့်ပဲဖြစ်စေ မြောက်ဝင်ရိုးစွန်းရှိ ရေခဲပြင် ကန္တာရကြီး တဖြည်းဖြည်း ပျက်စီးပျောက်ကွယ်သွားဖို့ ရှိနေ သည်။ ရေခဲပြင်ကြီး အရည်ပျော် သွားသည်နှင့် ထိုရေများသည် ပင်လယ်ထဲသို့ရောက်ပြီး သမုဒ္ဒရာ ရေမျက်နှာပြင်မှာ တဖြည်းဖြည်းမြင့် တက်လာပေလိမ့်မည်။ ထိုအခါ ပင်လယ်ကမ်းခြေသမုဒ္ဒရာနှင့်နီး သော မြို့ကြီးတွေ ရေလွှမ်းခံရပြီး အတ္တလန္တစ်မြုပ်သကဲ့သို့ နစ်မြုပ် ပျောက်ကွယ်သွားမည်မှာ အသေ အချာပင် ဖြစ်သည်။ အာရှတိုက် အရှေ့တောင်ပိုင်းမှာ ရှိသည့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျာဗားကျွန်း၊ ဆုမတြာကျွန်းတို့ဆို လျှင် ရှေးအခါက ယခုလို ပင်လယ် ရေခြားနေခြင်းမျိုးမဟုတ်ဘဲ မြေပြင် တဆက်တစပ်တည်း ရှိနေခဲ့ကြ သည်။ နောက်ပိုင်းတွင်မှ ရေအောက် မှာရှိသည့် မီးတောင်များ မကြာခဏ ပေါက်ကွဲမှုဖြစ်ရာမှ မြေပြင်အချို့ သမုဒ္ဒရာအောက်သို့ ရောက်ကုန်ပြီး ယခုလို ကျွန်းစုတွေဖြစ်ကုန်ကြခြင်း ဖြစ်သည်။
ယင်းသို့ ကမ္ဘာတိုက်ကြီးများ၊ မြို့ကြီးများ ပျောက်ကွယ်သွားခြင်း သည် သြကာသလောက၏ ရွေ့လျားမှု (လှုပ်ရှားမှု၊ ပြောင်းလဲမှု) ပင်ဖြစ်သည်။ သြကာသလောက ဟူသည် သစ်ပင်တောတောင် ရေ မြေနှင့် တိုက်တာအိုးအိမ်စသည့် သက်မဲ့လောကကို ဆိုလိုခြင်း ဖြစ် သည်။ ကမ္ဘာ့မှတ်တမ်းအရ မြန်မာ ပြည်၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည် ကမ္ဘာ့ရေရှည် တည်တံ့မည့် မြို့များထဲတွင် ပါဝင် သည်။ အခြားသော မြန်မာပြည်ရှိ ရန်ကုန်စသည့်မြို့များနှင့် အခြား နိုင်ငံမှ မြို့များသည် နောင်နှစ်ပေါင်း ထောင်သောင်း ကြာမြင့်သည့်အခါ ပျက်သုဉ်းပျောက်ကွယ်သွားပြီး လောကသဘာဝအရ ရွေ့လျောသွား ကြမည်။ (ဝါ) အစဉ်မတည်မြဲဘဲ ပျက်သုဉ်းသွားကြမည် ဖြစ်သည်။ အခြားသော မြစ်ချောင်းအင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများသည်လည်း နောင်နှစ်ပေါင်းထောင်သောင်းကြာ မြင့်လာပါက မြစ်ကြောင်းပြောင်း ခြင်း၊ တိမ်ကောခြင်းစသည်ဖြင့် မူလ အခြေအနေမှ ရွေ့လျားသွားကြ မည်သာ ဖြစ်သည်။
သြကာသလောကအပြင် အခြားသောလောကတစ်ခုမှာ သတ္တ လောကဖြစ်သည်။ သတ္တလောက ဟူသည် လူ၊ နတ်ဗြဟ္မာ ခွေးဝက် ကြက်ငှက်စသည့် သက်ရှိသတ္တဝါများ ကို ဆိုလိုသည်။ ထိုသတ္တလောက ဟူသည့် သက်ရှိသတ္တဝါတို့သည် လည်း အစဉ်မတည်မြဲဘဲ ဖြစ်ပျက် ပြောင်းလဲလှုပ်ရှားနေသည်သာ ဖြစ် သည်။ ဥပမာ လူဆိုပါစို့။ လူသည် မွေးကင်းစအရွယ်မှ တဖြည်းဖြည်း ကြီးပြင်းလာသည့်အခါ သွားလာ ဆော့ကစားသည့်အရွယ်သို့ ရောက် လာသည်။ ယင်းသည် မွေးကင်းစ အရွယ်မှ သွားလာဆော့ကစားသည့် အရွယ်သို့ လူဟူသည့် သတ္တလောက ၏ ရွေ့လျောမှုပင် ဖြစ်သည်။ သွားလာဆော့ကစားသည့်အရွယ်သို့ ရောက်လာခြင်းသည် မွေးကင်းစ အရွယ်၏ ဖြစ်ပျက်ပြောင်းလဲမှု(ဝါ) ရွေ့လျောမှုပင် ဖြစ်သည်။ တစ်ဖန် သွားလာဆော့ကစားသည့်အရွယ်မှ ကျောင်းနေ(ပညာသင်ယူ)သည့် အရွယ်သို့ ရွေ့လျားသွားပြန်သည်။ ပညာသင်ယူသည့်အရွယ်မှ အလုပ် ဝင်သည့်အရွယ်သို့ ရွေ့လျားသွားပြန် သည်။ အလုပ်ဝင်သည့်အရွယ်မှ အိမ်ထောင်ပြုသည့်အရွယ်သို့ ရွေ့လျားသွားပြန်သည်။ ထိုမှဆက်၍ အိုသည့်အရွယ်၊ နာသည့်အရွယ်၊ သေသည့်အရွယ်သို့ အစဉ်အတိုင်း ရွေ့လျားပြောင်းလဲသွားရသည်သာ ဖြစ်သည်။ ထို့အပြင် လူ့လောကကြီး ကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးရှိ သည်ဟု သတ်မှတ်ထားသည့်အပြင် လူ့သက်တမ်းကိုလည်း (၇၅)နှစ် သက်တမ်းဟု သတ်မှတ်ထားကြ သည်။ မွေးဖွားသည်မှစ၍ ၂၅-နှစ် အတွင်းကို ပထမအရွယ်ဟု သတ်မှတ်သည်။ ပထမအရွယ် (၂၅) နှစ်မှ ရွေ့လျားပြီး ဒုတိယအရွယ် (၄၅)နှစ်သို့ ရွေ့လျားပြောင်းလဲသွား ပြန်သည်။ တစ်ဖန်ဒုတိယအရွယ် (၄၅) နှစ်မှသည် တတိယအရွယ် (၇၅)နှစ်အရွယ်သို့ ရွေ့လျား ပြောင်းလဲသွားပြန်သည်။ ထို့အပြင် မွေး၊ အို၊ နာ၊ သေဟု အဆင့် လေးမျိုးခွဲ၍လည်း လူ(ဝါ) သတ္တ လောက၏ ရွေ့လျောမှုကို သိနိုင် သည်။ မွေးဖွားသည့်အရွယ်မှ အိုခြင်းသို့ ရွေ့လျောသွားရသည်။ နာသည့်အရွယ်မှ သေသည့်အရွယ် သို့ ရွေ့လျားပြောင်းလဲသွားရသည်။ အိုသည့်အရွယ်မှ နာသည့်အရွယ်သို့ ရွေ့လျောပြောင်းလဲသွားရသည်။ ဤသည်တို့မှာ လူ၊ နတ်၊ ဗြဟ္မာ၊ ကြက်၊ ငှက်၊ ဝက် စသည့် သတ္တ လောက၏ ရွေ့လျောပြောင်းလဲမှုပင် ဖြစ်သည်။
ထို့အပြင် သင်္ခါရလောက၏ အစဉ်မတည်မြဲဘဲ ရွေ့လျောပြောင်းလဲ မှုလည်း ရှိသေးသည်။ ယင်းမှာ စိတ် နှင့်ရုပ်တို့၏ အတည်မမြဲ ဖြစ်ပျက် ပြောင်းလဲနေမှုပင် ဖြစ်သည်။ စိတ် နှင့်ရုပ်ဟု နှစ်မျိုးရှိသည့်အနက် စိတ် သည် မျက်စိတစ်မှိတ်, လျှပ်တစ်ပြက် အတွင်းမှာပင် ကုဋေတစ်သိန်းမက ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနိုင်စွမ်း ရှိသည်။ ရုပ်မှာမူ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် ကုဋေ ငါးထောင်မက ဖြစ်ပျက် ပြောင်းလဲ ရွေ့လျောနိုင်စွမ်းရှိသည်။ ဤရုပ် ဤနာမ်ဟုပင် လက်ညှိုးထိုးပြ၍ မရ နိုင်လောက်အောက်ပင် ဖြစ်ပျက် ပြောင်းလဲနိုင်စွမ်းရှိသည်။ ဤရုပ်ဟု လက်ညှိုးထိုးပြဖို့ ကြံရွယ်နေစဉ်မှာ ပင် ဤရုပ်သည် မရှိတော့ဘဲ ရုပ် အသစ်အစားထိုး၍ ဖြစ်ပျက် ပြောင်းလဲနေပေသည်။ ထိုရုပ်အသစ် ကိုလည်း 'ဤသည်ကား ရုပ်အသစ်' ဟု လက်ညှိုးညွှန်ပြဖို့ ကြံရွယ် နေစဉ်မှာပင် ထိုရုပ်အသစ်သည် ဟောင်းနွမ်းချုပ်ပျက်ပြီး ရွေ့လျော သွားပြီဖြစ်သည်။ နာမ်တရား(ဝါ) စိတ်မှာမူကား မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်အတွင်းမှာပင် ကုဋေ တစ်သိန်းမက ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောသွားပြီ ဖြစ်ခြင်းကြောင့် ဤနာမ်(ဝါ) ဤစိတ်ဟု လက်ညှိုး ညွှန်ပြဖို့ရန် ပို၍ပင် ခဲယဉ်းပေလိမ့် မည်။ ဤသည်မှာ သင်္ခါရလောက၏ အတည်မမြဲ ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေမှုပင် ဖြစ်သည်။
ဖြစ်ပျက်ပြောင်းလဲ ရွေ့လျော နေမှုမှ လွတ်ကင်းသော အရာကား နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်သည် ဘုံဘဝ၊ ဘုံဌာနတစ်ခုမဟုတ်ဘဲ တဏှာကုန်ဆုံး ချုပ်ငြိမ်းခြင်းပင် ဖြစ်သည်။ တဏှာသည် ဘဝဟူသည့် ခန္ဓာအိမ်ကို ဆောက်လုပ်နိုင်စွမ်း ရှိသည်။ တဏှာကြောင့် ဘဝသစ် များ ဆက်ကာဆက်ကာ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ တဏှာသည် လောဘ ဖြစ်သည်။ လောဘသည် စေတသိက် (ဝါ) နာမ်တရားဖြစ် သည်။ ထို့ကြောင့် တဏှာ(လောဘ) သည်လည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် ကုဋေ တစ်သိန်းမက ဖြစ်ပျက် ပြောင်းလဲ ရွေ့လျောနေပေသည်။ တဏှာ ကိုယ်တိုင်က ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေသောကြောင့် ယင်း တဏှာကြောင့် ဖြစ်ပေါ်လာသည့် ဘဝသည်လည်း ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေမည်မှာ ပြောဖွယ်ပင် မလိုတော့ပြီ။ ဘဝမရချင်လျှင် တဏှာချုပ်ငြိမ်းအောင် အားထုတ် ရမည် ဖြစ်သည်။ အားထုတ်ရမည့် ကျင့်စဉ်မှာ သတိပဋ္ဌာန် ဝိပဿနာ ကျင့်စဉ်ပင် ဖြစ်သည်။ သတိပဋ္ဌာန် ဝိပဿနာကျင့်စဉ်ကို အားထုတ်၍ တဏှာကုန်ဆုံးချုပ်ငြိမ်းသွားလျှင် ဘဝဟူသမျှအားလုံးတို့မှ အကြွင်းမဲ့ လွတ်မြောက်သွားပေလိမ့်မည်။ ဘဝ မရှိတော့လျှင် ဖြစ်ပျက်ပြောင်းလဲ ရွေ့လျားနေမှုလည်း မရှိနိုင်တော့ပြီ။ စင်စစ်ဖြစ်ပျက် ပြောင်းလဲ ရွေ့လျား နေမှုသည် မမြဲခြင်း-အနိစ္စ၊ ဆင်းရဲ ခြင်း-ဒုက္ခ၊ အစိုးမရခြင်း-အနတ္တ တရားများပင် ဖြစ်သည်။ အနှစ်ချုပ် လျှင် ဒုက္ခတစ်မျိုးတည်းသာ ဖြစ် သည်။ နိဗ္ဗာန်သည် ဖြစ်ပျက် ပြောင်းလဲရွေ့လျားနေသည့် တရား မဟုတ်။ ဘယ်သောအခါမှ ပြောင်းလဲမသွားသောတရား ဖြစ် သည်။ မရွေ့မှသာ ဒုက္ခအားလုံးမှ လွတ်မြောက်ပြီး ချမ်းသာအစစ်ကို ရနိုင်ပေသည်။ ရွေ့နေသမျှ ဒုက္ခမှ မလွတ်နိုင်ပြီ။ ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေမှုမှ လွတ်မြောက်အောင် သတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်ကို သာသနာနှင့်ကြုံတုန်း အားသွန် ခွန်စိုက် ရှုမှတ်ပွားများသင့်သည်ဟု တိုက်တွန်းလိုက်ရပါသည်။

တက္ကသိုလ်စိုးထွေး
(စလင်း-ကန်ပြား)

Friday, October 6, 2017

သက်သတ်လွတ်နှင့် ဗုဒ္ဓ၀ါဒ


အရှင်ပညာသီရိ(ရမ္မာကျွန်း)

သက်သတ်လွတ်ဆိုတာ သူတစ်ပါး အသက်သေ လို့ ဖြစ်ပေါ်လာတဲ့ သား၊ ငါး စသည်တို့ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းလို့ ဆိုတယ်။ သား၊ ငါး စားသုံးခြင်းမှ ရှောင်ကြဉ်ရာမှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။
ကျန်းမာရေးကြောင့်ဖြစ်စေ၊ သတ္တဝါတွေအပေါ် သနား ကရုဏာဖြစ်၍ဖြစ်စေ ရှောင်ကြဉ်တာကတော့ ကောင်း သောရှောင်ကြဉ်ခြင်းလို့ ဆိုရပါမယ်။ အစွန်းမရောက် သွားဖို့ပဲ လိုပါတယ်။ အသားစားမှု မရှောင်တဲ့လူတွေ ကို မေတ္တာတရားမရှိသူ၊ ကရုဏာတရားမရှိသူလို့ မစွပ်စွဲ မိစေဖို့ပါပဲ။ စွပ်စွဲမိရင် ကံကြီးတောင်ထိုက်သွားနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင် ကိုယ်တိုင်ပင်လျှင် အသားစားခဲ့ပါတယ်။ နောက်ပြီး အသက်သတ်လွတ်စားခြင်းသည် မြင့်မြတ်သောကျင့်စဉ် ကြီး၊ ကုသိုလ်လုပ်ငန်းကြီးတစ်ခုအဖြစ် မယူဆရပါဘူး။ ယူဆမိရင်တော့ အယူမှားဖြစ်သွားပြီး ဒိဋ္ဌိဖြစ်မှန်း မသိ ဖြစ်နေပါတယ်။ မဂ္ဂင်မှအပ သံသရာက လွတ်မယ်လို့ ယူဆတဲ့ အယူမှားမှန်သမျှဟာ သီလဗ္ဗတုပါဒါန်ထဲဝင် သွားပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားပါတယ်။ မြတ်စွာဘုရား လက်ထက်က ဒေဝဒတ်ဟာ ရဟန်းတွေကို အသက်သတ် လွတ်စားပြီး တောမှာသာနေကြရန် လျှောက်ထားပေမဲ့ ဘုရားရှင်က လက်မခံခဲ့ပါဘူး။
တကယ်တော့ ဒေဝဒတ်က မဖြစ်နိုင်မှန်းသိပေမဲ့ သံဃာသင်းခွဲဖို့ ရည်ရွယ်ချက်နဲ့ တမင်လူပြိန်းကြိုက် အောင်လုပ်ခဲ့တာပါ။ သူ့ရည်ရွယ်ချက် အတန်သင့် အောင်မြင်သွားပါတယ်။ သူ့ရဲ့ဝါဒကို အထင်ကြီးတဲ့ လူပြိန်းအချို့ သူ့နောက်လိုက်သွားခဲ့ပါတယ်။ ခေါင်းပါးတဲ့ အကျင့်ကို အထင်ကြီးတဲ့သူတွေအတွက် သူ့လုပ်ရပ်က အောင်မြင်တယ်ဆိုရမှာပေါ့။ ရဟန်းတော်တွေဟာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခွင့်မရှိပါဘူး။ မိမိ ခြေထောက် နှစ်ချောင်းကို အရင်းတည်ပြီး သပိတ်ပိုက် ကာ အိမ်စဉ်လှည့်ဆွမ်းခံ ဘုဉ်းပေးကြရပါတယ်။ ဒကာ၊ ဒကာမတွေရဲ့ သဒ္ဓါဆွမ်းကို ခံယူရတာဖြစ်လို့ အသား မစားပါဘူး၊ သက်သတ်လွတ်ပဲ စားတယ်လို့ ပြောနေလို့ မရပါဘူး။ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေ သက်သတ်လွတ်သာ သုံးဆောင်ရမယ်လို့ သတ်မှတ် ခဲ့ပါက လူတွေကို မှီခိုရပ်တည်နေရတဲ့အတွက် ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ လူဆိုတာ အစုံစားသတ္တဝါဖြစ်လို့ အသားကိုလည်း စားကြပါတယ်။ ရဟန်းတွေအတွက် အသက်သတ်လွတ် သီးသန့်ချက်ပြုတ်လောင်းလှူရမယ် ဆိုရင်ကြာရင် သဒ္ဓါပျက်လာနိုင်ပါတယ်။ ဒါဆိုသာသနာ ရေရှည် ရပ်တည်လို့ မရတော့ပါဘူး။ မြတ်စွာဘုရားရှင်က ဒီလိုမဖြစ်နိုင်မှန်းသိလို့ ခွင့်မပြုခဲ့တာပါ။
ကြည်ညိုခြင်းဆိုတာက ...
သဒ္ဒပသန္န(အသံကိုကြည်ညိုခြင်း)၊ အသံကောင်း ကောင်းလေးနဲ့ တရားဟောနိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင် လူ ကြည်ညိုမှုများပါတယ်။ ဒါက သုံးပုံနှစ်ပုံရှိတယ်။ ရူပပသန္န (ရုပ်ရည်ကိုကြည်ညိုခြင်း)၊ ဥပဓိရုပ်ရည်သန့်သန့်ခန့်ခန့် ဆိုရင်လည်း ကြည်ညိုသူများပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဂုဏပသန္န(ဂုဏ် သတင်းကြီးတာကို ကြည်ညိုခြင်း)၊ ဘာဘွဲ့ထူးဂုဏ်ထူး ရှိတဲ့ပုဂ္ဂိုလ်၊ အရိယာကြီး၊ ရဟန္တာကြီး စသဖြင့် ဂုဏ် သတင်းကြီးနေရင် လူဝိုင်းအုံတတ်ပါတယ်။ သတင်းကြီး တဲ့အတိုင်း ဟုတ်မှန်နေရင် အကျိုးကြီးပေမဲ့ အလိမ် အညာဆိုရင်တော့ သံသရာအတွက်ပါ ကိုယ်ကျိုးနည်း တတ်ပါတယ်။ ဒါက ငါးပုံသုံးပုံ ရှိတယ်။ လူခပသန္န (ခေါင်းပါးတဲ့အကျင့်ကျင့်တာကို ကြည်ညိုခြင်း)၊ လူအထင်ကြီးအောင် အသက်သတ်လွတ်တို့၊ ရေဆွမ်း၊ သဲဆွမ်းစားတယ်ဆိုပြီး နေပြတာတွေလည်း ပါတယ်။ ဆွမ်းမဟုတ်တာကို ဆွမ်းလို့ပြောနေကတည်းက လိမ် နေပါပြီ။ မြတ်စွာဘုရားရှင်က လူအထင်ကြီးအောင်၊ လာဘ်ရအောင် ရည်ရွယ်ချက်နဲ့ တောမှာတောင် မနေ ခိုင်းပါဘူး။ တကယ့်သူတော်ကောင်းကြီးများ သုသာန် ဓုတင်ဆောင်တာမျိုးဆိုရင်တောင် လူမသိအောင် ညအခါ မှသာ သွားကြပါတယ်။ အလိုနည်းခြင်းဂုဏ်နဲ့ပြည့်စုံ ကြပါတယ်။ ခေါင်းခေါင်းပါးပါးနေတာကို ကြည်ညိုတာက ဆယ်ပုံမှာကိုးပုံ။ ဓမ္မပသန္န(တရားသက်သက်ကိုသာ ကြည်ညိုခြင်း)၊ အင်မတန်ရှားတယ်လို့ ဆိုရမယ်ထင်ပါ တယ်။ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲကင်းကင်းနဲ့ တရားကိုသာ အလေးမြတ်ပြုတာ ဖြစ်တယ်။ ဒါကတော့ တစ်ထောင် မှာ တစ်ယောက်လို့ စာတွေမှာ ခွဲပြပါတယ်။ ဒီကနေ့ ခေတ်မှာ ဖြစ်ပျက်နေတဲ့အချို့အရာတွေနဲ့ တိုင်းကြည့် ကြပေါ့။
မြတ်စွာဘုရားရှင်လက်ထက်က သီဟစစ်သူကြီး ဟာ နိဂန္ထနာဋပုတ္တလို့ခေါ်တဲ့ ဂျိန်းတပည့်တစ်ဦးဖြစ်ပါ တယ်။ ဂျိန်းတွေဟာ အဝတ်မဝတ်ကြဘူး။ တုံးလုံးနေ ကြတယ်။ ရေသောက်ရင်တောင် ရေထဲကပိုးတွေသေမှာ စိုးလို့ဆိုပြီး ကျိုပြီးသားရေမှသောက်တယ်။ တစ်နေ့တော့ သီဟစစ်သူကြီးဟာ မြတ်စွာဘုရားရှင်ထံသွားပြီး တရား နာပါတယ်။ မြတ်စွာဘုရားရှင်ကိုလည်း ကြည်ညိုသွားပါ တယ်။ ရတနာသုံးပါးကို ဆည်းကပ်သော ဥပသကာ အဖြစ်ခံယူလိုက်ပါတယ်။ မြတ်စွာဘုရားရှင်နဲ့ သံဃာ တော်များကိုလည်း သူ့အိမ်မှာ ဆွမ်းကပ်ဖို့အတွက် ပင့် ဖိတ်ခဲ့ပါတယ်။ ဆွမ်းဟင်းအတွက် အလိုလိုဖြစ်လာတဲ့ အသားကိုသယ်ယူချက်ပြုတ်စီမံပါတယ်။ သီဟစစ်သူကြီး ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဂျိန်းတွေဟာ ဒီသတင်းကို ကြားတော့ မြို့ထဲကို လှည့်လည်ပြီး ''သီဟစစ်သူကြီးဟာ ကျွဲတွေ၊ နွားတွေကို သတ်ပြီး ရဟန်းဂေါတမကို ဆွမ်း လုပ်ကျွေးနေပါတယ်။ ရဟန်းဂေါတမကလည်း မိမိကို ရည်ရွယ်ပြီး သတ်တဲ့အသားကို သိလျက်နဲ့ စားနေတယ်'' လို့ြေ<ွကးကြော်ကြတယ်။ သီဟစစ်သူကြီးကကြားတော့ နိဂန္ထတွေဟာ သူများအပြစ်အလွန်ပြောကြတယ်။ သေ စေလိုတဲ့စေတနာနဲ့ ငါတို့ကအသတ်မခိုင်း၊ ပြောချင်ရာ ပြောကြပါစေဆိုပြီး သဘောထားလိုက်တယ်။
ဒီကိစ္စကို မြတ်စွာဘုရားရှင်ကသိတော့ သူတော် ဖြစ်တဲ့ ရဟန်းတော်တွေကို မြင်သား၊ ကြားသား၊ သံသယရှိတဲ့အသားကို မစားခိုင်းခဲ့ပါဘူး။ မိမိအရှေ့မှာ သတ်တာကိုမြင်တာ၊ ကြားတာ၊ မိမိအတွက် ရည်စူးပြီး သတ်လေသလားလို့ သံသယရှိတဲ့အသားတွေကို ရှောင် ခိုင်းပါတယ်။ ပြီးတော့ လူ၊ ခွေး၊ မြင်း၊ ဆင်၊ သစ်၊ ကျား၊ ဝံ၊ ခြင်္သေ့၊ြေ>ွမ၊ အောင်း ဆိုတဲ့ အသားကြီး ဆယ်မျိုးကိုလည်း မစားခိုင်းပါဘူး။ မစားခိုင်းရတဲ့ ရည်ရွယ်ချက်က လူအသားက ဇာတ်တူသားမို့လို့ ဖြစ်တယ်။ ဆင်၊ မြင်းသားက မင်းတို့၏ ဘဏ္ဍာမို့လို့ ဖြစ်တယ်။ ခွေးသား၊ြေ>ွမသားက စက်ဆုပ်ရွံ့ရှာဖွယ် ဖြစ်သောကြောင့် ဖြစ်တယ်။ ကျန်တဲ့အသားငါးပါးက မိမိတို့ကို မနှိပ်စက်အပ်စေရန်နဲ့ ဘေးရန်ကင်းစေရန် အတွက် ဖြစ်တယ်လို့ ဆရာများဆိုကြတယ်။ သုသာန် ဓုတင်ဆောင်တဲ့ ရဟန်းတွေကိုတော့ သားငါးအညှီကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မစားခိုင်းပါဘူး။ ဒီအခြေအနေတွေကလွတ်ရင် အသားစားဖို့ခွင့်ပြုခဲ့ပါ တယ်။ မြတ်စွာဘုရားရှင် လက်ထက်က အညှီအဟောက် ကိုရှောင်ပြီး အသက်သတ်လွတ်စားကာ မိမိတို့ကိုယ်ကို အရိယာအဖြစ် အထင်ရောက်နေတဲ့ အာမဂန္ဓရသေ့တွေ ရှိပါတယ်။ ရသေ့တွေက မြတ်စွာဘုရားရှင်ကို တန်ခိုးကြီး လို့ အထင်ကြီးလေးစားကြပေမဲ့ အသားစားမှုကို မရှောင် တဲ့အတွက် သူတို့လို ရဟန္တာတွေတော့ မဟုတ်ဘူးလို့ ပြောကြပါတယ်။ ဘုရားရှင်က အညှီအဟောက်ဆိုတာ အသားကိုခေါ်တာ မဟုတ်ဘူး။ ကိလေသာကိုသာ အညှီ အဟောက်လို့ ခေါ်တာလို့ ဟောပါတယ်။ ကြက်သားမှ မဟုတ်ပါဘူး။ ကန်ဇွန်းရွက်ကြော်ကိုလည်း တဏှာ လောဘနဲ့စားရင် အညှီအဟောက်ပါပဲ။ အသားတော့ ရှောင်ပြီး အသား အလွမ်းပြေလေး အသားတုဆိုပြီးတော့ လုပ်စားတတ်ကြပါသေးတယ်။ စဉ်းစားကြည့်ကြပေါ့။ သတ္တဝါအသားတော့ မစားဘူး။ သတ္တဝါတွေကရတဲ့ သားရေအိတ်၊ သားရေအင်္ကျီ၊ ခါးပတ်၊ ပိုက်ဆံအိတ် တွေကိုတော့ သုံးနေကြတာ သင့်တော်ပါ့မလား။
လယ်တီဆရာတော်ဘုရားကြီးလက်ထက်က နွားသားရှောင်၊ မစားဘဲ ရှောင်ကြဉ်ကြဖို့ လှုံ့ဆော်ခဲ့ပါ တယ်။ ဆရာတော်ကြီးက နွားတွေဟာ လူတွေအသက် ဆက်ဖို့ အစားအစာအတွက် ထွန်ယက်စိုက်ပျိုးရာမှာ အသုံးပြုနေကြလို့ ကျေးဇူးရှင်အနေနဲ့ သတ်မှတ်ပြီး မစားကြဖို့ ဆော်သြခဲ့တာပါ။ အကျင့်မြတ်ကြီးတစ်ခု အနေနဲ့ ယူဆပြီး စည်းရုံးခဲ့တာ မဟုတ်ပါဘူး။ တကယ် တော့ အရသာဆိုတဲ့ ရသာရုံဟာ အာရုံတစ်ခုသာ ဖြစ်တယ်။ အာရုံဟာ ဒုက္ခသစ္စာပါ။ သူ့ကိုဥာဏ်နဲ့ ပိုင်းခြားပြီး စားရပါမယ်။ မမြဲတရား၊ သူ့ကြောင့်ဖြစ်တည် ကြီးပွားလာတဲ့ ခန္ဓာသည်လည်း အပုပ်ကောင်သက်သက် အသုဘမျှသာ ဖြစ်တယ်။ ဒီလိုဆင်ခြင်ပြီးစားရင် ရသတဏှာ ပါးလာပါတယ်။ မြတ်စွာဘုရားရှင်က အစားအစာပေါ်မှာ တဏှာနည်းအောင် ဥပမာလေးပြ ဆုံးမခဲ့ပါတယ်။ သားအမိ၊ သားအဖသုံးယောက် ခရီး တစ်ခုကို ထွက်တယ်။ ကန္တာရကြီးကို ဖြတ်ရမယ်။ ပါလာ တဲ့ ရိက္ခာကလည်း ကုန်ပြီ။ ဒီတော့ ယောက်ျားဖြစ်သူက သူ့ရဲ့အသားကိုစားပြီး ခရီးဆက်ကြဖို့ ပြောတယ်။ မိန်းမ လုပ်သူကလည်း သူ့ရဲ့အသားကိုစားပြီး သွားဖို့ပြောတယ်။ ဒီလိုပြောရင်း သူတို့ရဲ့သားငယ်လေးကို တစ်ယောက် လက်က တစ်ယောက် ပြောင်းချီရာမှာ အပူဒဏ်နဲ့ အာဟာရပြတ်လပ်မှုကြောင့် ကလေးဟာ သေသွား ပါတယ်။ မိဘဖြစ်သူတွေဟာ မတတ်သာတဲ့အဆုံး သူတို့ရဲ့ကလေးအသေလေးရဲ့ အသားကိုစားပြီး ခရီး ဆက်ကြရပါတော့တယ်။ ဒီအသားကို စားတိုင်းစားတိုင်း မျက်ရည်ကျရပါတယ်။ ဒီအသားအပေါ် တွယ်တာ တပ်မက်မှုမရှိနိုင်ပါဘူး။ ဒီသဘောမျိုးနဲ့ မိမိတို့စားတဲ့ အစာအပေါ်မှာ တပ်မက်မှုနည်းအောင် ဆင်ခြင်ပြီး စား ရပါတယ်။ ရဟန်းတော်တွေ ဆွမ်းသုံးတဲ့အခါ ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သုံးရပါတယ်။ ''ဤ အစား အစာသည် ကလေးများကဲ့သို့ မြူးထူးပျော်ပါးရန် မဟုတ်၊ ကိုယ်ခန္ဓာလှပပြီး ပြည့်ပြည့်ဖြိုးဖြိုး တင့်တယ် ကြည့် ကောင်းစေရန်မဟုတ်၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်း၍ အသက်ရှည်၊ အနာမဲ့ကာ၊ ဝေဒနာအဟောင်းများ ပျောက်၍ ဝေဒနာအသစ်များမဖြစ်ပေါ်စေရန်၊ ပရိယတ်, ပဋိပတ်အကျင့်မြတ်ဆိုသော မြတ်ဘုရား သာသနာကို ကျင့်နိုင်စေရန် ရည်ရွယ်ပြီး ဆင်ခြင် သုံးဆောင်ကြရပါ တယ်။ ဒီရည်ရွယ်ချက်နဲ့စားရင် ကြက်သားဖြစ်ဖြစ်၊ ကန်ဇွန်းရွက်ဖြစ်ဖြစ် အတူတူပါပဲ။ လူတွေလည်း ဒီရည်ရွယ်ချက်ထားပေါ့။ လောကအကျိုး၊ သာသနာ အကျိုး ထမ်းရွက်ဖို့ဆိုရင် ကျန်းမာရေး ကောင်းနေဖို့ လိုပါတယ်။ ကျန်းမာရေးကောင်းအောင် သင့်တင့်မျှတတဲ့ အာဟာရလိုပါတယ်။ ကျန်းမာရေးအရ အသားစား ရှောင်တာ၊ မကြိုက်လို့ မစားတာကတော့ ပြဿနာ မဟုတ်ပါဘူး။ ယတြာလိုလို၊ အဓိဋ္ဌာန်လိုလိုနဲ့တော့ ဟိုအသားရှောင်၊ ဒီအသားရှောင် မလုပ်သင့်ပါဘူး။ အလိုနည်းအောင်၊ တဏှာပါးအောင် အစားရှောင်တာ လား၊ အလိုကြီးလို့ အသားစားရှောင်တာကို ခုတုံးလုပ် တာလားဆိုတာကတော့ ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ။

အရှင်ပညာသီရိ(ရမ္မာကျွန်း)

ဘုရားကိုးဆူနှင့် ဂြိုဟ်ကိုးလုံး


ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရရှိတဲ့ ဗုဒ္ဓဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊ ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ်အသိုင်းအဝိုင်း အတော်များများကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံးလုပ်မှု တစ်ခု ဟာ အရမ်းခေတ်စားလာနေပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဘုရားကိုးဆူပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာ ထက် ဘုရားကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆိုကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ် တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွားတဲ့ သဘောရှိပါတယ်။
ပိုဆိုးတာက ဘုရားကိုးဆူ ပူဇော်တာကို အကြောင်းပြုပြီး ဂြိုဟ်ကြီးကိုးလုံးပါ ပူဇော်တယ်ဆိုတဲ့ အချက်က ပိုဆိုးပါတယ်။ ဒီလိုလုပ်နေကြတဲ့ သူတို့ လုပ်ရပ်တွေဟာ ဘုရားရဟန္တာကို ပူဇော်ကြတာထက် သူတို့ သူတို့ရဲ့ လောကီအကျိုးစီးပွား တိုးတက်ရေး၊ ရာထူးဌာနန္တရ စသည်တည်မြဲရေးကို ဦးတည်ပြီး ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော်ပသနေတယ်ဆိုတဲ့ အချက်က ပိုပြီး ထင်ရှားနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ရန်ကုန်မှာ ပဲ ဖြစ်ဖြစ်၊ မန္တလေးမှာပဲ ဖြစ်ဖြစ်၊ တခြားတခြား မြို့ကြီးများမှာပဲ ဖြစ်ဖြစ် လူကြီးပိုင်းအတော်များများဟာ မေးလိုက်လို့ရှိရင် ဘယ်လူကြီးအိမ်မှာ၊ ဘယ်သူဌေး အိမ်မှာ ဘုရားကိုးဆူပွဲရှိလို့ သွားကြတယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ ပြန်လည်ဖြေကြားတာကို ခဏခဏ ကြားရတတ်ပါတယ်။ ဘုရားကိုးဆူပွဲ သွားတဲ့ အချိန်ကလည်း များသောအားဖြင့် ညအချိန်ပဲ ဖြစ်နေ တာ များပါတယ်။
ဒီလိုဆိုရင် ဘုရားကိုးဆူပူဇော်ပွဲကို ညပိုင်းမှာလုပ် တယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ မနက် အစောပိုင်းမှာ လုပ်တာတွေလည်း ရှိကြမှာပါ။ ဘယ်လို အချိန်တွေပဲ လုပ်လုပ် လုပ်တဲ့အခါမှာ သစ်သီးစတဲ့ စားသောက်ဖွယ်ရာများလည်း ကပ်လှူကြမှာ အမှန်ပါ ပဲ။ ဒါဆိုရင် ညဘက်ကြီးမှာ ဒါမှမဟုတ် အရုဏ်မတက် မီ အချိန်ကြီးမှာ ဘုရားရဟန္တာတွေကို အသီးအနှံစတဲ့ စားသောက်ဖွယ်ရာတွေ ကပ်လှူခြင်းဟာ ဝိကာလအချိန် ကြီး ဖြစ်နေတဲ့အတွက် အပ်စပ်မှုက မရှိပါဘူး။ ပြီးတော့ ဘုရားကိုးဆူကို အကြောင်းပြုပြီး ဘုရားရဟန္တာတွေကို နေရာချထားတာတွေလည်း ကြည့်ပါဦး။ လောကဓာတ် အစီအစဉ်တွေ အပြည့်နဲ့ ဖန်တီးထားသလို ဖြစ်နေပါ တယ်။ သူတို့ လောကဓာတ်ဆရာတွေ ဖန်တီးတဲ့ ဒီ ဘုရားကိုးဆူ ပူဇော်ထားရှိပုံ စနစ်က
(၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍လည်းကောင်း၊
(၂) အရှင်သာရိပုတ္တရာ = ဗုဒ္ဓဟူးသား၊ တောင်အရပ် လက်ယာဘက်တွင်လည်းကောင်း၊
(၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက် အရပ်၊ လက်ဝဲဘက်တွင်လည်းကောင်း၊
(၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင် အရပ်တွင်လည်းကောင်း၊
(၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက် အရပ်တွင်လည်းကောင်း၊
(၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက် မျက်နှာအရပ်တွင်လည်းကောင်း၊
(၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ် တွင်လည်းကောင်း၊
(၈) အရှင်ရေဝတ = အင်္ဂါသား၊ အရှေ့တောင်ထောင့် အရပ်တွင်လည်းကောင်း၊
(၉) အရှင်ဂဝမ္ပတိ = ရာဟုသား၊ အနောက်မြောက် ထောင့် အရပ်တွင်လည်းကောင်း ထားပြီး ပူဇော် ကြတဲ့ စနစ်ဖြစ်ပါတယ်။
ဒီလို ထားရှိပူဇော်ပုံတွေအရ ဒါဟာ ဘုရားရဟန္တာ တွေကို ကြည်ညိုလို့ပူဇော်တဲ့ပုံစံ မဟုတ်တော့ဘဲ လောကီ အကျိုးစီးပွား တိုးတက်ရေးအတွက် ကိုယ်လိုသလို ဘုရားရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့ပုံစံ ဆိုတာ အလွန်ထင်ရှားလှပါတယ်။ ဘုရားရဟန္တာကို ပူဇော်တာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ ဘုရားရဟန္တာတွေကို အသုံးချပြီး လုပ်စားတာ ကတော့ အတော်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ့် ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပူဇော်မယ်ဆိုရင် ဘယ် ရဟန္တာက ဘယ်နေရာမှာနေ၊ ဘယ်လိုအချိန်မှာကြွ ဆိုတာတွေ မလိုအပ်ပါဘူး။ နှလုံးသားမှာ ဘုရားဂုဏ်နဲ့ သံဃာ့ဂုဏ်တွေ ကိန်းနေပြီး ပူဇော်နိုင်ရင် ပြီးတာပါပဲ။ ဒီလိုပူဇော်ဖို့အတွက်ဆိုရင် ဘယ်လိုအချိန် ဘာပူဇော်မှု တွေမှ မလိုအပ်ပါ။ ကိုယ့်ရဲ့ စိတ်စေတနာအတိုင်းပဲ မနက်အရုဏ်တက်ချိန်ကစပြီး နေမွန်းမတည့်မီ အချိန် အထိ အပ်စပ်တဲ့လှူဖွယ်ဝတ္ထုတွေ၊ အပ်စပ်တဲ့ အစား အသောက်တွေနဲ့ ကပ်လှူကာ ထိုအရှင်မြတ်များရဲ့ ဂုဏ်ကို အာရုံပြုပြီး ပူဇော်နိုင်ကြပါတယ်။ ပွင့်တော်မူ ပြီးသား ဘုရားရှင်များနဲ့ ဘုရားသာသနာတွင်းမှာရှိတဲ့ ရဟန္တာမှန်သမျှ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ကြပါတယ်။ ဘယ်ဂြိုဟ် ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာ ရယ်လို့ ခွဲခြားသတ်မှတ် ပူဇော်ဖို့မလိုပါဘူး။
ရတနာသုံးပါးရဲ့ ဂုဏ်တွေဟာ နှလုံးသားမှာ ထုံနေအောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်နည်းက သာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်ပါတယ်။ ခုတော့ အဲဒီလို မဟုတ်ဘဲ ဘုရားရဟန္တာတွေနဲ့ ဂြိုဟ်တွေပေါင်းစပ်ပြီး လောကီနည်းတွေအရ လုပ်နေကြတာဆိုတော့ ပူဇော်ရာ မရောက်ဘဲ ကိုယ်ကိုးကွယ်တဲ့ အနှိုင်းမဲ့ အရှင်မြတ်တွေ ကို ဂြိုဟ်စောင့်နတ်ပုံစံ၊ တစ်ခုခုကို စောင့်ကြပ် ကာကွယ်ပေးတဲ့ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချ လိုက်သလို ဖြစ်ပါတယ်။ တကယ်သာ အဲဒီလို လောကီ အစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက် လုပ်နေကြ မယ်ဆိုရင် ကုသိုလ်ထက် အပြစ်က ပိုများနိုင်တဲ့အပြင် ဒီလို လုပ်နေကြတဲ့ ဗုဒ္ဓဘာသာတွေရဲ့ လုပ်ရပ်ဟာ လွဲနေရုံတင်မဟုတ်ဘဲ လွတ်နေတဲ့ပုံကို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေကြတဲ့ အလွဲ တွေထဲမှာ ဘုရားကိုးဆူပူဇော်မှုဟာလည်း ဘာသာရေး ကို လောကီရေးနဲ့တွဲစပ်ပြီး ခုတုံးလုပ်အသုံးပြုထားသလို ဖြစ်တဲ့ မလွဲသင့်တဲ့ အလွဲတစ်ခုလို ဖြစ်လာနေတဲ့ အတွက် ဒီလိုအလွဲမျိုးကို အချိန်မီပြုပြင်ပြီး ဘုရား ရဟန္တာတွေရဲ့ ဂုဏ်တော်သက်သက်ကို အာရုံပြုကာ သင့်လျော်လျောက်ပတ် အပ်စပ်တဲ့အရာတွေနဲ့ အပ်စပ် တဲ့အချိန်မှာ ပူဇော်နိုင်ကြစေဖို့ စေတနာကောင်းနဲ့ အသိပေးရင်း လွဲနေကြတဲ့ အလွဲတစ်ခုအဖြစ် သတိပြု ဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါတယ်။

မနာပဒါယီအရှင်ဝိစိတ္တ (ဒိုက်ဦး)

မျက်ရည်များဖြင့် ရေစက်ချသူ


ကျွန်တော့်ကိုယ်ကျွန်တော် ရှင်ပြုပြီးပြီလို့ ထင်နေ ခဲ့တာ။ တကယ်တော့ ကျွန်တော် ရှင်မပြုရသေးပါ။ အကယ်၍ ''မင်း ရှစ်နှစ်, ကိုးနှစ်အရွယ်တုန်းက ရှင်ပြု ခဲ့တယ်မဟုတ်လား'' ဟု မေးလာငြားအံ့၊ ဒီတုန်းက ကိုယ့်ကစားဖော်တွေ ရှင်ပြုကြမယ်ဆိုတော့ ကိုယ်လည်း ရှင်ပြုချင်လိုက်တာ။ အဖေ့ကိုရှင်ပြုပေးဖို့ ပူဆာတော့ သူငယ်ချင်းတွေနဲ့အတူရောပြီး ရှင်ပြုခဲ့ရတယ်။ ရှင် မပြုမီ ဘုန်းကြီးကျောင်းမှာ တစ်လလောက်နေပြီး သင်္ကန်း တောင်းတွေ ကျက်ခဲ့ရတာ၊ မင်္ဂလသုတ်တွေ ကျက်မှတ် ခဲ့ရတာ၊ သိမ်ကျောင်းထဲ ခို၊ ခွေး၊ လင်းနို့တွေနဲ့ အပြိုင် ဆော့ကစားခဲ့ကြတာကို မြင်ယောင်မိသေးတော့။
ရှင်ပြုခြင်းဆိုတဲ့ အရာကို ဘာမှလေးလေးနက်နက် ဆင်ခြင်နိုင်စွမ်းမရှိတဲ့ အရွယ်ပေါ့။
ဒီနေ့တော့ ကျွန်တော့်သားလေး ဆယ့်သုံးနှစ် အရွယ်ကို ရှင်ပြုပေးလိုက်ပါပြီ။ ရှင်ပြုပွဲမှာ ဆရာတော် က တရားချီးမြှင့်ဟောကြားပါတယ်။ ဆရာတော် ဟော ကြားတဲ့တရားကို နာလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားတမိသွားတယ်။
ဘုရား ဘုရား ... တကယ်တော့ ငါဟာ ရှင် မပြုရသေးပါလားလို့ -
သြော် - သားလေးကိုရှင်ပြုမယ်ဆိုတော့ သားက ပြောသေးတယ်-
''မောင်ရှင်လောင်းက သားတစ်ယောက်တည်း လား အဖေ၊ သားအဖော်နဲ့ နှစ်ယောက်လောက်ဆိုရင် ကောင်းမှာ'' တဲ့-
သားက ဖခင်ဖြစ်သူ ကျွန်တော့်ရဲ့ ရောဂါဝေဒနာ ကို မသိရှာဘူး။ ကျွန်တော်ရဲ့ ရောဂါက တဖြည်းဖြည်း တိုးတိုးလာနေတယ်။ နေရမယ့်ရက်က တဖြည်းဖြည်း လျော့လျော့လာနေတာကို သားမသိရှိဘူး။ ဒါကြောင့် ဆရာတော်နဲ့ တိုင်ပင်ကာ ခပ်မြန်မြန် အကျဉ်းချုံးပြီး သားတစ်ယောက်တည်းကို ရှင်ပြုလိုက်ရတာပါ။
ရှင်ပြုအလှူမှာ ဆရာတော်ဟောကြားတဲ့ တရား ကို နာကြားလိုက်ရတော့ ရေစက်ခွက်ကို ကိုင်ရင်း သား ကိုရင်လေးကိုကြည့်ပြီး တိုးတိုးလေးပြောနေမိတယ်။
''ယခု ရှင်ပြုပွဲမှာ သားတစ်ယောက်တည်းကို ရှင် ပြုပေးတာမဟုတ်ပါဘူး။ ရှင်လောင်းအဖြစ် အဖေလည်း ပါပါတယ်။ ယခုပွဲဟာ သားနဲ့အဖေ အတူတကွ ရှင်ပြု တဲ့ပွဲပါလို့''
ကျွန်တော့်ရဲ့ ဝမ်းသာပီတိမျက်ရည်ဟာ ရေစက် ခွက်ထဲများ ကျသွားလေမလား။ ကျသွားလည်း မျက်ရည် နဲ့ ရေစက်ချခဲ့တယ်လို့ ပြောလို့ရတာပေါ့လို့ ကြံဖန် တွေးမိပါရဲ့။
x x x x x
သြော် . . . ကျွန်တော့်ဘဝဇာတ်ကြောင်း တစေ့တစောင်းကို အစ်ကိုကြီးကို ပြောပြချင်သေးတယ်။ ကျွန်တော်ပေခဲ့ တေခဲ့တာလေးတွေကိုပေါ့။
ကျွန်တော်က အစိုးရသစ်ထုတ်ရေး ဝန်ထမ်း တစ်ယောက်ပါ။ သစ်တင်ကားကြီးတွေကို မောင်းရတဲ့ ကားဆရာဆိုပါတော့ . . .
အလုပ်ထဲရောက်ပြီး မကြာမီမှာ အသောက်အစား တွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဘုန်းကြီးကျောင်းမှာ ကျက်မှတ် ခဲ့ရတဲ့ ''အသေဝနာစဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ'' ဆိုတဲ့ မင်္ဂလာ တရားတော်ကလည်း ဘုန်းတော်ကြီးကျောင်းမှာ ကျန် ရစ်ခဲ့ပါပြီ။
အိမ်ထောင်ကျပြီးတော့လည်း သားကျွေးမှု၊ မယား ကျွေးမှုထက် ကိုယ်သောက်စားမူးယစ်ဖို့ကိုပဲ ဦးစားပေး ခဲ့မိတယ်။ ကျွန်တော်ရဲ့ မလိမ္မာမှု၊ မိုက်မဲမှုတွေကြောင့် သားယောက်ျားလေး ထွန်းကားအပြီးမှာ အိမ်ထောင် ပြိုကွဲခဲ့ရတယ်။
ဒီလိုပြိုကွဲခဲ့ပေမဲ့လည်း ကျွန်တော်ဆိုတဲ့ကောင်က အမှတ်မရှိပါဘူ။ အစွဲဆိုတာ တော်တော်ဖြတ်ရခက် ပါတယ်။ ဒီကြားထဲမှာ ကျွန်တော်နဲ့ ကျန်ခဲ့တဲ့ သားလေး ကိုတော့ ရှင်ပြုနိုင်အောင် ကြိုးစားခဲ့ပါတယ်။
အဲဒီတုန်းက သားကိုရှင်ပြုခဲ့တာ ရှင်ပြုတယ်ဆို ရုံပါပဲ။ ဗုဒ္ဓဘာသာမှန်ရင် သားယောက်ျားလေးကို ရှင် ပြုပေးနိုင်ရမယ်ဆိုတဲ့ အတွေးလောက်ပဲ ရှိခဲ့တာပါ။ ဘာသာရေး၊ သာသနာရေးကို နားမလည်ခဲ့တာ အမှန် ပါပဲ။
x x x x x
သို့သော် အနုတ်လက္ခဏာပြနေတဲ့ ကျွန်တော့် ဘဝကို အပေါင်းလက္ခဏာဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့သူ ပေါ်ပေါက်လာပါတယ်။
ကျွန်တော့်အသက် လေးဆယ့်ငါးနှစ်လောက်မှာ ကျွန်တော့်ထက် ငယ်ရွယ်သူ မိန်းကလေးတစ်ယောက် ကို လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူရဲ့ စည်းရုံးမှု၊ ဖျောင်းဖျ ပြောဆိုမှုတွေကြောင့် အရက်သမားဘဝက ကျွတ်လွတ် ခဲ့ရပါပြီ။
ကျွန်တော်ရဲ့ ဒုတိယအိမ်ထောင်သည်ဟာ ဘာသာ တရား ကိုင်းရှိုင်းသူဖြစ်လို့ ကျွန်တော်လည်း သူနှင့်အတူ လိုက်ပါရင်း ကျောင်းကန်ဘုရားနှင့် ပြန်လည် ရင်းနှီး လာခဲ့ပါတယ်။
မင်္ဂလသုတ်၊ မေတ္တာသုတ် ပရိတ်တော်တွေရဲ့ အနက်အဓိပ္ပာယ်တွေကို အကျယ်တဝင့် လေ့လာနိုင်ခဲ့ ပါတယ်။ အဆိုပါ ပရိတ်တော်တွေနဲ့ ဝိပဿနာ ဆက်နွှယ်နေပုံတွေကိုလည်း သိခွင့်ရလာပါတယ်။
ကျွန်တော့်အတွက်တော့ ဒုတိယအကြိမ် အိမ်ထောင်ပြုလိုက်ခြင်းဟာ ပဏ္ဍိတာနဉ္စသေဝနာ ပညာရှိသူတော်ကောင်းနဲ့ ပေါင်းဖက်လိုက်ရသလိုပါပဲ။
ကျွန်တော်ရဲ့ စိတ်နေစိတ်ထားကိုလည်း ပြန်လည် သုံးသပ် ဆင်ခြင်ကြည့်လိုက်တော့ ယခင်ကလို ''ငါ့ကို ဘာမှလာမပြောနဲ့'' ဆိုတဲ့ ပြင်းထန်တဲ့ အယူအဆတွေ မရှိတော့ဘဲ နူးညံ့သိမ်မွေ့လာတယ် ထင်ပါတယ်။ ဇနီးသည်ရဲ့ ပြောဆိုဆုံးမမှုတွေကို ကြည်ဖြူစွာ လက်ခံ လာတာကို တွေ့လာရတယ်။
ဒီလို ပြောင်းလဲလာတာဟာ အရက်ရဲ့ ကျေးကျွန် ဘဝက လွတ်မြောက်လာလို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာများနှင့် တွေ့ဆုံမည့်သူတစ်ဦး၏ အခြေခံပြောင်းလဲမှုလို့ ဆိုရမလား။
x x x x x
အိမ်ထောင်သက် တစ်နှစ်ကျော်လောက်မှာ သား ယောက်ျားလေး ထွန်းကားခဲ့ပြန်ပါတယ်။
သားလေး ကျောင်းနေအရွယ် ရောက်လာချိန်မှာ ကျွန်တော်ရဲ့ စိတ်တွေဟာ ဘာသာရေးဘက်ကို တော်တော်လေး ယိမ်းယိုင်နေတာကို သတိထားမိနေပါ တယ်။ ဆရာတော်ကြီးတွေရဲ့ တရားခွေတွေကို ကားနားတဲ့အချိန်ရော၊ ကားမောင်းနေရင်းရော နာဖြစ် နေတယ်။ ဝိပဿနာစာအုပ်တွေလည်း ရှာဖွေဖတ်ရှု အားထုတ်ဖြစ်နေပါတယ်။
သြော် . . . ဘဝ ဘဝက ဆွေမျိုးတော်စပ်ဖူး တဲ့ နတ်ကောင်း နတ်မြတ်များက ကျွန်တော်ရဲ့ အသက် အပိုင်းအခြားကိုသိလို့ လမ်းမမှားရအောင် လမ်းမှန် ပေါ်ကို ဆွဲတင်နေကြသလားလို့လည်း တစ်ခါတစ်ခါ တွေးနေမိပါတယ်။
ကျွန်တော့်အသက် ငါးဆယ့်ငါးနှစ်လောက်မှာ ကြီးမားတဲ့ရောဂါဝေဒနာရဲ့ အစပျိုးဝင်ရောက်လာတာကို ဝင်ရောက်လာမှန်း မသိဘဲ သာမန်အမောပြေဆေး၊ အမူးပြေဆေးလောက်ပဲ သောက်သုံးဖြစ်ခဲ့ပါတယ်။
အလုပ်လုပ်လိုက်ရင် ကြာကြာမလုပ်နိုင်ဘဲ မော လာတာတို့၊ မူးလာတာတို့၊ ရင်ဘတ်ထဲ အောင့်လာတာ တို့ ဖြစ်ပေါ်လာတာကို အသက်အရွယ်လေးရလာလို့ ဖြစ်တတ်တဲ့သဘောပဲ ဒါမှမဟုတ် ယခင်က အသောက် အစားများခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေဖြစ်မှာပဲလို့ တွေး ထင်ခဲ့မိတာပါ။
အသက်ခုနစ်ဆယ်ကျော် ရှစ်ဆယ်အရွယ်တွေ ကျန်းမာ ချမ်းသာစွာဖြင့် ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာ မြင်ရတော့ . . .
''ဒါနတော ဘောဂဝါ၊ သီလတော သုခိတာ၊ ဘာဝနာတော နိဗ္ဗူတာ'' ဆိုတဲ့ ဗုဒ္ဓဝစနကို သတိရ ပြန်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ အတိတ်က သီလတရားတွေ စောင့်ထိန်းခဲ့ကြတော့ ယခုပစ္စုပ္ပာန်မှာ အသက်ရှည်ခြင်း စတဲ့ ချမ်းသာကျိုးကို ခံစားကြရတာပဲလို့ မုဒိတာပွားမိ ပါရဲ့။
ကျွန်တော့်ခန္ဓာကပြလာတဲ့ မောတာ၊ မူးတာ၊ ရင်ဘတ်အောင့်တာတွေဟာ ခဏတဖြုတ် ရောက်လာ တဲ့ အာဂန္တုဧည့်သည်တွေပဲလို့ ထင်ခဲ့မိတာ၊ တကယ် တော့ ဒီဝေဒနာတွေဟာ ဧည့်သည်မဟုတ်ဘဲ ကျွန်တော့် ကို အသေသတ်ဖို့ ရောက်လာကြတဲ့ ရန်သူကြီးတွေ ဖြစ်ကြောင်း အချိန်နှောင်းခါမှ သိလာရပါတယ်။
ဒါကလည်း အသက်ရှည်ရှည် နေရလောက် အောင် ကျွန်တော်ရဲ့ သီလတရားက မလုံခြုံခဲ့လို့ ဖြစ်မှာပါ။
ကျွန်တော့်အသက် ငါးဆယ့်ရှစ်နှစ်ထဲ ရောက်လာ ပါပြီ။ ရင်ထဲအောင့်တာ၊ နာတာက မသိသာပေမဲ့ မောတာကတော့ သိသာလာနေတယ်။ ဒါနဲ့ပဲ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အကြံပေးချက်အရ မန္တလေးကို ဆေးပြဆင်းသွားခဲ့ပါတယ်။
ဆေးရုံကြီးရဲ့ ဓာတ်မှန်အဖြေက ထိတ်လန့်ရင်မော စရာပါပဲ။ အဆုတ်တစ်နေရာမှာ ကင်ဆာအမြစ်တွယ် နေပြီတဲ့ . . .
ဆေးရုံကြီးမှာ ဆယ်လေးငါးရက်ခန့် ခွဲစိတ်ကုသမှု ခံပြီး ဖောင်းပြင်ကို ပြန်ခဲ့ပါတယ် . . .
မန္တလေးမြို့က မဟာမြတ်မုနိကိုယ်တော်မြတ်ကြီးနဲ့ မုံရွာမြို့က ဆုတောင်းပြည့်ဘုရားကြီးတို့ကို နောက်ဆုံး ဖူးမြော်ခြင်းအနေနဲ့ ဖူးမြော်ခဲ့ရပါတယ်။
ဖောင်းပြင်ရောက်ပြီး မကြာမီမှာ ညာဘက်နား ရွက် အောက်တည့်တည့် လည်ပင်းနဲ့ ပုခုံးအစပ်မှာ အကျိတ်အဖုထွက်လာပါပြီ။ ကင်ဆာအကျိတ်ပဲ ဖြစ်မှာ ပါ။
ကိုယ့်ရှေ့မှာ ကင်ဆာဝေဒနာနဲ့ ကွယ်လွန်သွား ကြတာတွေ တွေ့ဖူးပါတယ်။ ခန္ဓာကိုယ် အပြင်ဘက် တစ်နေရာရာမှာ ကင်ဆာအကျိတ် ပေါ်လာပြီဆိုရင် လပိုင်းမျှသာ အသက်ရှင်ပြီး ကွယ်လွန်သွားကြတာ များပါတယ်။
ကျွန်တော်လည်း ကင်ဆာအကျိတ် ပေါ်လာပြီ ဆိုတော့ . . .
အင်း . . . အလွန်ဆုံးနေရ ငါးလ, ခြောက်လ ပေါ့။
လူတစ်ယောက် မွေးဖွားလာပြီဆိုရင် သေစား သေစေ အမိန့်ဒီဂရီကြီးနဲ့အတူ မွေးဖွားလာတယ်လို့ အဖေပြောခဲ့ဖူးတာကို မှတ်မိနေပါသေးတယ်။
တစ်နေ့နေ့မှာ သေရမယ်ဆိုတာကို သိသော်လည်း ခုလိုမြန်မြန်ဆန်ဆန် လေးငါးခြောက်ဆယ်အရွယ်မှာ သေရလိမ့်မယ်လို့ ထင်မထားခဲ့တာတော့ အမှန်ပါ။
ဒါပေမဲ့လည်းလေ ... လူဆိုတာ နေချင်လို့လည်း မနေရ ...သေချင်လို့လည်း မသေရဆိုသလို နေချင် လို့လည်း မနေရဆိုတဲ့ထဲမှာ ကျွန်တော် ရောက်ရှိနေ ပါပြီ။
ကျွန်တော်ရဲ့ သေစားသေစေ အမိန့်ဒီဂရီက ယခု လို ခြောက်ဆယ်အရွယ်မှာ သေရမယ်လို့ ပါခဲ့ပုံရတယ်။
ဒါကြောင့်မို့လည်း ဇနီးသည်နှင့် တိုင်ပင်ကာ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားပြီး သားငယ်ကို အမြန်ဆုံးရှင်ပြုပေးဖို့ စီမံလိုက်ရခြင်း ဖြစ် ပါတယ်။
x x x x x
သားငယ် ရှင်လောင်းဘဝနဲ့ ကျွန်တော်တို့ အမှတ် တရဓာတ်ပုံရိုက်တော့ တစ်ကြိမ်၊ ကိုရင်ဘဝရောက်ပြီး ကိုရင်ရဲ့ ခမည်းတော်, မယ်တော်အဖြစ်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်တော့ တစ်ကြိမ် ဇနီးသည်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ ဝိုင်းနေတာကို သတိထားမိလိုက်တယ်။
သူက ကျွန်တော်ရဲ့ အသက်အပိုင်းအခြားကို သိနေတာကိုး။ ဝမ်းနည်းရှာပေမပေါ့။
ကျွန်တော်ကတော့ သားငယ် ကိုရင်ဝတ်ပြီး ဆရာတော်တရားဟော ရေစက်ချမှပဲ ရေစက်သွန်းချရင်း မျက်ရည်ကျမိပါတယ်။ မျက်ရည်ကျတာကလည်း ဝမ်းနည်းလို့မဟုတ်ပါ။ ဝမ်းသာလွန်းလို့ကျတဲ့ မျက်ရည်ပါ လို့ ဝန်ခံပါရစေ။
ဆရာတော်က ဘယ်လို တရားချီးမြှင့်သွားသလဲ ဆိုတာလည်း ကျွန်တော်မှတ်မိသလောက် ပြောပြချင် သေးတယ်။ ဒါမှ ကျွန်တော်မျက်ရည်ကျရတာကို သဘောပေါက်မှာ . . ..
x x x x x
အလောင်းတော် သိဒတ္ထမင်းသားဟာ သက်တော် နှစ်ဆယ့်ကိုးနှစ်အရွယ်မှာ ထီးနန်းစွန့်ပြီး တောထွက် တော်မူခဲ့တယ်။ အနော်မာမြစ်တစ်ဖက်ကမ်းကိုအရောက် အနော်မာသဲသောင်ပေါ်မှာ ပါလာတဲ့ သံလျက်နဲ့ သူရဲ့ ဆံပင်ကို ပယ်တော်မူခဲ့တယ်။ အဲဒီနောက် နန်းတော် က ဝတ်ဆင်လာတဲ့ မင်းသားအဝတ်အစားတွေကို ချွတ်ပြီး ဃဋိကာရဗြဟ္မာကြီးဆက်သတဲ့ . . ..သင်္ကန်းကို ဆင်မြန်းခဲ့တယ် . . ..
ဘုရားသားတော်အဖြစ် သင်္ကန်းဝတ်ရန် ရည်ရွယ် ၍ ပြုလုပ်တဲ့ မောင်ရှင်လောင်းများဟာလည်း ဘုရား အလောင်းတော်ရဲ့ နမူနာအတိုင်း ပထမဦးစွာ ဆံပင်ကို ရိတ်ပယ်ရပါတယ်။ ဒုတိယအနေနဲ့ အရပ်ထဲမှာ ဝတ်ဆင် ခဲ့တဲ့ အကြောင်အကျား အင်္ကျီအဝတ်အစားတွေကို ချွတ်ပြီး ဖန်ရည်စွန်းတဲ့ သင်္ကန်းကို ဆင်မြန်းရတယ်။ တတိယအနေနဲ့ သရဏဂုံသုံးပါးကို ပီသအောင် ရွတ်ဆို ရပါတယ်။ မောင်ရှင်လောင်းအနေနဲ့ ဒီသုံးခုကို မပျက် မကွက်ပြုလုပ်ရပါတယ်။
ဆံပင်ကို ဘာကြောင့်ပယ်ရသလဲ။ ဆံပင်ကို အမှီပြုပြီး တဏှာ၊ မာန၊ဒိဋ္ဌိတွေ ဝင်ရောက်ဖြစ်ပေါ် နိုင်သောကြောင့် ရိတ်ပယ်ရခြင်းဖြစ်တယ်။ ဆံပင်ပေါ်မှာ သာယာမှု စွဲလမ်းမှု တဏှာဖြစ်၊ ထိုမှတစ်ဆင့် ဒီဆံပင် သူများနဲ့မတူဘူး၊ ငါ့ဆံပင်က ပိုပြီးကောင်းတယ်ဆိုတဲ့ မာနဖြစ်၊ အဲဒီကနေပြီး ငါ ...ငါဆိုတဲ့ ဒိဋ္ဌိတွေ ဖြစ်ပေါ် လာကြတယ်တဲ့။ အင်္ကျီအဝတ်အစားကလည်း ထိုနည်း အတိုင်းပဲ။ ငါ့အင်္ကျီလေးဆိုပြီး စွဲလမ်းမှုတဏှာ၊ဒီအင်္ကျီ ဟာ မင်းတို့အင်္ကျီနဲ့ မတူဘူးဆိုတဲ့ မာန၊ ပြီးတော့ ငါ ငါဆိုတဲ့ ဒိဋ္ဌိတွေ ဖြစ်ပေါ်လာကြတယ်။ ဒါကြောင့် ဒီအစွဲတွေ မဖြစ်ပေါ်အောင် ဆံရိတ်ခြင်း၊ ပါလာတဲ့ အဝတ်အစားတွေချွတ်ပြီး အဝါရောင်သင်္ကန်းဖြင့် လဲလှယ်ဝတ်ဆင်ခြင်း အမှုတွေ ပြုလုပ်ကြရတယ်။
ပြီးတော့ ရှင်ပြုတယ်၊ ရှင်ပြုတယ်လို့ ပြောဆိုနေ ကြတယ်။ ဘာကြောင့် ရှင်ပြုတယ်လို့ ခေါ်သလဲ။ ကိုရင် ဝတ်ပြီးပြန်တော့ ရှင်သာမဏေတဲ့၊ ''ရှင်'' ဆိုတဲ့ ဝေါဟာရကို ဘာကြောင့် အထူးတလည် ထည့်သွင်း ပြောဆိုရပါသလဲ။
ရှင်ပြုတယ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာတရား တွေ ရှင်သန်ပွားများအောင် ပြုလုပ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ရှင်သာမဏေဆိုတာကတော့ ဒါန၊ သီလ၊ ဘာဝနာတရားတွေ ရှင်သန်ပွားများအောင် ကျင့်ကြံ အားထုတ်နေသူလို့ အဓိပ္ပာယ် ရပါတယ်။
မိမိရဲ့သားသမီးကို ရှင်ပြုအလှူ ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် အလှူရှင်မိဘများသည်လည်းပဲ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ရှင်သန်အောင် ပြုလုပ် ဆောင်ရွက်ခွင့် ရသွားကြပါပြီ။ မြစ်တစ်ဖက်ကမ်း ကို ပို့ပေးတဲ့ကူးတို့သမားသည် အခြားသူများကိုပို့ပေးရင်း မိမိလည်း တစ်ဖက်ကမ်းသို့ ရောက်သွားသလိုပါပဲတဲ့။
ဒီနေရာမှာ အထူးပြောလိုတာကတော့ သဒ္ဓါ တရားပါပဲ။ သဒ္ဓါတရားရှိလို့လည်း ဒါနတွေပြုလုပ်ဖြစ် ကြတယ်။ သီလတွေ ဆောက်တည်ဖြစ်ကြတယ်။ ဘာဝနာဘက်ကျတော့ သဒ္ဓါတရားက အားပျော့သွား ကြတယ်။ ထက်သန်တဲ့သဒ္ဓါတရားတွေ ဖြစ်လာဖို့ သတိ၊ ဝိရိယ၊ ပညာတို့ရဲ့ အကူအညီလိုတယ်ပေါ့။ ဗုဒ္ဓသာသနာ နဲ့ ကြုံကြိုက်တုန်း၊ ဝိပဿနာဘာဝနာ အားထုတ်ပုံ အားထုတ်နည်းတွေကို ဟောပြော ညွှန်ပြနိုင်တဲ့ ဆရာကောင်းတွေ ကိုယ်ပတ်ဝန်းကျင်မှာရှိတုန်း အဲဒီ အခွင့်အရေးကို လက်မလွှတ်စေချင်ဘူး။
အပါယ်လေးပါး မလားစေတတ်၊ လူနတ်နိဗ္ဗာန် ချမ်းသာအထူးကို ပေးစွမ်းနိုင်တာက ဝိပဿနာ ဘာဝနာပဲဆိုတာ ဆုံးဖြတ်ချက်ချထားပေါ့။
ဝိပဿနာÓာဏ်နဲ့ ရှုမှတ်မှုတွေ ကျွမ်းကျင်လာပြီ ဆိုရင် သွား, ရပ်, ထိုင်, လျောင်း ဣရိယာပုထ် လေးပါးလုံး ဝိပဿနာနဲ့ မလွတ်တော့ဘူး။ ဒါကြောင့် ရှေးဆရာတော်ကြီးတွေက ဝိပဿနာဆိုတာ ဘာနဲ့ တူသလဲဆိုရင် သန္ဓေသားကို လွယ်ထားတဲ့ မိခင်နဲ့ တူသတဲ့။ မိခင်လောင်းဟာ မိမိရဲ့ သန္ဓေသားကို ဘယ်မှာမှ ပစ်ချထားလို့မရဘဲ သွားလေရာ သယ်ဆောင် ရသလိုပဲတဲ့။ ဝိပဿနာဆိုတာလည်း တသီးတခြား မဟုတ်ဘဲ ကိုယ်အမူအရာ၊ စိတ်အမူအရာ အားလုံး ဝိပဿနာ ဖြစ်နေတာပါတဲ့။
ဒါကြောင့် ယခုလို ရှင်ပြုအလှူပြုလုပ်ရာမှာလည်း ဝိပဿနာပါပါစေ၊ သီလစောင့်ထိန်းရာမှာလည်း ဝိပဿနာပါပါစေ၊ ဝိပဿနာကို နေ့,ည မကွာ ရှင်သန် ပွားများ အားထုတ်နိုင်ကြပါစေ။
x x x x x
ယခုလို ဆရာတော့်တရား နာကြားလိုက်ရတော့ ရှင်ပြုခြင်းဆိုတဲ့ အဓိပ္ပာယ်ကို နားလည်လိုက်ရတယ်။ ကိုယ်တိုင် သားနှင့်အတူ ရှင်ပြုနေပါလားလို့ ခံစားရင်း ဝမ်းသာပီတိမျက်ရည်ကျမိတာပါ။
တကယ်တော့ ကျွန်တော်ရဲ့ ခန္ဓာဟာ ငြိမ်းခါနီး ဖယောင်းတိုင်မီးတောက်ကလေးလို ဖြစ်နေပါပြီ။ အပျက်ဘက်ရောက်နေတဲ့ ဒီခန္ဓာကြီး ပြန်ကောင်းလာ ဖို့ဆိုတာ အနားမှာရှိနေတဲ့ ဇနီးမယား၊ သမီး၊ သားနဲ့ ဘယ်ဆွေမျိုး ဥာတိကိုမှ အားကိုးလို့မရနိုင်တော့ပါဘူး။
ဒီလို ဆင်ခြင်မိတော့ ကျွန်တော် အားကိုးရမယ့် အဖော် အစစ်အမှန်ကို တွေ့လိုက်ပါပြီး ကျွန်တော် အားကိုးရမယ့် အဖော်ဟာ ခန္ဓာအပြင်မှာ မရှိပါဘူး။ ခန္ဓာထဲက သတိ၊ ဝီရိယ၊ ပညာနဲ့ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်ရဲ့ အသက်ဇီဝ ဆီမီးတောက်ကလေး မငြှိမ်းမီ ဒီကုသိုလ်တရားတွေကို အထပ်ထပ်ဆင်ခြင် ပွားများရပါတော့မယ်။
ကျွန်တော် ယူသွားနိုင်တာကလည်း အဆိုပါ သတိ၊ ဝီရိယ၊ ပညာနှင့် ဒါန, သီလ, ဘာဝနာ ဆိုတဲ့ ကုသိုလ်တရားတွေပဲ မဟုတ်ပါလား။
x x x x x
ကင်ဆာရောဂါသည် တစ်ဦး၏ ဖွင့်ဟပြောဆိုမှုကို ခံစားရေးဖွဲ့ပါသည်။

သိန်းဆွေ (ဖောင်းပြင်)