Sunday, February 27, 2011

ပျော်ရွှင်ခြင်းဆိုတာ....


ပျော်ရွှင်ခြင်းဆိုတာ....
ရေငတ်နေတုန်း သောက်ရတဲ့ရေတစ်ခွက်
ဆာနေတုန်း စားရတဲ့ ခေါက်ဆွဲတစ်ထုပ်
အားငယ်နေတုန်း ကြားရတဲ့ အားပေးစကားတစ်ခွန်း
ဝမ်းနည်းနေတုန်း ဖေးမတဲ့ လက်တစ်စုံ
ချမ်းအေးတဲ့ဆောင်းရာသီရဲ့ နွေးထွေးတဲ့နေရောင်ခြည်ဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20071022/1097.html

နိုင်းနိုင်းစနေ

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။
သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့
ဘုရင်ကြီးဆီကို
တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့
ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”
“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”
“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”
“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”
“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
“ဒါများကွာ....
နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး
ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး
ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ”

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ
မစဉ်းစားဖူးတဲ့ “သြော်...
ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ
ဝင်သွားပါတော့သတဲ့။
(ဂျပန် ဇင်ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ
ခေတ္တခဏ ၀င်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင်
အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ...?

လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့
လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့
လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက်၆၀
ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ်
မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။

ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့ က အဓိကပါ။

ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ....?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို
လူတစ်ယောက်ရဲ့  တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊
ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့
သိက္ခာသုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့ 
ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊
အခြံအရံတွေတော့ရှိပါရဲ့ ။ ဒါပေမယ့် သိက္ခာသုံးပါး
မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့  မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ
စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့
အတိုင်းထက်အလွန်ပါပဲ။

ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊
အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ
အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ
တန်ဖိုးရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ရုံပါဘဲ။

မနက်အိပ်ရာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့  ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့
ငါးပါးသီလယူလိုက်ပါ။ ဒါဆို သီလသိက္ခာတည်သွားပါပြီ။ နောက် ဂုဏ်တော်ကို
ငါးမီနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာတည်သွားပါပြီ။
နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ ဒါဆိုရင်
ပညာသိက္ခာတည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ
ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။
ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ်။

ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို့ 
အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။

နေ့ ခင်းကျရင် တစ်ကြိမ်ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင်
တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ့ ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို
အားပေးလိုက်တာပါ။

ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ့  စိတ်ပါဝါစွမ်းအားတွေလည်း
အလိုလိုရောက်လာတာပါ။
တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ
ပျော်ပျော်ရွှင်ရွှင်
ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို
ကြည်ညိုဖို့ က အဓိကပါ။

အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ့ ။ အသံထဲမှာ
စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ ကို
သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ
့စိတ်ဓါတ်တက်ကြွမှုကို ကူညီပါလိမ့်မယ်။

တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ
့ကြုံတဲ့အခါပဲဖြစ်ဖြစ်
အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။
တည်လိုက်တာနဲ့  ကိုယ်ဟာ တန်ဘိုးရှိတဲ့သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို
ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို
မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ့ ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်းမရှိဘူး၊ ဘာဖြစ်လဲ။
ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို
အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့  ဆုံးဖြတ်တာမှ မဟုတ်တာ။ သိက္ခာသုံးပါးနဲ့ ပဲ
ဆုံးဖြတ်တာပဲ။

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ်
ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နားနေတဲ့အချိန်လေးတွေမှာာ
လည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံးအိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ
တွေးမနေဘဲ ဂုဏ်တော်လေးပွားတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ
သမာဓိသိက္ခာတွေဖြစ်နေတာပါ။။ တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း
တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေတည်နေတာပါ။

“ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့
အတွေးလေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင်
ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊
ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ
သိက္ခာသုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ”
ဆိုတဲ့စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း
ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒဇာတ်ကလေးကို အကျဉ်းချုပ်ပြောပြပါအုံးမယ်။

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။

အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး
ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။

“မင်းသမီး... တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ”

မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အောက်မှာ
အစောင့်တွေအများကြီး ချထားလို့ ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ်
တက်လာတာလဲ” ပြန်မေးပါတယ်။

လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က
ငါ့ကိုချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့ 
ရွှေအပြည့် ပေးပါ့မယ်” လို့  ပြန်ပြောပါတယ်။

ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့  ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့
ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။
သင်ပြန်ပါတော့” လို့  နှင်လွှတ်လိုက်ပါတယ်။

ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး
ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။

တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး
ချစ်ရေးဆိုလာပြန်ပါတယ်။

ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့ ။ ဒုတိယရက်မှာ ငွေခွက်နဲ့ ။
တတိယရက်မှာ ကြေးခွက်နဲ့ ဆိုတော့ သူ့ အတွက် အထူးအဆန်းဖြစ်နေပါတယ်။
ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။

“အသင် ယောက်ျား...ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ
ပေးရတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ပေးရတာလဲ” လို့ 
မေးပါတယ်။

ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။ “မင်းသမီးရယ်၊ သင့်ရဲ့ အသက်နဲ့ 
ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့ 
တိုးတိုးပျိုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။
သင်မင်းသမီးရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ
့လျော့လျော့အိုအိုလာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။
မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို
ငါကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ့  အို အို
လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ ထက် တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ” လို့ 
ရှင်းပြလိုက်ပါတယ်။

နောက် လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း
ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။

တကယ်တော့ လုလင်ပျိုက အတိတ်လူ့ ဘ၀က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ
့ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေးတရားဟောတာပါ။

လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးနီးသွားတာပါ။ သေဖို့ တစ်ရက်
နီးသွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေးတွေ တစ်ရက်လျှော့သွားတာပါ။
ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့  အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို
မလာပါဘူး။

ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ဘုရားတွေက “တစ်ရက်ကုန်ပြန်၊
ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို့  သတိပေးထားပါတယ်။

မနက်အိပ်ရာကနိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန်
တစ်ရက် နီးလာပြီ” လို့  နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင်
ကိုယ့်ကိုယ်ကိုလည်း
သတိပေးပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းတဲ့အခါ
အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ ကိုလည်း
သေချာအားထုတ်တော့မှာပါ။

တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက်နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင်
သေချာဆင်ခြင်ရမှာပါ။

ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့  အခွင့်အရေး
ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။

ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ”
ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပုံစံ”
ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပုံစံ” အတိုင်း နေသွားဖို့ ပါ။

ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ
သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။
အလင်းတန်းဂျာနယ်
၃၁.၈.၂၀၀၉

စာကြွင်း။ ။ ဒီဓမ္မစာစုလေးဟာ စာရေးသူ ၄.၆.၂၀၀၉ နေ့ က
မုံရွာဗောဓိတစ်ထောင်မှာ ၀န်ချီစက်ပြုတ်ကျလို့  ခြေထောက်ကျိုးပြီး
ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်ပြန်ဟောထားတဲ့ တရားလေးကို ဆောင်းပါးအဖြစ် ပြန်ရေးလိုက်တာပါ။

စာရေးသူ ကျိုးပြီး နောက်ပိုင်းမှာ စိတ်နှစ်စိတ်ဖြစ်လာပါတယ်။ တစ်စိတ်က ကြောက်လန်
့သွားတဲ့စိတ်ပါ။ တစ်စိတ်က သံဝေဂ စိတ်ပါ။ သံဝေဂစိတ်ဖြစ်တာ ကောင်းပေမယ့်
ကြောက်လန့် စိတ်ကျတော့ လူကို တော်တော်ဒုက္ခပေးပါတယ်။ ခရီးဝေးသွားရမှာတောင်
ကြောက်သွားပါတယ်။ ဘ၀မှာဖြစ်ချင်တာတွေ အကုန်နီးပါးဖြစ်၊ လိုချင်တာတွေ
အကုန်နီးပါးရဆိုတော့ “သြော်...ငါအတိတ်ကုသိုလ် ပါရမီတွေ
တော်တော်ကောင်းခဲ့ပါလား၊ ဒီဘ၀ပြုနေတဲ့ကုသိုလ်တွေကလည်း အကျိုးပေးနေပုံရတယ်။
ဆက်လည်း ပြုနေအုံးမှာဆိုတော့ နောင်လည်း ဒီထက်မကတဲ့ ကောင်းကျိုးတွေက
လာနေအုံးမှာပဲ” ဆိုတဲ့ အတွေးက အစဉ်သဖြင့်ရှိနေလို့ ပါ။ ဒီမှာတင်
အဖြစ်ဆိုးကြီးနဲ့  ကြုံလိုက်ရတော့ ကြောက်လန့် စိတ်ဝင်သွားပါတယ်။
ကျိုးပြီးနောက်ပိုင်း ဒကာ ဒကာမတွေက ယခင်ကထက် ပိုဂရုစိုက်ပေးပါတယ်။
န၀ကမ္မဆိုလည်း ကပ္ပိယမှတစ်ဆင့် ပိုပိုလျှံလျှံလှူပေးတာပါ။
ဘယ်ဆေးရုံသွားချင်လဲ၊ ဘယ်လောက်ပဲကုန်ကုန်ဆိုပြီး ကုန်ကျစရိတ်
အကုန်လှူမယ်လို့  ဆိုလာတဲ့ ဒကာ ဒကာမတွေလည်း အများကြီးရယ်ပါ။
ရန်ကုန်-မန္တလေး ဆရာဝန်တွေကလည်း သိပ်ဂရုစိုက်ကြတာပါ။ ဒါပေမယ့် ကြောက်လန်
့စိတ်ကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ဓမ္မစာစုလေးကို
ကိုယ့်ကိုယ်ကို နေ့ ရော ညပါ အကြိမ်ကြိမ် ပြန်ဟောခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို
ဟောရတာလည်း မရိုးနိုင်၊ နာရတာလည်း မရိုးနိုင်ခဲ့ပါဘူး။
အကြိမ်ကြိမ်ဟောခဲ့မှ စိတ်သက်သာရာ ရခဲ့တာပါ။ အခုလည်း ဟောနေဆဲပါ။

စာရေးသူနဲ့ စာဖတ်သူဆိုတာ မသိကြပေမယ့် စိတ်ချင်းရင်းနှီးကြတာ များပါတယ်။ ကိုယ်က
ရဟန်းဆိုတော့ ကြည်ညိုစိတ်နဲ့  ပိုပြီးတောင် ရင်နှီးစိတ် ဖြစ်ကြအုံးမှာပါ။

စိတ်ချင်းရင်းနှီးရင် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက် လက်ခံကျင့်ကြံအားထုတ်ဖို့ 
ပိုဖြစ်သွားတော့မှာပါ။ ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ
အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်။

တကယ်လို့  စာဖတ်သူက ရင်းနှီးစိတ်ကို အခြေခံပြီး လက်တွေ့ ကျင်ြ့ဖစ်သွားတယ်
ဆိုရင်တော့ စာရေးသူအတွက် ရေးရကျိုး နပ်သွားပါပြီ။

[Reference: from a forward mail]

ချစ်ပုံပြင်

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....

ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......

သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....

သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့....

မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....

ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့

ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....

သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...

ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....

ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....

သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့...

ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....

ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......

ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......


.......


...............


...........................


စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......

ပုံပြင်လေးကတော့ဒါပါပဲကွယ်......

သားသားမီးမီးတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး

ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....

[Reference: from a forward mail]

*ချစ်သူကို စိတ်ကောက်တတ်သော သူငယ်ချင်းများအတွက် …..*

နက်ဖြန် ဘာဖြစ်လာနိုင်မလဲ….? ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့ကိစ္စတွေဟာ
အစားထိုး အလျော်ပြန်မရနိုင်တဲ့ အရာတွေပါ။
(၁)
အကြင်နာမဲ့တဲ့ အထင်လွဲမူတခုက ပျော်ရွှင်ခြင်းဆီကို လှမ်းနေတဲ့
ကျွန်မတို့ရဲ့ ခြေလှမ်းကို ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့ အထုံးတခုကို

ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။
လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာက မောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေ
စေခြင်းက ပူဆွေးသောကရဲ့ အစပေပဲလား…..

ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ

ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရ ကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။
ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလဲ
လှုံနိုင်အောင်၊ ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ၀ရန်တာပါတဲ့
အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့

အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး
ပတ်ချာလှည့် ကစားလိုက်တယ်။ ကျွန်မတောင်းပန်ပြီး အောက်ချပေးဖို့ ပြောမှ
မောင်က၀မ်းသာစွာနဲ့ “ကဲ…မေမေ့ကို သွားကြိုရအောင်” တဲ့။ မောင့်မေမေ

ရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့တယ်။

အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို
ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ ခံစားမူမျိုးက သေးငယ် တဲ့ ကျွန်မရဲ့ ခန္ဓာကို
အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ ခံစားမူမျိုး ကျွန်မကို

လုံခြုံမူတွေ ဖြစ်စေခဲ့တယ်။ မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့
ကျွန်မကို မောင်က ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။
အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မူမျိုးကလဲ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့
သံယောဇဉ်ပေပဲလား။

မြို့ရောက်လာပေမယ့် ရွာက ဓလေ့တွေကို မောင့်မေမေက

ချက်ချင်းဖျောက်နိုင်ခဲ့ပုံ မရဘူး။ ပန်းတွေ အမြဲ ၀ယ်ပြီး ဧည့်ခန်းမှာ
အလှပန်းအိုး ထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး
မအောင့်နိုင်ဘဲ….. “ဘ၀ကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ

နင်တို့မသိကြဘူးလား..စားလို့ရတာ

လဲ မဟုတ်ဘဲနဲ့ ဘာလို့ ပန်းတွေ
ဝယ်ခဲ့ရသလဲ…”
“မဟုတ်ဘူးလေ မေမေ…..ပွင့်နေတဲ့ ပန်းကို ကြည့်ပြီး လူတွေရဲ့ စိတ်ဟာလဲ
လန်းဆန်းနိုင်တယ်လေ” ကျွန်မ ရယ်ပြီးပြောတော့ မောင့်မေမေက

ခေါင်းငုံ့စူပုပ် နေခဲ့တယ်။
“အမေ ဒါဟာ မြို့သားတွေရဲ့ အကျင့် …တဖြည်းဖြည်းနဲ့ အမေကျင့်သား
ရလာလိမ့်မယ်” မောင်က ရယ်ကျဲကျဲနဲ့ ၀င်ထောက်တယ်။

ပန်းဝယ်တဲ့ ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း

ဘယ်လောက် ပေးဝယ်ခဲ့ရသလဲလို့ မေးတတ်ပြန်တယ်။ ကျွန်မ ပြောပြလိုက်ရင်
တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။ တခါတလေ အထုတ်ကြီး ငယ်တွေနဲ့
ကျွန်မဈေးက ပြန်လာရင် ဟိုဟာ ဘယ်လောက်လဲ…… ဒီဟာ ဘယ်လောက်လဲနဲ့
မေးတတ်ပြန်တယ်။ ဈေးနှုန်းအမှန်တွေကို ကျွန်မပြောပြလိုက်ရင် သူ့ရဲ့

စုတ်ထိုးသံက ပိုကျယ်လို့နေခဲ့တယ်။

“ဈေးနှုန်းအမှန် မပြောနဲ့လေ လူအ မလေးရဲ့” ကျွန်မ နှာခေါင်းကို
ဖိညှစ်ရင်း မောင်က ဆိုလာတယ်။ ပျော်ရွှင် စရာ နေ့ရက်တွေက တဖြည်းဖြည်း
သံစဉ်တွေ ပြောင်းလာခဲ့တယ်။

နံနက်စာ မောင်ထပြင်တတ်တာကို မောင့်မေမေက ကြည့်မရဆုံးပါပဲ။ ဘယ့်နှယ်

လင်ယောက်ျားက မိန်းမ အတွက် မနက်စာ ထလုပ်ရတယ်လို့ ….ဒါဟာ မဖြစ်သင့်တဲ့
ကိစ္စလို့ သူမြင်ခဲ့တယ်။

မနက်စာစားတိုင်း ပုပ်သိုးနေတဲ့ သူ့မျက်နှာကို ကျွန်မ မမြင်ချင်
ဟန်ဆောင်ခဲ့တယ်။ ဒါကို သူကဇွန်းခက်ရင်းတွေ တတောက်တောက်ခေါက်ပြီး အသံတိတ်

ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြ ဆရာမတဦးပါ။ တနေကုန် ကခုန်ခဲ့ရလို့
ပင်ပန်းနေတဲ့ ကျွန်မအဖို့ မနက်စောစော နွေးထွေးတဲ့ အိပ်ရာကို မခွာရက်ဘဲ
ဇိမ်ခံပြီး နှပ်ချင်နေခဲ့တယ်။ ဒါကြောင့်မို့လဲ မောင့်မေမေ အသံတိတ်
ဆန္ဒပြတာကို မျက်စိမှိတ်၊ နားပိတ်ပြီး မသိချင် ဟန်ဆောင်ခဲ့တယ်။

မောင့်မေမေဟာ ကျွန်မကို အိမ်မူကိစ္စတွေ ကူလုပ်ပေးပါတယ်။ ဒါပေမယ့် သူကူရင်

ကျွန်မပိုပြီး အလုပ်ရှုပ် ရပါတော့တယ်။ ဥပမာ….ပလပ်စတစ်အိတ်တွေကို
ပြန်ရောင်းဖို့ဆိုပြီး အကုန် လိုက်စုထားတတ်တယ်။ နောက်တော့ အိမ်တခုလုံး
အိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ပန်းကန်ဆေးရည်ကို နှာမြောလို့ဆိုပြီး မသုံးဘဲ

နေခဲ့တယ်။ နောက်တော့ မစင်တဲ့ ပန်းကန်တွေကို သူ မသိအောင် တိတ်တိတ်လေး
ကျွန်မ ပြန်ဆေးခဲ့ရတယ်။

(၂)
ညတညမှာ ပန်းကန်တွေကို ပြန်ခိုးဆေးနေတဲ့ ကျွန်မကို မောင့်မေမေ
မြင်သွားခဲ့တယ်။ အိပ်ခန်းတံခါးကို “ဒုန်း”ခနဲ ဆောင့်ပိတ်ပြီး အိပ်ရာထဲမှာ

သူအော်ငိုပါတော့တယ်။ အမေနဲ့မိန်းမကြား မောင်ပျာများ ရပါတော့ တယ်။ အဲဒီညက
မောင်ကျွန်မကို စကားတခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူ့ကို ကျွန်မ ဘယ်လိုပဲ
စ စ ဂရုမစိုက် ခဲ့ဘူး။ “ကျွန်မ ဘာများ အမှားလုပ်ခဲ့မိလို့လဲ..?” လို့

ပြန်မေးတော့ မောင်က ကျွန်မကို ခပ်စူးစူးကြည့်ရင်း…. “မပြောင်တဲ့
ပန်းကန်နဲ့စားလဲ သေမသွားတတ်ဘူး….မင်းဘာလို့ မသိတတ်ရတာလဲကွာ” တဲ့။
အဲဒီနောက်ပိုင်းမှာ မောင့်မေမေ ကျွန်မကို စကား မပြောတော့ပါဘူး။
နွေးထွေးတဲ့အိမ်က တဖြည်းဖြည်း အေးစက်လာခဲ့တယ်။

မနက်စာ ထလုပ်တတ်တဲ့မောင်ကို မကြည့်ရက်လို့ မောင့်မေမေက မနက်စာ

ချက်ပြုတ်ခြင်း တာဝန်ကို ယူလိုက်တယ်။ သားစားနေတာကို ကြည့်ပြီး မောင့်မေမေ
ပီတိဖြာပါတယ်။ ကျွန်မကို ကြည့်တဲ့ အကြည့်ကတော့ အိမ်ထောင့်တာဝန်
မကျေဘူးဆိုတဲ့ အပြစ်တင် အကြည့်မျိုးနဲ့ပါ။ အဲဒီအကြည့်ကို ရှောင်ချင်လို့

ကျွန်မရဲ့ မနက်စာကို လမ်းမှာဝယ်ပြီး ဖြေရှင်းလိုက် ရတာများတယ်။

ညအိပ်ချိန်မှာ မောင်က စိတ်ဆိုးတဲ့လေသံနဲ့ “လူဒီ..အမေလုပ်တဲ့အစာတွေကို
ညစ်ပတ်တယ်ထင်ပြီး အိမ်မှာ မစားတာလား” ပြောပြီး တဖက်ကို
မောင်လှည့်လိုက်တယ်။ မောင့်ရဲ့ အေးစက်တဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်မ

မျက်ရည်ကျခဲ့မိတယ်။ “လူဒီ…မောင့်မျက်နှာကို ထောက်ပြီး အိမ်မှာ
မနက်စာစားပါလား” သက်ပြင်းတချက် ချရင်း မောင်က ဆိုလာတယ်။ မောင့်ကြောင့်
ကျွန်မရှေ့မျက်နှာ နောက်ထားပြီး မနက်စာ စားပွဲခုံမှာ ပြန်ထိုင် ခဲ့တယ်။

အဲဒီ မနက်က မောင့်မေမေ ပြုတ်ထားတဲ့ ဆံပြုတ်ကို ကျွန်မသောက်နေတုန်း
ဘာဖြစ်တယ် မသိဘူး..ဗိုက်ထဲက အစာအိမ်ကို တခုခုနဲ့ ဖိထားသလို ခံစားရတယ်။
အစာတွေ ပါးစပ်က ထွက်မလာအောင် ကျွန်မဗိုက်ကို အတင်း ဖိထားမိတယ်။ ဒါပေမယ့်
မရခဲ့ဘူး။ ပန်းကန်ကို စားပွဲပေါ် လွတ်ချပြီး သန့်စင်ခန်းဖက်

ကျွန်မပြေးပြီး ထိုးအန်မိတယ်။ အန်ပြီး ပုံမှန်အနေအထား ရောက်အောင် လေကို
ရှုသွင်းရှုထုတ် လုပ်နေချိန်မှာ ငိုသံနဲ့ အပြစ်တင်နေတဲ့ မောင့်မေမေအသံကို
ကျွန်မ ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ သန့်စင်ခန်း တံခါးဝမှာ
ခါးထောက်ပြီး ကြည့်နေတဲ့ မောင့် ဒေါသမျက်နှာကို ကျွန်မ မြင်လိုက်တယ်။

ဖြေရှင်းဖို့ ပါးစပ်ဟလိုက်ပေမဲ့ ကျွန်မ နှုတ်က စကားတခွန်းမှ
ထွက်မလာခဲ့ဘူး။ ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူး မောင်ရယ်…..

မောင်နဲ့ကျွန်မ ပထမဆုံးအကြိမ် အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ရန်ဖြစ်နေတဲ့
ကျွန်မတို့ကို မောင့်မေမေက စိုက်ကြည့်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။

မောင်က ကျွန်မကို ခပ်စူးစူးတချက်ကြည့်ပြီး အမေ့နောက်ကို
ဆင်းလိုက်သွားခဲ့တယ်။ မျိုးဆက်သစ်လေး ကျွန်မတို့ဘ၀ထဲ ရောက်လာခါနီးမှ
မထင်မှတ်တဲ့ မတော်တဆမှုက မောင့်မေမေရဲ့ အသက်ဝိညာဉ်ကို ခြွေယူသွားခဲ့တယ်။

(၃)ရက်လုံးလုံး မောင်အိမ်ပြန်မလာခဲ့ဘူး။ ဖုန်းလည်း မဆက်ခဲ့ဘူး။

မောင့်မေမေ ရောက်လာပြီးနောက် ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ အိမ်ဟာ
အရာရာ ဆိတ်သုဉ်းသွားခဲ့ရတယ်။ ကျွန်မဘာများ ထပ်လုပ် ပေးရဦးမလဲ…?
ထူးထူးဆန်းဆန်းပဲ ကျွန်မလဲ တချိန်လုံး အန်ချင်နေမိတယ်။ ဘာပဲစားစား
အရသာမဲ့နေတယ်။ ဒီပြဿနာတွေနဲ့ ကျွန်မလဲ လူပမ်းစိတ်နွမ်းလှပါပြီ။

လူဖော်ကိုင်ဖက် တချို့က “လူဒီ….နင်မျက်နှာကြည့်ရတာ

တော်တော်မလန်းဘူး….. ဆေးရုံသွားပြီး စစ်ဆေး သင့်ပြီ”လို့ အသိပေးလာမှ
ကျွန်မဆေးရုံဖက် ရောက်ခဲ့တယ်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီတဲ့။ အဲဒီမနက်
ထမင်း ၀ိုင်းမှာ ကျွန်မအန်မိတဲ့ အကြောင်းရင်းကို ကျွန်မ သိလာရတယ်။

ကျွန်မရဲ့ ပျော်ရွှင်မှုထဲမှာ ၀မ်းနည်းတာတွေ ရောပါနေတယ်။
မောင်ရော……အတွေ့အကြုံရှိတဲ့ မောင့်မေမေရော…ဘာဖြစ်လို့
ဒီလိုအန်ခြင်းရဲ့ အကြောင်းရင်း ကို နည်းနည်းမှ မရိပ်စားမိခဲ့တာလဲ….?

(၃)
ဆေးရုံဝမှာ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။ (၃)ရက်ပဲ မတွေ့တဲ့ မောင်ဟာ

ရုပ်တော်တော်ကျသွားခဲ့တယ်။ ကျွန်မ မမြင်ချင်ဟန်ဆောင်ပြီး
လှည့်ထွက်မလို့ပဲ ဒါပေမယ့် မောင်ပုံကိုကြည့်ပြီး သနားစိတ်ကို
မအောင့်နိုင်ဘဲ မောင်ကိုခေါ်လိုက်မိတယ်။ ကျွန်မခေါ်သံကြောင့်
မောင်လှည့်ကြည့်လာပေမယ့် ကျွန်မကိုကြည့်တဲ့ အကြည့်က

သူစိမ်းတစ်ယောက်လိုပါပဲ။ မျက်လုံးထဲမှာတော့ မုန်းတီးခြင်း အငွေ့တွေက
ကျွန်မကို ပြာစေကျခဲ့တယ်။ မောင့်ကို မကြည့်မိအောင် ကျွန်မထိန်းရင်း
အငှားကားတစ်စီးကို လက်ပြတားလိုက်တယ်။ ကားပေါ်အတက် မောင့်ကို ”
မောင်…မောင်အတွက် သားလေးတစ်ယောက် ကျွန်မမွေးပေးတော့မယ်” လို့ ကျွန်မ

အော်ပြီး ပြောပြချင်လိုက်တာ။ မောင်ကြားရင် ကျွန်မကို ကိုင်မြှောက်ပြီး
တစ်ပတ်ရမ်းလိုက်ဦးမလား….? ကျွန်မမျှော်လင့် တာတွေ
ဖြစ်မလာခဲ့တော့ပါဘူး။ ကားထဲမှာ ထိုင်ပြီး ကျွန်မငိုမိတယ်။ ဘာကြောင့်
ရန်ပွဲလေးတစ်ပွဲက အချစ်ကို ဒီလောက်အထိ ဆိုးဝါးစေခဲ့သလဲ….?

အိမ်ပြန်ရောက်တော့ အိမ်ရာပေါ်လဲရင်း မောင်မျက်လုံးထဲက အမုန်းတွေကို

ကျွန်မပြန် မြင်ယောင်မိတယ်။ စောင်ကို တင်းတင်းဆုတ်ကိုင်ပြီး
ကျွန်မငိုမိပြန်တယ်။ အဲဒီညက အံဆွဲဖွင့်သံတွေကို ကျွန်မကြားလိုက်မိတယ်။
မီးဖွင့်ကြည့်လိုက်တော့ မျက်ရည်အရွဲသားနဲ့ မောင့်ကို

ကျွန်မတွေ့လိုက်မိတယ်။ ကျွန်မကို အေးစက်စက် တစ်ချက်ကြည့်ပြီး
ပိုက်ဆံတွေကို မောင်ယူနေတယ်။ ကျွန်မကို မမြင်သလိုဘဲ ဘဏ်စာအုပ်ကို ယူပြီး
သူပြန် ထွက်သွားတယ်။ ကျွန်မကို တစ်ကယ်ပဲ ခွဲသွားတော့မှာလား…? မောင်က
တော်တော်ထက်တာပဲ… အချစ်နဲ့ငွေကို သပ်သပ်စီခွဲတော့မယ် ထင်တယ်။ ကျွန်မ

အေးစက်စက် ရီလိုက်မိတယ်။ မျက်ရည်တွေကတော့ ပါးပြင်ပေါ်
တောက်လျောက်စီးကျလို့လာတယ်။

နောက်တစ်ရက်မှာ ကျွန်မ အလုပ်မသွားခဲ့ဘူး။ စိတ်ကို ငြိမ်ငြိမ်ထားပြီး
မောင်နဲ့ ကျွန်မဆွေးနွေးချင်သေးတယ်။ မောင့်ကုမ္ပဏီမှာ မောင့်ကို

သွားရှာတော့ အတွင်းရေးမှူး မလေးက ” သူ့အမေ ကားအက်ဆီဒင့်ဖြစ်ပြီး ဆုံးလို့
ဆေးရုံသွားလိုက်တယ်”။ အဲဒီစကားကြားတော့ ကျွန်မဆွံအသွားခဲ့ရတယ်။ ဆေးရုံကို
ကျွန်မအပြေး လိုက်သွား ခဲ့တယ်။ မောင်ကတော့ အေးစက်မာကျောတဲ့ မျက်နှာနဲ့

ကျွန်မကို မကြည့်ခဲ့ပါဘူး။ မောင့်မေမေရဲ့ ဖြူရော်နေတဲ့ မျက်နှာကို
ကြည့်ပြီး ကျွန်မ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။ ဘုရားရေ…..ဘာလို့
ဒီလိုဖြစ်ရတာလဲ…?

မောင့်မေမေ သင်္ဂြိုလ်ပြီးတဲ့အထိ ကျွန်မကို မောင်စကားတစ်ခွန်းမှ

မပြောခဲ့ဘူး။ ကျွန်မကို ကြည့်တဲ့ အကြည့် တိုင်းမှာ
မုန်းတီးမှုအပြည့်တွေနဲ့ပါ။ မောင့်မေမေ ကားတိုက်မှုနဲ့ ပတ်သက်ပြီး
ကျွန်မသိရတာက အဲဒီနေ့ မောင့်မေမေ အိမ်ကထွက်ပြီး ရွာကိုပြန်မလို့
ကားဂိတ်ကို သွားခဲ့တယ်။ မောင်လည်း အမေနောက် အပြေး လိုက်ခဲ့ပေမယ့်

မျဉ်းကျားကူးချိန်မှာ တစ်ဖက်ကလာတဲ့ ကားနဲ့ တိုက်မိသွားခဲ့ကြောင်း
တစ်ခြားလူတွေ ကတစ်ဆင့် ကျွန်မသိလိုက်ရတယ်။ မောင့်ရဲ့မုန်းတီးမှုတွေကို
ကျွန်မ သဘောပေါက်သလို ရှိလာတယ်။ အဲဒီနေ့ကသာ ကျွန်မ မအန်ခဲ့ရင်၊
အဲဒီနေ့ကသာ ကျွန်မတို့ ရန်မဖြစ်ခဲ့ရင်… အခုတော့ မောင်ရဲ့စိတ်ထဲမှာ

ကျွန်မဟာ မောင့်မေမေကိုသတ်တဲ့ တရားခံဖြစ်နေခဲ့ပြီလား….?

အိမ်ကို ပြန်လာပြီးတဲ့နောက် မောင့်မေမေအခန်းမှာပဲ မောင်နေခဲ့တယ်။
ညအိမ်ပြန်တိုင်း မောင့်ကိုယ်ပေါ်မှာ အရက်နံ့တွေ မွန်းလို့နေတယ်။
အားနာခြင်းနဲ့ သနားခြင်းတွေက ကျွန်မရင်ဝကို မွန်းကြပ်နေအောင် ဖိထား

ခဲ့တယ်။ ကျွန်မတို့အတွက် မျိုးဆက်သစ်လေး ရှိနေပြီဆိုတဲ့အကြောင်း
မောင့်ကို ကျွန်မ ပြောပြချင် လိုက်တာ….ရှင်းပြချင်လိုက်တာ.
.. ဒါပေမယ့်
အေးစက်တဲ့ မောင်မျက်လုံးတွေကို ကြည့်ပြီး အဲဒီစကားတွေကို
ကျွန်မပြန်မျိုချခဲ့ရတယ်။ ကျွန်မကို နာနာလေး

တစ်ခါလောက်ရိုက်လိုက်…ရက်ရက်စက်စက် တစ်ခါလောက် ဆဲလိုက်
ကျွန်မခံနိုင်ပါတယ်။ အရာအားလုံးဟာ ကျွန်မ တမင်လုပ်ခဲ့တာ မဟုတ်ရပါဘူး
မောင်ရယ်….

အဲဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် အပ်ကြောင်းထပ်ခဲ့တယ်။ မောင်အိမ်ပြန်ချိန်က

ညပိုနက်လို့လာခဲ့တယ်။ တစ်ခါက စားသောက်ဆိုင် တစ်ဆိုင်ရှေ့ကျွန်မဖြတ်တော့
ကြည်လင်တဲ့ ပြတင်းမှန်ထဲမှာ မောင်နဲ့မိန်းကလေး တစ်ယောက်
မျက်နှာချင်းဆိုင် ထိုင်နေတာကို တွေ့လိုက်မိတယ်။ မိန်းကလေးရဲ့ဆံပင်ကို
မောင်က ပွတ်သပ် လို့…ကျွန်မ သဘောပေါက်လိုက်မိတယ်။ ဆိုင်ထဲကို

ကရူးကမူးပြေးဝင်ပြီး စားပွဲရှေ့မှာ ကျွန်မရပ်လိုက်တယ်။ မောင့်ကို
ခပ်စူးစူးစိုက်ကြည့်လိုက်ပေမယ့် ကျွန်မ မျက်အိမ်မှာ မျက်ရည်မရှိခဲ့ပါဘူး။
ကျွန်မ စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေလိုက်မိတယ်။

ကျွန်မကိုကြည့်လိုက် မောင့်ကိုကြည့်လိုက်နဲ့ ထရပ်ပြီး ထွက်ဖို့ပြင်နေတဲ့

မိန်းကလေးကို မောင်က လက်လှမ်း ဆွဲလိုက်တယ်။ ပြီးတော့ အေးစက်ခက်ထန်တဲ့
အကြည့်နဲ့ ကျွန်မကိုကြည့်နေတယ်။ ကျွန်မနှလုံးခုန်သံကို ကျွန်မ
ပြန်ကြားနေမိတယ်။ သေမင်းရဲ့ နုတ်ခမ်းဝမှာ ခုန်နေသလိုမျိုး… ကျွန်မဟာ
ရှူံးသူပါ။ ဆက်ရပ်နေရင် ကျွန်မ ရော ဗိုက်ထဲက ကလေးပါ အဲဒီနေရာမှာ

လဲကျသွားနိုင်တယ်။

အဲဒီညက မောင်ပြန်မလာခဲ့ဘူး။ အဲဒီလိုနည်းနဲ့ သူနဲ့ကျွန်မကြားက သံယောဇဉ်ကို
သဘောပေါက်စေပုံရတယ်။ ယောက္ခမရဲ့သေဆုံးမှုနောက်မှာ ကျွန်မတို့ရဲ့ အချစ်လည်း
လိုက်ပြီးသေဆုံးသွားခဲ့ရပြီ။ မောင်လုံးဝ ပြန်မလာခဲ့ တော့ပါဘူး။

တစ်ခါတစ်လေ ကျွန်မအလုပ်ဆင်း ပြန်လာရင် အိမ်ကဘီရိုတွေ
မွေနောက်ထားသလိုပဲ…ကျွန်မ မရှိတုန်း မောင်သူ့ပစ္စည်းတွေ
ပြန်လာယူတယ်ထင်တယ်။ မောင်ကို ကျွန်မ ဖုန်းလည်းမဆက်ခဲ့ဘူး။ အစက မောင့်ကို
ကျွန်မရှင်းပြဖို့ ရည်ရွယ်ထားတဲ့ စိတ်တွေ လုံးဝ ပျောက်ဆုံးသွားခဲ့ရပါပြီ။

ကျွန်မတစ်ယောက်တည်း ဆေးရုံသွားပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ တစ်ခြား

ကိုယ်ဝန်ဆောင် မိခင်လောင်း တွေကို လင်ယောက်ျားနဲ့အတူ ဆေးရုံလာတာကို
မြင်ရင် ကျွန်မရဲ့နှလုံးသားတွေ မွကြေသွားသလို ခံစားမိ တယ်။
လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးတယ်။ ကျွန်မ

မလုပ်ရက်ဘူး… ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် ကျွန်မမွေးကို မွေးမယ်။
မောင့်မေမေအတွက် အလျော်ပဲဖြစ်ဖြစ်ပေါ့။

တစ်ရက် ကျွန်မအလုပ်ဆင်းပြန်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့
မောင့်ကိုတွေ့လိုက်မိတယ်။ အခန်းတစ်ခုလုံး လည်း ဆေးလိပ်မီးခိုတွေနဲ့

မွမ်းကြပ်လို့….စားပွဲခုန်ပေါ်မှာ စာရွက်တစ်ရွက် တင်ထားတယ်။
အဲဒီစာရွက်ကို ကျွန်မ မကြည့်လဲ ဘာအတွက်ကြောင့် ဆိုတာကို ကျွန်မ
သိလိုက်ပါတယ်။

မောင်မရှိတဲ့ နှစ်လအတွင်း စိတ်၏ တည်ငြိမ်ခြင်းကို ကျွန်မကျင့်သားရခဲ့တယ်။

“ခဏလေး…ကျွန်မလက်မှတ် ထိုးပေးမယ်” ဦးထုပ်ကိုချွတ်ရင်း
မောင့်ကိုကျွန်မကြည့်ပြီး ပြောလိုက်တယ်။ ကျွန်မလိုပဲ
မောင့်မျက်လုံးထဲမှာလည်း တွေဝေခြင်းတွေ ပြည့်နှက်လို့နေတယ်။
အပေါ်အင်္ကျီကိုချွတ်ရင်း မငိုမိစေဖို့ ကျွန်မအားတင်းလိုက်တယ်။ အင်္ကျီကို

ချိတ်ပြီး မောင်ဖက်လှည့်လိုက်တော့ မောင်က ပြည့်ဖောင်းလာတဲ့
ကျွန်မရဲ့ဗိုက်ကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
ကျွန်မပြုံးပြုံးလေးနဲ့ စာရွက်ပေါ် လက်မှတ်ထိုး လိုက်ပြီး မောင့်ဆီ
စာရွက်ကို တွန်းပို့လိုက်တယ်။

“လူဒီ….မင်း ကိုယ်ဝန်ရှိနေပြီ ?”
အမေသေဆုံးသွားပြီးတဲ့နောက် ဒါဟာ ပထမဆုံးအကြိမ် ကျွန်မကို
မောင်စကားပြောခြင်းပါ။ ကျွန်မမျက်လုံးကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး။
ပါးပြင်ပေါ်ကို မျက်ရည်တွေ တရဟောစီးကျလာခဲ့တယ်။

“ဟုတ်တယ်…ဒါပေမယ့် ကိစ္စမရှိဘူး….ရှင် သွားလို့ရပြီ”
မောင် ထွက်မသွားခဲ့ဘူး။ အမှောင်ထဲမှာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်
စိုက်ကြည့်လို့….မျက်ရည်တွေ မောင်ပါးပြင်ထက် စီးကျလို့ လာခဲ့တယ်။
အရာအားလုံးဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ…ဝေးလွန်းလို့ ကျွန်မ

အပြေးလိုက်ခဲ့လဲ ဖမ်းဆုပ်လို့ မရခဲ့တော့ပါဘူး။

“မောင်မှားသွားတယ်”လို့ တောင်းပန်စကားက ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိ
မောင်ဆီက ကျွန်မကြားခဲ့ ရတယ်။ အစတော့ ကျွန်မဟာ ခွင့်လွတ် နားလည်တတ်သူ
တစ်ယောက် ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ်ထင်ခဲ့ မိတာ…အခုတော့

မဟုတ်ခဲ့ပါလား။ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ အေးစက်မာကျောတဲ့
မောင့်အကြည့်တွေ ဒီတစ်သက် ကျွန်မ ဘယ်လို မေ့လို့ရနိုင်မလဲ….?

(၄)
ဒီအဖြစ်အပျက်မှာ ကျွန်မရဲ့သေးငယ်တဲ့ မတော်တဆ အပြုအမူတစ်ခုကို မောင်က
တမင်သက်သက် ကြီးထွား အောင် ပြုလုပ်ခဲ့တယ်။ အေးစက်တဲ့ ဒီအကြည့်တွေ

အရည်ပျော်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ နှလုံးသား ကိုယ်စီမှာ
ဒဏ်ရာတွေက အထပ်ထပ် ထင်ကျန်ရစ်ခဲ့ပြီလေ။ ဗိုက်ထဲက ကလေးကို စဉ်းစားမိတိုင်း
ရင်ကို နွေးထွေးစေခဲ့ပေမယ့် မောင့်ကို ကျွန်မအေးတိအေးစက်ပဲ ဆက်ဆံခဲ့တယ်။
မောင်ကျွေးတာတွေ မစားဘူး၊ မောင်ဝယ်တာတွေ မယူဘူး၊ မောင်နဲ့လဲ

ကျွန်မစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟိုစာရွက်ပေါ် ကျွန်မလက်မှတ်
ထိုးပြီးကတည်းက လက်ထပ်ခြင်းနဲ့ ချစ်ခြင်းဆိုတာ ကျွန်မဘ၀မှာ
လုံးဝပျောက်ဆုံးသွားခဲ့ရတယ်။ အိပ်ခန်းထဲ မောင်ဝင်လာရင်
ကျွန်မဧည့်ခန်းဖက်ကို ရှောင်တယ်။ နောက်တော့ မောင် အမေ့ခန်းမှာပဲ

အိပ်တော့တယ်။

ည…မောင့်အခန်းက ညည်းသံတိုးတိုးလေးကို ကျွန်မကြားလိုက်မိတယ်။ ဒါဟာ
မောင့်အကျင့်ပေါ့။ အရင်က ကျွန်မစိတ်ကောက်ရင် မောင်က ဖျားချင်ဟန်ဆောင်ပြီး
ညည်းပြတတ်တယ်။ မောင်တကယ်ဖျားနေတယ် အထင်နဲ့ စိုးရိမ်တကြီး

ပျာရာခတ်နေတတ်တဲ့ ကျွန်မကို မောင်က ပွေ့ဖက်ရင်း တဟားဟား အော်ရီတတ်တယ်။
အဲဒီတုန်းက မောင့်ကိုစိုးရိမ်တာဟာ အချစ်စိတ်ကြောင့်ဆိုတာ
မောင်မေ့နေခဲ့ပြီလား…? အခုတော့…… ကျွန်မမှာ အဲဒီအချစ်တွေ
မရှိတော့ပါဘူး။

မောင့်ညည်းသံက ကျွန်မ မွေးဖွားရက်အထိ ရက်ရှည်ခဲ့တယ်။ ကလေးအသုံးအဆောင်
ပစ္စည်းတွေ မောင်နေ့တိုင်း ၀ယ်ပြန်ခဲ့တယ်။ ကလေးစာအုပ်တွေ၊ စားစရာတွေ

တစ်ထုပ်ပြီး တစ်ထုပ် အိမ်ထဲမှာ တောင်ပုံရာ ပုံပါပဲ။ မမြင်ရသေးတဲ့
ရင်သွေးအတွက် အဲဒီလို ပုံစံနဲ့ ကျွန်မစိတ်ပြန်လည်လာအောင်
မောင်ကိုင်လှုပ်ခဲ့တယ်။ ကျွန်မရဲ့စိတ်တွေ မာကျောသွားပြီ မောင်။ မောင်ကို
စကားလဲမပြော၊ ဂရုလဲ မစိုက်ခဲ့တဲ့အတွက် မောင်ဟာ သူ့အခန်းထဲမှာပဲ

ပိတ်လှောင်ပြီး ကွန်ပျူတာနဲ့ စာတွေ တစ်ချောက်ချောက်ရိုက်နေခဲ့တယ်။
မောင်ဘာလုပ်နေမလဲ…? ကျွန်မ နည်းနည်းမှ စိတ်မ၀င်စားခဲ့တော့ပါဘူး။

ဒီလိုနဲ့ လတွေကြာခဲ့တယ်။ ညတစ်ညမှာ ဗိုက်ထဲထိုးပြီး နာလာလို့
ကျွန်မအော်လိုက်တဲ့ အသံကိုကြားတော့ မောင်ဟာ မြှားတစ်စီးရဲ့အလျှင်လိုပဲ

ကျွန်မအခန်းထဲ ပြေးဝင်လာခဲ့တယ်။ ဒီလိုနေ့မျိုးကိုပဲ မောင်စောင့်နေ ခဲ့တယ်
ထင်တယ်။ ကျွန်မကို ထမ်းပိုးပြီး အိမ်ထဲကနေ အပြေးထွက်ခဲ့တယ်။
ကားတစ်စီးဌားပြီး တစ်လမ်းလုံး ကျွန်မရဲ့လက်ကို တင်းတင်းဆုပ်ကိုင်လို့
နှာဖူးပေါ်ကျလာတဲ့ ချွေးတွေကို မောင် သုတ်ပေးနေခဲ့တယ်။ ဆေးရုံ ရောက်တော့

သားဖွားမီးယပ်ဆောင်ဖက် ကျွန်မကို ထမ်းပိုးပြီး မောင်အပြေးသွားနေခဲ့တယ်။
မောင်ရဲ့ပိန်လှီတဲ့ နောက်ကျောကိုမှီရင်း ကျွန်မခေါင်းထဲ
အတွေးတစ်ချို့ဝင်လာခဲ့တယ်။ မောင့်လောက် ကျွန်မအပေါ် ဘယ်သူက
ချစ်နိုင်ဦးမလဲ…. ? မီးဖွားခန်းထဲ တွန်းဝင်သွားတဲ့ ကျွန်မကို

တံခါးဝမှာ ရပ်ပြီး မောင်ကြည့်နေခဲ့တယ်။ နာတာကို အောင့်အီးပြီး မောင့်ကို
ကျွန်မ ပြုံးပြလိုက်မိတယ်။

ကျွန်မနဲ့သားလေးကို ကြည့်ပြီး မောင်မှာ ကြည်နူးမဆုံး
တပြုံးပြုံးဖြစ်နေတော့တယ်။ မောင့်လက်ကို ကျွန်မ ဆုပ်ကိုင်လိုက်တယ်။

ကျွန်မကို မောင်တစ်ချက်ပြုံးပြပြီး ရုတ်တစ်ရက် မောင်ပျော့ချွေပြီး
လဲကျသွားတယ်။ မောင်…………နွမ်းနယ်တဲ့ မောင့်မျက်လုံးတွေကို
ပြန်ဖွင့်မလာသေးဘူး။ မောင့်အတွက် မျက်ရည်တွေ ကုန်ခဲ့ပြီလို့ ထင်ခဲ့တဲ့
ကျွန်မ တစ်ကိုယ်လုံး ဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်။ တာဝန်ကျ ဆရာဝန်က

မောင်ရဲ့အသဲ ကင်ဆာဟာ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်တဲ့အကြောင်း၊
မောင်အခုထိ တောင့်ခံနိုင်ခဲ့တာ ထူးဆန်းမှု တစ်ရပ်ဖြစ်ကြောင်း
ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ ၅လကတည်းက မောင်မှာ အသဲကင်ဆာရှိကြောင်း
သိခဲ့ရတယ်တဲ့…. အားလုံးကို ပြင်ဆင်ထားတော့လို့ ဆရာဝန်က ကျွန်မကို

နှစ်သိမ့်ခဲ့တယ်။

နပ်စ်တားတာကို ကျွန်မဂရုမစိုက်တော့ဘူး။ ဆေးရုံကဆင်းပြီး အိမ်ကို
ကျွန်မပြန်ခဲ့တယ်။ မောင့်အခန်းထဲဝင်ပြီး ကွန်ပျူတာကို
ကျွန်မဖွင့်လိုက်တယ်။ မောင့်ရောဂါကို စသိတာ လွန်ခဲ့တဲ့ ၅လကတဲ့..
မောင်ညည်းသံတွေက တကယ်ပေါ့။ ကွန်ပျူတာထဲမှာ သားအတွက် မောင်ရေးထားခဲ့တဲ့

စာတွေ…..
သား…သားကြောင့် ဖေဖေအခုချိန်ထိ တောင့်ခံခဲ့တယ်။ သားမျက်နှာကို
မြင်ပြီးမှ ဖေဖေလဲကျသွားပါစေ ဖေဖေကျေနပ်တယ်။ သားဘ၀မှာ ပျော်ရွှင်တာတွေ၊
စိတ်ညစ်တာတွေ ကြုံရဦးမယ်ဆိုတာ ဖေဖေသိတယ်။ သားရဲ့ကြီးပြင်းလာမယ့်
လမ်းတစ်လျောက်မှာ ဖေဖေသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပျော်စရာ

ကောင်းလိမ့်မလဲ.. ဖေဖေမှာ ဒီလိုအခွင့်အရေးတွေ မရှိတော့ဘူး သားရယ်။
သားဘ၀မှာ ကြုံတွေ့တတ်ရမယ့် မေးခွန်းတွေအတွက် ဖေဖေစာတွေရေးခဲ့တယ်။
ဖေဖေအကြံပြုချက်ကို သားမှီငြမ်းနိုင်ပါစေ။ ဖေဖေရဲ့ ဒီစာတွေနဲ့
သားကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ အဖော်လုပ်နိုင် လိမ့်မယ်လို့

ဖေဖေယုံကြည်တယ်။ ဖေဖေ အရမ်းပျော်တယ်သား။ သားမေမေ့ကိုလည်း သိပ်ချစ်တယ်။
သူအရမ်းပင်ပန်းနေပြီ။ သူဟာ သားကိုသိပ်ချစ်တဲ့ မိခင်တစ်ယောက်၊
ဖေဖေသိပ်ချစ်တဲ့ မိန်းမတစ်ယောက်ပေါ့ကွယ်။

သားမူကြိုကျောင်း တက်တာကအစ ဘွဲ့ရပြီး အလုပ်ဝင်တဲ့အထိ နောက် ချစ်သူရည်းစား

ထားတဲ့အထိ သားအတွက် မမြင်ရသေးတဲ့ အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ တသီတကုံး
မောင် ရေးထားခဲ့တယ်။

ကျွန်မအတွက် စာမှာတော့…
လူဒီ…ဒီတစ်သက် မောင့်အတွက် အပျော်ရွှင်ဆုံးဟာ လူဒီကို
လက်ထပ်ခဲ့ခြင်းပါပဲ။ လူဒီကို ဒဏ်ရာတွေ ရစေခဲ့တဲ့ မောင့်ကို

ခွင့်လွတ်ပေးပါ။ ရောဂါကို ကွယ်ဝှက်ထားခဲ့တဲ့ အတွက်လည်း ခွင့်လွတ်ပေးပါ။
သားလေးမမွေးခင် လူဒီကို စိတ်မထိခိုက် စေချင်လို့ပါ။ ဒီစာကို ဖတ်ရင်း
မျက်ရည်ကျခဲ့မယ်ဆိုရင် မောင့်ကို ခွင့်လွတ်ပြီပေါ့နော်… မောင့်ကို
ချစ်နေသေးတဲ့အတွက် ကျေးဇူးပါ လူဒီ…. ဒီလက်ဆောင်တွေက မောင်ကိုယ်တိုင်

သားလေးကို မပေးနိုင်တော့ပါဘူး။ လူဒီကပဲ နှစ်တိုင်း မောင့်ကိုယ်စား သားကို
ပေးပေးပါနော်။ ဘူးပေါ်မှာ လက်ဆောင်ပေးတဲ့ နှစ်ရက်လတွေကို ရေးဖို့
မမေ့ပါနဲ့…လူဒီ။

မောင်က မေ့မျော့နေဆဲပါ။ သားကို ကျွန်မပွေ့ပြီး မောင့်ရင်ခွင်ထဲ

ထည့်ပေးလိုက်တယ်။ ” မောင်… မျက်လုံး လေးဖွင့်ပြီး တစ်ချက်လောက်
ပြုံးလိုက်ပါလား မောင်… မောင်ရင်ငွေ့ကို သားတစ်သက်
မှတ်မိသွားစေချင်လို့ပါ” ကျွန်မအသံကြောင့်ထင်တယ် မျက်လုံးကို မောင်အားယူ
ဖွင့်လိုက်တယ်… ယဲ့ယဲ့လေး ပြုံးလို့ သားကမောင့် ရင်ခွင်မှာ လက်ကလေးကို

ဟိုရမ်းဒီရမ်းနဲ့… ကျွန်မ ကင်မရာ ရှပ်တာကို အမြန်ဆုံး နှိပ်ချလိုက်တယ်။
မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလို့ လာခဲ့ပြန်ပါတော့တယ်။

ပြီးပါပြီ

*ပြောစရာရှိတဲ့ စကားကို ရင်ထဲ အကြာကြီး မထည့်ထားမိဖို့၊ ကိုယ်ချစ်တဲ့သူကို

အကြာကြီး စိတ်ကောက်မိရင် သေးငယ်တဲ့ ပြဿနာဟာ ပိုကြီးလာ တတ်တဲ့အကြောင်း၊
ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် ယူကြုံးမရနိုင်တဲ့ အထင်လွဲ မူတွေ ဖြစ်လာတတ်တဲ့
အကြောင်း ဒီဇာတ်လမ်းက ပြောပြသွားခဲ့ပါတယ်။ မနက်ဖြန်
ဘာဖြစ်လာနိုင်မလဲ….? ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့ကိစ္စတွေဟာ အစားထိုး

အလျော်ပြန်မရနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကို အကြာကြီး
စိတ်မကောက်ကြပါနဲ့လို့။

[Reference: from a forward mail]

လမ်းခွဲဇယား

ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။

မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့ ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။
တစ်ကယ်ကို ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော ထွက်လာခဲ့တယ်။
ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင် အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။
သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့ မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။
ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့် သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ်နေခဲ့ကြတယ်။

" လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွက်လည်း ကျမ မတောင်းပန်နိုင်ဘူး...." လို့သူမပြောခဲ့တယ်။
ကျနော်တို့ အတန်ကြာဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ် လက်စွပ်လေးကို ချွတ်လိုက်တယ်။
ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ ပြောစရာစကား ရှားပါးနေခဲ့တယ်။

" ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်.." တဲ့။ ကျနော် သတိဝင်လာပြီး သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။

" ကိုယ်တို့ စာရင်းရှင်းကြရအောင်..." ကျနော်ခပ်တိုတို ပဲပြောပြီး အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။

" လမ်းခွဲဇယား "

1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။ (Sony Ericsson Handset = 150$)
2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )
3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )
4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )
5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )
6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )
7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့ စိုက်ထားတာ ( 50 $ )
( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )
8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့ သူမရဲ့သူငယ်ချင်းအတွက် 20 $ )
9. Phone Card ဖိုး ( Total 5 cards = 8x5= 40$ ) ( Date မမှတ်မိတော့...)
10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

" ချစ်သူအတွက်နှစ်ချုပ် "

စုစုပေါင်း ရည်းစားသက်တမ်း - June to December ( 7 Months )
စုစုပေါင်း ကုန်ကျငွေ - 702 $
Remarks - ရည်းစားသက်တမ်း ၇ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။
( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍ သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ )


" ဟင်..နင်..နင်.." သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။

" နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ...." လို့ကျနော် သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08
နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။

" 975$ and 50cents...ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ...." တဲ့။

" ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ၀ယ်လိုက်တာလေ..."

" ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်..." သူမပြောနေရင်း မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ " ကို "
ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို သူမမျက်နှာထားတင်း လာပြန်တယ်။

" အေး ..ကောင်းပြီလေ....ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ အားလုံးလွဲလိုက်မယ်..." သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။

" ကျန်သေးတယ်...." ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။

" ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ..." သူမနှုတ်ခမ်းတွေ တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။

" လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက အမှတ်တရ ပေးခဲ့တဲ့ဟာမလား..."

သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့ ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။
မိုးတွေကလည်း သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ လိုပဲ။
သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။

" ခဏ..ခဏ..."

သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့ တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။
သူမပါးမှာ မိုးရေတွေလား၊ မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး။

" ထီးလည်း ပြန်ပေးခဲ့ဦး..."

" ဘာ !!!!!! "

သူမ ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို မိုးရေထဲမှာ ယိုင်လဲသွားခဲ့ တော့တယ်။

--------------------------------------။။။။။။။---------------------------------------------------

ခုတော့ ဒီအကြောင်းတွေကို ကျနော်တို့ရဲ့ မြေးတွေ၊ မြစ်တွေ အထိနှစ်ယောက်သား ဟာသ ပြောဖြစ်နေကြ ဦးမှာပါလေ။
စာဖတ်သူမောင်ဘွား မိတ်ဆွေတွေလည်း ချစ်သူက လမ်းခွဲမယ်ဆို ထုတ်သုံးဖို့ လက်နက်လေးပြင်ဆင် ထားကြဦးနော့။
ဒါမှ ချစ်သူကို အကြွေးနဲ့သိမ်းလို့ ရမှာ။

[Reference: from a forward mail]

ကိုယ်ချင်းစာစိတ် (ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များအသင်း ဆိုဒ်မှကူးယူမျှဝေသည်)

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစ ရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ
သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။
ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာမျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။
ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။
ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။
လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။ တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊ ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊ ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။
အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။ တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။ ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။
ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။ ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။
ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…
အောင်ဦး(ဓမ္မရသ)

Cho Pyone~ Mel Zar Myine

ပျော်ရွှင်ခြင်းဆိုတဲ့ ပန်းတစ်ပွင့်

(၁)

ပန်းချီဆရာတစ်ဦးဖြစ်ဖို့ ငယ်ငယ်လေးတည်းက ကျွန်မစိတ်ကူးခဲ့တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ကျွန်မ ပန်းချီပဲဆွဲနေခဲ့တယ်။ ပန်းချီဆွဲတာကို နှစ်သက်စွဲလမ်းတဲ့ကျွန်မကို ဖေဖေက ပန်းချီဆရာတစ်ဦးဆီ အပ်ပေးခဲ့တယ်။ ကျွန်မဆွဲတဲ့ပန်းချီကို ကြည့်ပြီး ပန်းချီဆရာက ကျွန်မကိုမေးတယ်။

"သမီး... ဘာဖြစ်လို့ ပန်းချီဆွဲသင်ရတာလဲ?"

"ပန်းချီဆရာတစ်ဦးဖြစ်ချင်လို့ပါ"

"ပန်းချီဆွဲသင်တဲ့သူတိုင်း ပန်းချီဆရာ မဖြစ်ဘူးနော် သိလား? ပန်းချီဆွဲနေတဲ့အချိန် သမီး ပျော်လား?"

"ပျော်တယ်"

"ပျော်ရင် ပြီးတာပဲ!"

ပန်းချီဆရာက လောကမှာ ပန်းနှစ်မျိုးရှိကြောင်း ကျွန်မကိုပြောပြတယ်။ ပထမပန်းတစ်မျိုးက အသီးသီးနိုင်တယ်။ နောက်ပန်းတစ်မျိုးက အသီးမသီးနိုင်ဘူး။ ဒါပေမယ့် အသီးမသီးနိုင်တဲ့ပန်းက ပိုလှတယ်။ ဥပမာ - နှင်းဆီပန်းလိုပေါ့။ နှင်းဆီပန်းဟာ လှပမွှေးကြိုင်တယ်။ သူဟာ အသီးမသီးနိုင်လို့ဆိုပြီး လှလှပပ ပွင့်လန်းနိုင်တဲ့အပျော်ကို လက်မလွတ်ခဲ့ဘူး။

လူတွေကလည်း ပန်းနဲ့တူတယ်။ လူတစ်မျိုးက စီးပွားရေး အလုပ်အကိုင်တွေနဲ့ ကြီးပွားအောင်မြင်နိုင်တယ်။ နောက်လူတစ်မျိုးက ဘာကြီးကြီးမားမား အောင်မြင်မှုတွေမရှိဘူး။ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။ သာမန်လူဆိုပေမယ့် ရင်ထဲမှာ ပျော်ရွှင်မှုရှိမယ်။ မျက်နှာပေါ်မှာ အရယ်အပြုံးတွေရှိမယ်ဆိုရင် သူဟာ နှင်းဆီပန်းလိုပဲ လှပမွှေးကြိုင်နိုင်တယ်။ လူတကာရဲ့ အားကျနှစ်သက်တာကို ခံနိုင်ပါတယ်။

ပန်းချီဆရာအိမ်ကနေ ကျွန်မ မထွက်ခွာခင် ပန်းချီဆရာက ကျွန်မပုခုံးကို ပုတ်ပြီး "ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပျော်ရွှင်တဲ့လူကမှ ပျော်ရွှင်တဲ့ဘဝကိုရတယ်။ ပျော်ရွှင်တဲ့လူကမှ ဘဝရဲ့ပျော်ရွှင်တဲ့ နေရောင်ခြည်ကို ရနိုင်တယ်... သမီး" လို့ ပြောခဲ့တယ်။

(၂)

တစ်ခုသော နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့ ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။ ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့ သူပြန်ဖြေတယ်။ ချိပ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို မျှားနေတာပါလို့ ပြန်ဖြေတယ်။

ကောင်မလေးစကားကြောင့် သူငယ်ချင်းတစ်ယောက်ရဲ့အပြောကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီသူငယ်ချင်းက ငါးမျှားရတာကို နှစ်သက်သူဖြစ်တယ်။ ငါးမျှားဖို့ မနက်အစောကြီး သူထွက်သွားတတ်ပြီး ညနေမှ အိမ်ပြန်တတ်တယ်။ တစ်ခါက ပုခြုပ်ထဲ ငါးတစ်ကောင်မှမပါဘဲ လေတချွန်ချွန်နဲ့ ငါးမျှားရာကနေ သူပြန်လာခဲ့တယ်။ ဒါကို တခြားသူငယ်ချင်းတစ်ယောက်က "ခင်ဗျား တစ်နေ့ကုန်ငါးထိုင်မျှားတာ ငါးတစ်ကောင်မှ မရခဲ့တာတောင် ခင်ဗျားပျော်နိုင်တာပဲနော်" လို့ မေးခဲ့တယ်။

"ငါးမျှားချိပ်ကို ငါးမဟပ်တာ ငါးနဲ့ပဲဆိုင်တယ်။ ကျွန်တော်ကတော့ ပျော်ရွှင်ခြင်းတွေကို တစ်နေကုန် ထိုင်မျှားခဲ့တယ်"လို့ သူပြန်ဖြေပါတယ်။ တကယ့်မျှားသူတွေအတွက် အကောင်းဆုံးငါးဟာ ပျော်ရွှင်ခြင်းတွေပဲဖြစ်တယ်။

"ကောင်းကင်မှာ ငှက်တွေရဲ့ခြေရာ ထင်ကျန်မနေခဲ့ဘူး။ ဒါပေမယ့် ငှက်တွေ ပျံသန်းကြတယ်" ဒီကဗျာကို ဖတ်ခဲ့ရတုန်းက ကဗျာဟာ အရမ်းလှတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်နေရာမှာ လှနေမှန်း ကျွန်မ မပြောတတ်ခဲ့ဘူး။ အခုချိန်ကျမှ အဲဒီသူငယ်ချင်းရဲ့ကိုယ်ပေါ်ကနေ ဒီကဗျာရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်လိုက်တယ်။ "ပျံသန်းရတဲ့ ရည်ရွယ်ချက်က ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို ခံစားဖို့ဖြစ်တယ်"

အဲဒီလိုပဲ ဘဝဟာလည်း ကျွန်မတို့ပျော်ရွှင်ခဲ့တဲ့ ခြေရာကိုချန်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ပျော်ရွှင်ခဲ့ဖို့ လိုတယ်။ ဘဝအတွက် အကောင်းဆုံးငါးဆိုတာ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ မျှားတတ်ရမယ်။

(၃)

သိပ်မကြာခင်က Icelandအကြောင်း မိတ်ဆက်ရေးသားထားတဲ့ စာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရတယ်။ Icelandရဲ့တည်နေရာက ချမ်းအေးတဲ့ Atlantic သမုဒ္ဒရာရဲ့ မြောက်အရပ်မှာဖြစ်တယ်။ အဲဒီနေရာရဲ့ ၁၃%ဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာပေါ်မှာ မီးရှင်တောင်တွေ အများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်လည်းဖြစ်ခဲ့တယ်။ ဆောင်းရာသီမှာ ညတာရှည်ပြီး တစ်နေ့မှာ နာရီ(၂ဝ)လောက်ဟာ မှည်းမှောင်နေတယ်။ ဒါပေမယ့် Icelandမှာနေထိုင်သူတွေဟာ သေဆုံးနှုန်းနည်းပြီး ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။

ဆိုးရွားတဲ့ ရာသီဥတု ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ Iceland လူတွေဟာ သေဆုံးနှုန်းနည်းပြီး ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့သလဲ?

ဒီလိုအမေးကို အဖြေရှာဖို့ အမေရိကန်က The Gallup Organization ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ(၁၈)နိုင်ငံမှာနေထိုင်တဲ့ ပြည်သူလူထုတွေကို ရွေးပြီး လေ့လာဆန်းစစ်ခဲ့တယ်။ နောက်ဆုံးရလဒ်က Iceland မှာနေထိုင်သူတွေဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူတွေဖြစ်နေတာကို တွေ့ခဲ့ရတယ်။ Iceland က မေးမြန်းခံရသူပေါင်း ၂သိန်း၇သောင်းမှာ ၈၂%ရှိလူတွေဟာ သူတို့ရဲ့နေထိုင်မှုတွေကို သူတို့အားရကျေနပ်ကြောင်း ဖော်ပြခဲ့တယ်။ Iceland က လူတွေအသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ ပျော်ရွှင်လို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဟာ ဘဝမှာ အကောင်းဆုံး ဆေးတစ်လက်ဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ဘဝမှာ ပွင့်လန်းတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။ အဲဒီပန်းပွင့်ဟာ ကျွန်မတို့ရဲ့ အိုမင်းရင့်ရော်ခြင်းကို တုံ့နှေးစေသလို ကျွန်မတို့ရဲ့ စိတ်နှလုံးကိုလည်း ကြည်နူးအေးချမ်းစေတယ်။ ဘဝရဲ့ အခက်အခဲကြားကနေ လောကရဲ့လှပတဲ့နေရောင်ခြည်ကိုလည်း တွေ့မြင်စေနိုင်ပါတယ်။

http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20080102/1710.html

နိုင်းနိုင်းစနေ

ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ

ဘဝမှာ တချို့ကအကောင်းမြင်သူ (ပျော်ရွှင်တဲ့သူ)၊ တချို့က အဆိုးမြင်သူ (မပျော်ရွှင်သူ)အဖြစ် ကျွန်တော်တို့တွေ့နေရတယ်။ ဒါဟာ ဘာကြောင့်လဲ? တကယ်တော့ လောကကြီးက ဘာမှပြောင်းလဲမသွားဘူး။ လူတွေရဲ့စိတ်နေသဘောထားက ပြောင်းလဲနေလို့ဖြစ်တယ်။

တလောက ဒိုးနပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းပုဒ်တစ်ခုကို ကျွန်တော်တွေ့ခဲ့တယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "အကောင်းမြင်သူနဲ့ အဆိုးမြင်သူရဲ့ခြားနားချက်ဟာ အရမ်းသေးငယ်လွန်းတယ်။ အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က အပေါက်ကိုဖြစ်တယ်" တိုတိုတုတ်တုတ်နဲ့ ဟာသနှောတဲ့ ဒီစာကြောင်းက ပျော်ရွှင်ခြင်းရဲ့ သဘာဝတရားကို ဖော်ပြနေတယ်။

တကယ်တော့ လူတွေရဲ့မျက်စိနဲ့ မြင်တဲ့အရာတွေဟာ အရာဝတ္ထုရဲ့ လုံးလုံးလျားလျား ပုံသဏ္ဌာန်ကို မဟုတ်ဘူး။ သူတို့မြင်တာက သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ ပုံစံကိုပဲဖြစ်တယ်။ အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ လိုချင်တာချင်း မတူကြဘူး။ ရှာဖွေတာချင်း မတူကြဘူး။ ဒါကြောင့် တူတဲ့အရာဝတ္ထုတစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာ ကွဲပြားပြီး မတူတဲ့ စိတ်သဘောထားနှစ်ခု ဖြစ်ကြရတယ်။

တစ်နေ့မှာ ရတနာအရောင်းဆိုင်က အရောင်းကောင်တာမှာ ကျွန်တော်ရပ်နေခဲ့တယ်။ စာအုပ်တွေထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ကောင်တာပေါ် ကျွန်တော်ထင်ထားတယ်။ တအောင့်နေတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညားနဲ့ လူတစ်ယောက်ဝင်လာတယ်။ ကောင်တာရှေ့မှာရပ်ပြီး ရတနာတွေကို သူကြည့်တယ်။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်တာပေါ် တင်ထားတဲ့ ကျွန်တော့်အထုပ်ကို နေရာရွေ့ပေးလိုက်တယ်။ အဲဒီမှာ အဲဒီလူဟာ ကျွန်တော့်ကို ဒေါသတကြီးနဲ့ ကြည့်ပြီး သူဟာဖြောင့်မတ်တဲ့သူ ကျွန်တော့်အထုပ်ကို အလစ်သုတ်တဲ့စိတ် တစ်စက်မှ မရှိဘူးလို့ပြောတယ်။ သူ့ကို ကျွန်တော် မယုံသင်္ကာဖြစ်တယ်ဆိုပြီး တံခါးကိုဆောင့်ပိတ်ပြီး ဆိုင်ထဲကနေ သူထွက်သွားခဲ့တယ်။ ကျွန်တော် အရမ်းအံ့သြမိတယ်။ ကျွန်တော် မတော်တဆပြုလိုက်တဲ့ သေးငယ်တဲ့ အပြုအမှုတစ်ခုက သူ့ကို အကြီးအကျယ် ဒေါသဖြစ်သွားစေခဲ့တယ်။ နောက်မှ ကျွန်တော်သုံးသပ်မိတာက သူနဲ့ကျွန်တော်ဟာ ခြားနားတဲ့ လောကကြီးထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘူး။ ခြားနားတာက သူနဲ့ကျွန်တော်ရဲ့ အရာဝတ္ထုတစ်ခုပေါ် မြင်တဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုမှာ ကျွန်တော်အိပ်ရာက ထတာနဲ့ စိတ်မကြည်ဖြစ်ခဲ့တယ်။ ဒီတစ်နေ့ကို ခါတိုင်းလိုပဲ သမားရိုးကျ အလုပ်တွေနဲ့ ဖြတ်ကျော်ရဦးမယ်။ လောကကြီးက ပျင်းရိငြီးငွေ့စရာ ကောင်းလိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ မြို့ထဲအလုပ်ရှိရာသွားဖို့ ကားတွေ ရှုပ်ထွေးများပြားတဲ့ လမ်းမပေါ်မှ ကားမောင်းရင်း ကျွန်တော်အလိုလို ဒေါသထွက်နေမိတယ်။ ဒီလောက်တုံးအတဲ့ ကားဆရာတွေဟာ ဘာဖြစ်လို့ ကားမောင်းလိုင်စင်ကို အလွယ်တကူ ရခဲ့ကြသလဲ? ကားကို အရမ်းမြန်လိုက်၊ အရမ်းနှေးလိုက်နဲ့ မောင်းနေတဲ့ကားဆရာတွေရဲ့ လိုင်စင်တွေကို သိမ်းလိုက်ကြဖို့ ကောင်းတယ်လို့ ကျွန်တော်တွေးနေမိတယ်။

အဲဒီနောက် လမ်းခွတစ်ခုမှာ ထရပ်ကားတစ်စီးနဲ့ ကျွန်တော့်ကား ပြိုင်တူရောက်ခဲ့တယ်။ ထရပ်ကားမောင်းသူကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ တွေးနေတာက "ဒီကောင် ကားကြီးမောင်းတယ်ဆိုပြီး တဟုန်ထိုး ရှေ့ကိုကျော်တက်တော့မယ်"။ ဒါပေမယ့် ထရပ်ကားဆရာဟာ ကားပြတင်းကနေ လက်ပြပြီး ရွှင်ပျတဲ့အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်နေခဲ့တယ်။ လမ်းခွကို ကျွန်တော်အရင်ကျော်ဖြတ်နေချိန် ကျွန်တော့်ဒေါသစိတ်တွေဟာ အလိုလိုနေရင်း ပျောက်သွားခဲ့တော့တယ်။ ကျွန်တော့်စိတ်တွေ ပေါ့ပါးလန်းဆန်းလာခဲ့တယ်။

ထရပ်ကားဆရာရဲ့ အပြုအမှုဟာ ကျွန်တော့်ကို အခြားလောကထဲ ရောက်သွားစေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘဲ သူ့နဂိုအတိုင်း တည်ရှိနေပါတယ်။ မတူတာက ကျွန်တော်ရဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။ လောကမှာ အသက်ရှင်နေသူအားလုံးလည်း ဒီလိုအဖြစ်အပျက်မျိုးကို ကြုံကြရလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ပျော်ရွှင်ခြင်းကိုရှာဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းဖြစ်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင် ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားကိုဖြစ်တယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝကို ကျွန်တော်တို့ရနိုင်မယ်။ ဒါဟာ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရလို့ ကျွန်တော်မြင်တယ်။

မူရင်း--http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20070811/650.html

နိုင်းနိုင်းစနေ

ခွင့်လွှတ်ခြင်းကို ရွေးချယ်သူ

အပိုင်း (က)

(၁)
သူမ... ကျွန်မလောက် ရုပ်မချောဘူး။
ကျွန်မထက် ပညာအဆင့်အတန်း မမြင့်ဘူး။
ဒါပေမယ့် ချစ်သူက ကျွန်မနဲ့သူမကြားမှာ ၂နှစ်ကြာလောက် လူးလားခေါက်ပြန် ကူးချည်သန်းချည် ပြုခဲ့တယ်။ တစ်နေ့မှာ ကျွန်မဆီ သူမရောက်လာပြီး နေရာလာလုခဲ့တယ်။ အဲဒီတခဏ ကျွန်မရဲ့နှလုံးသားတွေ သေလုလုဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ချစ်သူက ကျွန်မကို အတင်းအဓမ္မ တောင်းပန်ပြီး သူမရဲ့ဖြားယောင်းသွေးဆောင်မှုကို သူခံခဲ့ရကြောင်း၊ နောက်ပိုင်း ဘယ်လိုခွါခွါ ခွါမရခဲ့ကြောင်း ရှင်းပြတယ်။

ဒီကမ္ဘာပေါ်မှာ ဒီလိုမျိုးမိန်းမတွေ ရှိတတ်မှန်း ကျွန်မယုံကြည်တယ်။ အမှားကြောင့် စိတ်ပြန်လည်လာတဲ့ ချစ်သူကို ကျွန်မရွေးချယ်ခဲ့ပါတယ်။ သူ့စိတ်က အမြဲတမ်းကျွန်မဆီမှာပဲ ရှိကောင်းရှိပါလိမ့်မယ်။ ယောက်ျားအများ ကျူးလွန်တတ်တဲ့ အမှားတစ်ခုကို သူကျူးလွန်မိချိန် ကျွန်မသာ သူ့ကိုလက်လွတ်ခဲ့မယ်ဆိုရင် ဒီတစ်သက် ကျွန်မနောင်တရလို့ ဆုံးတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပြဿနာ ဖြေရှင်းပြီးနောက် ကျွန်မကို သူပိုချစ်၊ ပိုဂရုစိုက်လာခဲ့လို့ပါပဲ။ တစ်ခါတလေမှာ နောက်ဆုတ်ခဲ့တဲ့ ခြေလှမ်းလေးတစ်လှမ်းက ရှေ့တိုးဖို့ ခြေလှမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်။

(၂)
သူနဲ့ကျွန်မ အိမ်ထောင်သက် (၈)နှစ်ရှိခဲ့ပါပြီ။ အိမ်ထောင်သက် (၆)နှစ်ခွဲမှာ မပြေလည်မှုက ကျွန်မဘက် ခြေဦးလှည့်လာခဲ့တယ်။ ရုပ်ဖြောင့်တဲ့ ကျွန်မခင်ပွန်းဘေးမှာ ရုပ်စုံ၊ ရောင်စုံ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာ ကျွန်မအတွက် မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် သူမက ကျွန်မခင်ပွန်းကို ကောင်းကောင်းချုပ်ကိုင်နိုင်ခဲ့တယ်။ ကျွန်မအပေါ်ဆက်ဆံတဲ့ ခင်ပွန်းရဲ့အပြုအမှုတွေ တဖြေးဖြေး အေးစက်လာခဲ့တယ်။ ကျွန်မနှလုံးသားကို နာကျင်စေခဲ့တယ်။ ခင်ပွန်းကို ဒီအကြောင်း အလျှင်စလို ကျွန်မဘက်က စပြီးမမေးရဲခဲ့ဘူး။ အိပ်ဆေးအကူနဲ့ ကျွန်မအိပ်ခဲ့ရတဲ့ညတွေ မရေမတွက်နိုင်ခဲ့ဘူး။ စိတ်ဓာတ်တွေ၊ မျှော်လင့်ချက်တွေ အကုန်လုံး လဲပြိုခဲ့ရတယ်။

တစ်နေ့မှာ ကလေးကစားစရာတွေ တပွေ့တစ်ပိုက်နဲ့ ရုတ်တရက် ခင်ပွန်းပြန်ရောက်လာခဲ့ပြီး ကျွန်မကို သူနဲ့သူမအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့တယ်။ ခွင့်လွှတ်ခြင်းကို ကျွန်မရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ကျွန်မလိုချင်တဲ့ နောက်ဆုံးဇာတ်သိမ်းပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမက သူ့ထက်ချမ်းသာတဲ့လူကို ရွေးသွားခဲ့လို့ဖြစ်တယ်။ ကျွန်မရှေ့မှာ ကလေးတစ်ယောက်လို သူငိုကြွေးခဲ့တယ်။ သူ့ကြောင့် ကျွန်မရဲ့နှလုံးသား အစိပ်စိပ်အမွှာမွှာ ကွဲအက်ခဲ့ရသလို သူလည်းတစ်ခြားလူကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ပြီမဟုတ်လား...!

တစ်ခါတလေ သူမကို သူသတိရနေတတ်မယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဒီအတွက် သူသင်ခန်းစာ ကောင်းကောင်းရခဲ့လို့ သူ့ကိုဆက်ပြီး ကျွန်မအပြစ်မဆိုခဲ့တော့ဘူး။ တစ်ဘက်လူက အလံဖြူပြ အရင်နုတ်ထွက်ခဲ့ပေမယ့် ဒီအိမ်ထောင်ရေးစစ်ပွဲမှာ ကျွန်မအနိုင်ရခဲ့ပြီဆိုတာကို ကျွန်မကောင်းကောင်း နားလည်လိုက်တယ်။ ခွင့်လွှတ်ခြင်းကို ကျွန်မရွေးချယ်ခဲ့ပြီလေ.......

(၃)
သူဘီးချော်နေပြီဆိုတာကို သူ့ကွန်ပြူတာ ချက်ရွန်းထဲကတစ်ဆင့် ကျွန်မသိခဲ့ရတယ်။ ချက်ရွန်းထဲက ကောင်မလေးတစ်ယောက်နဲ့ သူချစ်နေတာ (၁)နှစ်ကျော်ကြာခဲ့ပြီ။ ကျွန်မ ခံစားခဲ့ရတယ်၊ နာကျင်ခဲ့ရတယ်။ ဘဝထဲက တကယ်လက်တွေ့ အချစ်တစ်ခုက စိတ်ကူးယဉ်ကမ္ဘာ အင်တာနက်ထဲက အချစ်လောက် ဘာကြောင့် မလေးနက်ခဲ့သလဲဆိုတာကို ကျွန်မနားမလည်နိုင်ခဲ့ဘူး။ ဒါပေမယ့် နာကျင်ခြင်းက ကျွန်မကိုလှုပ်နိုးခဲ့ပါတယ်။ အင်တာနက်အချစ်က အင်တာနက်ပေါ်မှာပဲရှိခဲ့တယ်။ သူ့ဘေးမှာ တကယ်ရှိနေတာက ကျွန်မမို့ ဆင်ခြေတွေပေးပြီး သူ့ကိုကျွန်မ လက်မလွတ်ခဲ့မိဘူး။ ခွင့်လွှတ်ခြင်းကို ကျွန်မရွေးချယ်ခဲ့ပါတယ်။

အချစ်နဲ့အချစ်ကြားမှာ သဲတစ်ပွင့်တောင် အဝင်မခံဘူးတဲ့...
အချစ်ထဲက ယောက်ျားနဲ့မိန်းမတို့ဟာ သာမန်လူတွေပါ။ သာမန်လူတွေ အမှားလုပ်ရင် နောင်တရပြင်ဆင်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ ရှိသင့်သတဲ့။ နောင်တရ၊ စိတ်ပြန်လည်လာသူကို သင်လက်လွတ်မလား? ပြုပြင်ဖို့ အခွင့်အရေး ပေးမလား?

မူရင်း... လန်ဒန်ထုတ် တရုတ်သတင်းစာ lgtes.com မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, February 24, 2011

ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ

လောကလူသားတို့သည် မိမိတို့ဘ၀တွင် အလိုမရှိ၊ မမြတ်နိုး၊ မနှစ်သက်၊ မတောင့်တ အပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးအမျိုးမျိုးတို့နှင့် ကြုံတွေ့လာရသောအခါ ဆင်းရဲဒုက္ခ ရောက်ကြရ၏။ ယူကြုံးမရ ဖြစ်ကြရ၏။ ဆောက်တည်ရာမရ ငိုကြွေးကြရ၏။ စိုးရိမ်ပူဆွေးကြရ၏။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိအောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြ၏။ ဤသို့ဆင်းရဲဒုက္ခ တွေ့ကြုံရ၍ မိမိကိုယ်တိုင် ကံနိမ့်နေခြင်းကို သိကားသိ၏။ သို့သော် ထိုနိမ့်နေသောကံကို မြင့်လာအောင် မည်သို့သောနည်းလမ်းဖြင့် ပြုလုပ်ရမည်ကို မသိ။ ကျော်လွှားရမည်ကို နားမလည်။ ပြုပြင်ရမည်ကို သဘောမပေါက်ကြချေ။
ထိုကြောင့် အားကိုးရာကို ရှာကြ၏။ ထိုသို့ရှာရာတွင် မိမိတို့ အမြဲကိုးကွယ်သော လောကုတ္တရာ ဗုဒ္ဓတရားတော်များကို မေ့လျော့ကာ လောကီ ဗေဒင်ဆရာကို အားကိုးကြ၏။ ဆည်းကပ်ကြ၏။ ယတြာချေကြ၏။ ယတြာဟူသည် အဘယ်နည်း?။ ယကြာဟူသည် ကောင်းဆိုး နှစ်တန်ကို ဖြစ်စေ ပျက်စေတတ်သည်ဟု အဓိပ္ပါယ် ရှိပါ၏်။ ကောင်းကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင် အောင်လည်း ဖန်တီးနိုင်သည်သာ။ ဆိုးကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင်အောင်လည်း ဖန်တီးနိုင်ပါသည်။ သို့သော် ရာနှုန်းပြည့် ပြုလုပ်နိုင်စွမ်းမည်ကား မဟုတ်ပါပေ။
ထိုသို့ယတြာချေရာတွင် အပြစ်ကင်းသော ယတြာချေနည်းဖြစ်လျှင် မထောင်းသာ၊ တော်သေး၏။ အကုသိုလ်အပြစ်ပြုလုပ်၍ ချေရသော ယတြာဖြစ်လျှင် “ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်ပို၍လေး” ဆိုသလို ယတြာချေကာမှ ယတြာမကျေ၊ မပေါ့ဘဲ၊ မကင်းပျောက်ဘဲ၊ ပိုဆိုးသောအဖြစ်မျိုး၊ ကြမ္မာဆိုးနှင့် ကြုံရကိန်းဆိုက်ပေတော့မည်။

ထာဝရ အေးငြိမ်းချမ်းသာရေးသို့။ ။
ဤနေရာ၌ ရေးပြလိုသော ယတြာသည် လောကီယတြာဖြစ်သော ဓာတ်ယတြာ၊ နတ်ယတြာ မဟုတ်။ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ဓမ္မယတြာပင် ဖြစ်ပါ၏။ ဓမ္မယတြာသည် တစ်ကြိမ်မျှသာ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းကို မရည်ရွယ်။ တစ်ဘ၀လုံး ဘေးအန္တရာယ် ကင်းငြိမ်းခြင်းမှသည် ထိုဘေအန္တရာယ်အပေါင်းမှ ထာဝရ ကင်းပျောက်၍ အေငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့တိုင် ဦးတည်သည်။ ထိုရည်ရွယ်ချက် ဦးတည်ချက်တို့ ထမြောက် အောင်မြင်ရန်အတွက် ဖော်ပြထားသော အချက်အလတ်တို့မှာ…..
“အဒွေစ္စ ၀စနာ ဗုဒ္ဓါ” “ဘုရားစကား အမှားမရှိ”
ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် လက်တွေ့အကျိုးရှိသည့် ဘုရားပေးသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖော်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ်များကို အကဲဖြတ်၍ လက်တွေ့ အသုံးချ ကြည့်အားဖြင့် ဦးတည်ချက်မှန်ကန်ကြောင်း တွေ့မြင် သိရှိနိုင်ပါသည်။
ဘေးအန္တရာယ်များ ကျရောက်လာခြင်းသည် အကျိုးတရားသာ ဖြစ်၏။ ဘေးအန္တရာယ် အဘယ့်ကြောင့် ဖြစ်ရသနည်း? ဟု အဖြေရှာရာတွင် အကြောင်းတရားကို တွေ့ရ၏။ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အကြောင်းဟူရာ၌ အနီးကပ်အကြောင်း (သန္တိကေနိဒါန်း) နှင့် အခြေခံအကြောင်း၊ သို့မဟုတ် ဝေးသောအကြောင်း (ဒူရေနိဒါန်း) ဟူ၍ရှိ၏။ ဘေးအန္တရာယ် ဟူသော အကျိုးတစ်ခု ဖြစ်ပေါ်လာရန်အတွက် အဖြစ်အပျက်၊ သတ၊္တိ ကိစ္စအမျိုးမျိုးတို့ ပါဝင်လျက်ရှိသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံလာရသောအခါ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အခြေခံအကြောင်းကိုသာ စူးစမ်း၍ ပျောက်ငြိမ်းအောင် လုပ်နိုင်မှသာလျှင် ဘေးအန္တရာယမျာ်း အမြစ်ပျက်နိုင်မည် ဖြစ်ပါသည်။ အကြောင်းမငြိမ်း၊ အမြစ်မပျက်ပါက တစ်မျိုးပြီးတစ်မျိုး လှည့်ပတ်ကာ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ ဘေးအန္တရာယ်ကင်းရေး အသိဉာဏ်သည် ဘေးအန္တရာယ် ကင်းရှင်းရုံသာမက၊ အသက်ရှည်၊ ကျန်းမာ၊ ချမ်းသာရေး အတွက်ပါ အသုံးကျသဖြင့် ထိုသို့သောအသိဉာဏ် ရင့်သန်အောင် အားထုတ်သင့်ပါ၏။ ဤသို့အားထုတ်ခြင်းသည် ဘေးအန္တရာယ်ဖြစ်၍ ဆင်းရဲ ဒုက္ခ ကြုံတွေ့ ခံစားရသလောက် ပင်ပန်းမည် မဟုတ်ပေ။

အန္တရာယ်။ ။
မိမိတို့ဘ၀၀ယ် ကြုံတွေ့လာရသည့် ဘေးအန္တရာယ်ဟူသော စကားလုံးကို ရှင်းပြပါဦးမည်။ “ဘေး”ဟူသည် “ဘယ”ဟူသော ပါဠိမှဆင်းသက်လာသော မြန်မာစကားဖြစ်၏။ မလိုလားအပ်သောအရာ၊ မချစ် မနှစ်သက်အပ်သောအရာ၊ ကြောက်စရာ၊ မုန်းစရာဖြစ်သော ဆင်းရဲဒုက္ခဟူ၍ အဓိပ္ပါယ်ရပါသည်။ “အန္တရာယ်” ဟူသည် “အန္တရာယ” ဟူသောပါဠိစကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်၏။ “အန္တရာယ” ဟူသည် “အန္တရာယ=အကြားကာလ”ဟု တိုက်ရိုက် သဒ္ဒါအနက်ရ၏။ “အကြားကာလ၌ ၀င်ရောက်လာကာ အကျိုးပေးတတ်သောအရာ” ဟူ၍ အဓိပ္ပါယ်ရ၏။
မည်သည့်အကြား ကာလနည်းဟူမူ မိမိတို့ဘ၀တွင် ယခင်ဘ၀က ပြုလုပ်ခဲ့ကြသော ကုသိုလ်၊ အကုသိုလ်ကံများလည်း ပါရှိကြမြဲတည်း။ ယခုဘ၀၌လည်း အသစ်ထပ်မံ ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်ကံများလည်း ရှိကြသည်သာ။ ထိုတွင် မိမိတို့ဘ၀၀ယ် ရှိပြီးသော ကုသိုလ်ကံတို့ နည်းလာ၊ ပါးလာသောအခါ အပေါက်အကြား ဖြစ်လာ၏။ ကြားကာလ ပေါ်လာ၏။ ထိုကုသိုလ်ကံတို့၏ ကြားကာလ၌ အကုသိုလ်ကံတို့က ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုသို့ကုသိုလ်ကံတို့၏ အကြား၌ ၀င်ရောက်ကာ အကျိုးပေးတတ်သော အကုသိုလ်ကံတို့၏ အကျိုးပေးဖြစ်သည့် မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများကို ဘေးနှင့် အန္တရာယ်ပေါင်းကာ “ဘေးအန္တရာယ်” ဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏။ ဆိုလိုခြင်းမှာ ကုသိုလ်ကံများ နည်းလာသောအခါတွင် အကုသိုလ်ကံက ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုအကုသိုလ်ကံတို့၏ အကျိုးပေးကို “ဘေးအန္တရာယ်” ဟုခေါ်ဆိုပါသည်။ ထိုအကုသိုလ်တို့၏ အကျိုးဟူသည် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး အမျိုးမျိုးတို့ပင် ဖြစ်ပါသည်။

အာပါတ်ဖြေနည်း။ အပြစ်ဖြေဖျောက်နည်း ။
ဝိနည်းပိဋကတ်၌ အာပါတ်သင့်လျှင် အာပတ်ဖြေနည်းရှိသကဲ့သို့ သဘာဝတရား၌လည်း ၀င်ပေါက်ရှိသလို ထွက်ပေါက်လည်း ရှိသည်သာတည်း။ ၀ိနည်း၌ ပါရာဇိကလို အာပတ်ကြီးများအတွက် အာပတ်ဖြေ၍မရ။ သို့သော် အပေါ့စား ပါစိတ်၊ ဒုက္ကဋ် စသော အာပတ်ငယ်လေးများ အတွက်မူ အာပတ်ဖြေ၍ရ၏။ ရဟန်းတော်များအတွက် အာပတ်ဖြေနည်း(ဒေသနာကြားနည်း)ကို ၀ိနည်းပိဋကတ် ပါဠိတော်တွင် ဗုဒ္ဓက အတိအကျ ဟောတော်မူခဲ့၏။ သဘာဝတရား၌လည်း နိယတမိစ္ဆာဒိဋ္ဌိကံ၊ ပဉ္စာန န္တရိယကံ ကြီးမျိုးတို့ကဲ့သို့ ကြီးလေးသောကံဝင်ပေါက်သို့ ၀င်မိလျှင် ထွက်ပေါက်မရှိချေ။ သို့သော် အကျိုးပေးမမြဲသော အပယိက သာမန်အကုသိုလ်အပေါက်သို့ ၀င်မိရာ၌မူ ထွက်ပေါက်ရှိပေသည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ လိမ်ညာပြောခြင်း၊ သေရည် အရက် သောက်ခြင်း စသောမကောင်းမှုတို့သည် အကုသိုလ်ဖြစ်၏။ အပြစ်ရှိ၏။ ဆိုးပြစ်များကို ဖြစ်စေနိုင်၏။ ဤကား အမှန်တရားတည်း။ ဤကား သဘာဝ၏ ၀င်ပေါက်တည်း။ သို့သော် သဘာဝ၏ ထွက်ပေါက်လည်း ရှိပေသည်။ ယင်းသဘာဝတရား၏ ၀င်ပေါက်ထွက်ပေါက်ကို မြတ်စွာဘုရားက အထင်အရှား ပြခဲ့ပြီး ဖြစ်ပါ၏။ ယင်းသဘာဝ၏ ထွက်ပေါက်ကား အခြားမဟုတ်။
၁။ ကံတို့၏ အကျိုးပေးသဘောကို သိရမည်။
၂။ သမ္မပ္ပဓါန် ဖြစ်အောင် လုပ်ရမည်။ ဤကား ထွက်ပေါက်တည်း။
ဤနည်းကို “လူအာပါတ်ဖြေနည်း”ဟုဆိုသော် ဖြစ်နိုင်သည်သာ။ လူတို့အတွက် အာပါတ်ဖြေနည်း (အပြစ်ဖြေနည်း)ဟူသော နာမည်ဖြင့် ဗုဒ္ဓက သီးခြား ဟောတော်မမူခဲ့သော်လည်း ဤသမ္မပ္ပဓါန်နည်းကို “လူအာပါတ်ဖြေနည်း” ဟု အမည်ပေးသော် ရနိုင်သည်သာတည်း။ ဤသမ္မပ္ပဓါန်နည်းသည်လည်း ဗုဒ္ဓဟောတော်မူခဲ့သော တရားပင် မဟုတ်ပါလော။ သို့သော်လည်း
သေးငယ်သော အပြစ်များဆိုလျှင် အာပတ်ဖြေနည်းဖြင့် ဖြေဖျောက်နိုင်ပါ၏။ ကြီးမားသော ပဉ္စာန န္တရိယကံ အပြစ်များကိုကား မည်သည့်နည်းနှင့်မျှ ဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။


ကံတို့၏ အကျိုးပေးခြင်း သဘော။ ။
ကံတို့၏သဘောသည် အကုသိုလ်ကံဖြစ်စေ၊ ကုသိုလ်ကံဖြစ်စေ တစ်ခုတည်းနှင့် အကျိုးမပေးနိုင်ပေ။ တစ်ခုတည်းဟူသည် အရှိန်အဟုန် အင်အားမရှိခြင်းကို ဆိုလိုလိုပါ၏။ (ပြုလုပ်ဆဲခဏ၌ ဖြစ်သောစိတ်သည် စိတ္တက္ခဏ တစ်ချက်သာဖြစ်၍ ချုပ်ပျောက်၏။ ဆက်ကာဆက်ကာ သတိရနေသောအခါ ထိုစိတ်သည် ဆက်ကာဆက်ကာဖြစ်၍ တိုးပွါး၏။)
(က) အထပ်ထပ်အပြန်ပြန် အထုံရ၍ (သတိရ၍) အားရှိရင့်ကျက်သောအချိန်၊
(ခ) မိမိထက် အားကောင်းသော အခြားသောကံတစ်ခုခုက မဖြတ်၊ မသတ်၊ မနှိပ်ကွက်နိုင်သောအချိန်၊
ဤ(၂)မျိုးသော အချိန်အခါတို့၌သာ အကျိုးပေးနိုင်လေသည်။
ဥပမာ။ ။လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို မပြတ်ပြလုပ်ခြင်း၊ မပြတ်သတိရခြင်း၊ မပြတ်သာယာခြင်းတို့ ရှိနေလျှင်သော်လည်းကောင်း၊ အခြားသော ကုသိုလ်ကံ တစ်ခုခုမျှ မရှိလျှင် သော်လည်းကောင်း၊ ထိုအခြအနေမျိုးတွင် ကိုယ်လုပ်ခဲ့သော အကုသိုလ်ကံက အကျိုးပေးတော့၏။ အကယ်၍ လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို ပြုလုပ်ပြီး မပြတ်အထုံပြုခြင်း၊ သတိရခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုသိုလ်ကံက ထိုမိမိပြုလုပ်ခဲ့သော အကုသိုလ်ကံကို ပယ်သတ်လိုက်လျှင်သော်လည်းကောင်း၊ အကျိုးပေးရမည့်အချိန် လွန်သွားလျှင် သော်လည်းကောင်း၊ ထိုမိမိ၏ အကုသိုလ်ကံသည် အဟောသိကံ (အချည်းနှီး) ဖြစ်သွားလေတော့သည်။ အကျိုးမပေးနိုင်သည့်ကံ ဖြစ်သွားသည်ဟု ဆိုလိုပါသည်။
ထို့ကြောင့် ကံတို့၏ အကျိုးပေးခြင်းသဘောကို “ရေများရေနိုင်၊ မီးများမီးနိုင်” ကဲ့သို့ မှတ်ယူရပါမည်။ မိမိဘ၀၀ယ် ကုသိုလ်ကံက များနေလျှင် ထိုများသောကုသိုလ်ကံက အရင်အကျိုးပေး၏။ အကုသိုလ်ကံက များနေလျှင် ထိုများသော အကုသိုလ်ကံက အရင်အကျိုးပေး၏။ ထို့ကြောင့် မိမိတို့ဘ၀တွင် မည်သည့်ကံက များနေသနည်း ပြန်လည် စဉ်းစားသင့်၏။ လူအများစု ထင်နေကြသည်ကား “မကောင်းသော အတွေးအကြံ၊ အပြော၊ အလုပ်တို့ကို မကြံ၊ မပြော၊ မလုပ်လျှင် မိမိဘ၀မှာ အကုသိုလ် မဖြစ်” ဟူ၍ ယေဘုယျ ထင်နေကြ၏။ သို့သော် ဤသည်လည်း တထစ်ကျ မှန်သည်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအလို ပိဋကတ်တော်အရ မွေးချိန်၊ သေချိန်၊ အိပ်ချိန်၌ ဖြစ်သောစိတ်ကို ၀ိပါက်စိတ် (၀ိပါက စိတ်)ဟုခေါ်၏။ ထိုဝိပါတ်စိတ်မှ လွဲ၍ ကျန်အချိန်များတွင် ကုသိုလ်၊ သို့မဟုတ် အကုသိုလ် တစ်ခုခုဖြစ်မြဲပင်တည်း။
အထက်မှာဆိုခဲ့သလို စိတ်ဆိုးခြင်း၊ ရန်ဖြစ်ခြင်းစသည်ဖြစ်လျှင် ဒေါသဖြစ်၏။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း စသည်ဖြစ်လျှင် လောဘတည်း။ မိမိတို့မှာ ထိုသို့သော လောဘ၊ ဒေါသတို့ မရှိကြ။ စိတ်ဆိုး စိတ်ယုတ်မာတို့ မရှိကြ။ ထို့ကြောင့် မကောင်းမှု အကုသိုလ်ကံတို့ မဖြစ်ဟူ၍ ထင်ကြ၏။ လောဘ၊ ဒေါသတို့သည်သာ အကုသိုလ်ကံများ မဟုတ်ကြ။ မသိခြင်း=မောဟ သည်လည်း အကုသိုကံပင်တည်း။ သို့ဖြစ်၍ မိမိမှာ လောဘ၊ ဒေါသ တရားတို့လို သိသာထင်ရှားစွာ မဖြစ်ဘဲ၊ ကျန်သော အချိန်၊ ဘယ်အရာဟု အတိအကျ မရှိသော ဝေလေလေ အချိန်များတွင်လည်း မောဟ အကုသိုလ်ကံ ဖြစ်နေသည်ဟု မှတ်ရပေမည်။ အတိအကျ ဆိုရသော် မိမိမှာ ကုသိုလ်ဖြစ်နေသလား၊ မဖြစ်သလားကိုသာ အဓိက ကြည့်ရပေမည်။ တစ်နေ့လုံးတွင် မိမိမှာ ကုသိုလ်မဖြစ်ဘူးဆိုလျှင် သေချာပေါက် အဲဒီအချိန်တွင် အကုသိုလ် ဖြစ်နေသည်ဟု တထစ်ကျ နားလည် သဘောပေါက်ရမည်။ ဤသို့ဆိုလျှင် လောကလူတို့တွင် ကုသိုလ်၊ အကုသိုလ် (၂)မျိုးတွင် အကုသိုလ်ဖြစ်သူများနေကြောင်း တွေ့မြင် သဘောပေါက် ကြပါလိမ့်မည်။

ဓမ္မယတြာ။ ။
အကယ်၍ မိမိမှာ မလိုလားအပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး တစ်မျိုးမျိုးကျရောက်လာလျှင် ကံနိမ့်နေပေပြီဟုကား လူတိုင်း သိကြပါ၏။ သို့သော် ထိုသို့သော အခြေအနေကို မည်သို့သောနည်းဖြင့် ကျော်လွှား လွန်မြောက်ရန် ပြုလုပ်ရမည်ကို နားမလည်ကြပေ။ ထို့ကြောင့် အားကိုးရှာမှားကာ ဗေဒင်ယတြာကို အားကိုးကြရခြင်း ဖြစ်ပါ၏။ ထိုယတြာသည် ဓမ္မနည်းကျကျဆိုလျှင် တော်ပါသေး၏။ ဓမ္မနည်းလမ်းမကျ၍ အပြစ်ရှိသော ယတြာချေနည်း ဖြစ်လျှင် ခက်ရချည်ရဲ့။
ဆိုလိုသည်မှာ မူလကမှ ကုသိုလ်ကံကနည်း၊ အကုသိုလ်ကံက များနေ၍ ကံနိမ့်ပြီး၊ မကောင်းသောအကျိုးပေးများ ကျရောက်နေရချိန်၊ ယတြာအချေမတတ်၍ အပြစ်ရှိသော ယတြာကိုသာ ထပ်မံပြုလုပ်မိပါက “ဗူးလေးရာ ဖရုံဆင့်” သလို ဖြစ်နေ၍ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ကိန်းဆိုက်ရောက်ပေတော့မည်။ မကောင်းသောကံကြမ္မာဆိုးများကို လက်ယက်ခေါ်သလို ဖြစ်နေပေတော့မည်သာတည်း။
ဗုဒ္ဓနည်းကျ ဓမ္မယတြာ ဟူသည် အခြားမဟုတ်ပေ။ ကံနိမ့်လျှင် ကံမြင့်အောင် ကံဆင့်ပေးရမည် ဖြစ်ပါ၏။ ကံဆင့်ခြင်းဟူသည် နိမ့်နေသော၊ နည်းနေသော ကုသိုလ်ကံတို့ မြင့်မားလာအောင်၊ တိုးပွါးလာအောင်၊ များပြားလာအောင် ထပ်မံပြုလုပ်ပေးခြင်းပင် ဖြစ်၏။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုကို ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်လျှင် အကောင်းဆုံးတည်း။ အကြောင်းမညီညွတ်၍ ကြီးကြီးကျယ်ကျယ် မပြုလုပ်နိုင်လျှင်လည်း ကိစ္စမရှိ။ ဥပမာ.. အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်ခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ကို မိမိတတ်နိုင်သမျှ ပြုလုပ်နိုင်၏။ ထိုသို့သော အခြေအနေဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့လာရပြီဆိုလျှင်၊ ကံနိမ့်သော အနေအထားမျိုး တွေ့မြင်လာရပြီဆိုလျှင် မိမိမှာ ကုသိုလ်ကံတို့ နည်းနေပြီ။ ရှိနှင့်ပြီးသော ကုသိုလ်တို့ဖြင့် လုံလောက်မှု မရှိတော့။ အခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးဖို့လိုနေပြီ ဆိုသည်ကို သဘောပေါက်နားလည်ရပေမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ကံအရှိန်အ၀ါ ကြီးမားလာလျှင် အကုသိုလ်ကံတို့သည် ရှောင်ခွါအဝေး ပြေးရမြဲ ဓမ္မတာပင်တည်း။

အဘိဓမ္မာအမြင်။ ။
အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ရသော် ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့၏ အကျိုးပေးသည် အင်းအားကြီးသောကံက အရင်အကျိုးပေးမြဲဓမ္မတာတည်း။ ကောင်းပြီ၊ ‘ကံ(၂)မျိုးလုံးသည် သူမသာ ကိုယ်မသာ အင်းအားညီမျှနေလျှင်ကော’ ဟု မေးစရာရှိ၏။ ထိုသို့သော အခြေအနေမျိုးဆိုလျှင် ကုသိုလ်ကံက သာမြဲ၊ အင်းအားကြီးမြဲ၊ အရင်အကျိုးပေးမြဲတည်း။
အဘယ့်ကြောင့်ဤသို့ဆိုရသနည်းဟူမူ..ကုသိုလ်ကံ၏သဘောတရားကို အဘိဓမ္မာ(၇)ကျမ်း၌ ပါဝင်သော ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဘုရားရှင်က “ကုသလံ အန၀ဇ္ဇသုခ၀ိပါက လက္ခဏာ၊ အကုသလ ၀ိဒ္ဓံသန ရသာ။” စသည်ဖြင့် ဟောထားပါသည်။ ကုသိုလ်ကံ(ကုသိုလ်) ဟူသည် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးတတ်ခြင်း လက္ခဏာရှိ၏။ အကုသိုလ်၏ အကျိုးပေးဖြစ်သော မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများ ကျရောက်ခြင်းတို့ကို တားဆီးခြင်း၊ ပယ်မြစ်ခြင်း၊ ဖျောက်ဖျက်နိုင်ခြင်း အစွမ်းသတ္တိရှိ၏ ဟူ၍ အဓိပ္ပါယ်ရပါသည်။
ဆိုလိုသည်မှာ ကုသိုလ်သည် ကောင်းသောအလုပ်ဖြစ်၏။ ထိုသို့ ကောင်းသောအလုပ်ဖြစ်၍ အပြစ်မရှိ။ မည်သူ့ကိုမျှ မထိခိုက်ပေ။ ကောင်းသောအလုပ်ဖြစ်၍ ကောင်းသောအကျိုးဖြစ်သည့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အန္တရာယ်ကင်း ဘေးကင်းခြင်း၊ လိုအင်ဆန္ဒ ပြည့်ဝခြင်း စသောအကျိုးတို့ကို ရရှိစေနိုင်ပါ၏။ မိမိမှာ ကုသိုလ်ကံအားကြီးနေလျှင် အကုသိုလ်ကံများ ရှိနေဦးတော့ အကျိုးပေးနိုင်စွမ်း မရှိတော့ပေ။ ကုသိုလ်ကံ၏ တားဆီး ပယ်သတ်မှုကြောင့် သေးငယ်သော အကုသိုလ်ကံများဖြစ်လျှင် လုံးဝကွယ်ပျောက်၍ အကျိုးမပေးနိုင်တော့သော “အဟောသိကံ” ဖြစ်သွားလေ၏။ ကြီးမားသောအကုသိုလ်ကံများဖြစ်လျှင် ချက်ချင်း အကျိုးမပေးနိုင်အောင်၊ ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် ကုသိုလ်ကံက ပြုလုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ကြပါကုန်။
သို့သော်လည်း ပဉ္စာန န္တရိယကံ (၁။အမိသတ်ခြင်း။ ၂။အဖသတ်ခြင်း။ ၃။ရဟန္တာသတ်ခြင်း။ ၄။ဘုရားရှင်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခြင်း။ ၅။သံဃာဂိုဏ်းကွဲအောင် ပြုလုပ်ခြင်။) ဟူသော ကြီးလေးသောကံများကို ကျူးလွန်မိသောသူသည်ကား ထိုအကုသိုလ်ကံတို့ကို ကုသိုလ်ကံတို့ဖြင့် ပယ်သတ်ခြင်း၊ တားမြစ်ခြင်းငှါ မတတ်စွမ်းနိုင်တော့ကြောင်းလည်း နားလည်ကြရပေမည်။

သမ္မပ္ပဓါန် ဖြစ်အောင်လုပ်နည်း။ ။
ပိဋကတ်(၃)ပုံကို အနှစ်ချုပ်လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးသာရှိကြောင်း ဗုဒ္ဓစာပေ လေ့လာသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ဗောဓိပက္ခိယတရားဟူသည် ဗောဓိဉာဏ်၏ အသင်းဝင်တရား၊ ဗောဓိဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်သော တရား(၃၇)ပါးဟု အဓိပ္ပါယ်ရ၏။ ထိုတွင် ပထမကား သတိပဋ္ဌာန်တရား(၄)ပါး၊ နှစ်ခုမြောက်ကား ယခုဆိုလတံ့သော သမ္မပ္ပဓါန်တရား (၄)ပါးပင်တည်း။ သမ္မပ္ပဓါန=သမ္မပ္ပဓါန်ဟူသည် ကြိုးစားအားထုတ်ကြောင်းတရား ဟုဆိုလိုပါ၏။ အရကောက်ယူသော် လုံ့လ ကြိုးကုတ် အားထုတ်မှု ၀ီရိယပင်တည်း။
ထို(၄)ပါးကား…
၁။ မပြုလုပ်ရသေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မပြုလုပ်မိစေရန် ကြိုးစား ရှောင်ကြဉ်ရမည်။
၂။ မပြုလုပ်ရသေးသော ကောင်းမှု ကုသိုလ်တရားတို့ကို ကြိုးစားပြုလုပ်ရမည်။
၃။ ပြုလုပ်ပြီးသော မကောင်းမှု အကုသိုလ်တရားတို့ကို မေ့ဖျောက်ပစ်ရမည်။
၎။ ပြုလုပ်ပြီးသော ကောင်းမှု ကုသိုလ်တရားတို့ကို တိုးပွါးအောင် ကြိုးစား၍ မပြတ်သတိရ အောက်မေ့နေရမည်။ ဤကား သမ္မပ္ပဓါန်တရား (၄)ပါး၏ သရုပ်ပင် ဖြစ်ပါသည်။ (သမ္မပ္ပဓါန၀ိဘင်း၊ အဘိ၊၂။ ပါ၊ ၂၁၆။)
ဤနေရာ၌ ဗုဒ္ဓဆိုလိုသော အဓိပ္ပါယကို အလွယ်မှတ်ရန်မှာ ကုသိုလ်နှင့်ပါတ်သက်၍ (၂)ချက်၊ အကုသိုလ်နှင့် ပါတ်သက်၍ (၂)ချက် မှတ်ရပါမည်။ အကုသိုလ်(၂)ချက်တွင်လည်း အတိတ်က ပြုခဲ့ပြီးသော အကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် အကုသိုလ်ဟူ၍ ခွဲခြားမှတ်သားပါလေ။ ထို့အတူ ကုသိုလ်သည်လည်း အတိတ်က ပြုခဲ့ပြီးသော ကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် ကုသိုလ်ဟူ၍ ရှိကြသည်သာတည်း။ ထိုတွင် အနာဂတ်တွင် မပြုလုပ်ရသေးသည့် အကုသိုလ်နှင့် ကုသိုလ်များသည် မကြုံတွေ့ရသေး။ မပြုလုပ်ရသေး၍ ကြုံလာလျှင် အကုသိုလ်ဖြစ်လျှင် ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမည်။ ကုသိုလ်ဖြစ်လျှင် ပြုလုပ်ဖြစ်အောင် ကြိုးစားရမည်။ ထို့ကြောင့် အနာဂတ် အကြောင်းအရာနှင့် ပါတ်သက်၍ အထူးရှင်းပြဖွယ် လိုမည်မထင်ပေ။
အတိတ်အကြောင်းဖြစ်သည့် ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ဖြစ်လျှင် ကြိုးစား မေ့ဖျောက်ပစ်ရမည်။ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေအောင် ကြိုးစားရမည်။ အဘယ့်ကြောင့် ဤသို့ဆိုသနည်းဟူမူ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ အမြဲသတိရနေလျှင် ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် တိုပွါးလာမြဲ ဓမ္မတာပင်တည်း။ သတိမရလျှင် မတိုးပွါးတော့ပေ။ ထို့ကြောင့် ‘အကုသိုလ်ဖြစ်လျှင် မေ့ပစ်၊ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေ’ ဟုဆိုခြင်း ဖြစ်ပါသည်။
မိမိပြုလုပ်ခဲ့ပြီးသော ကံပျက်ပျယ်စေရန်၊ သို့မဟုတ် လျော့ပါးစေရန်အတွက် သမ္မပ္ပဓါန်ဖြစ်အောင် ပြုလုပ်ရမည်မှာ……
၁။ လုပ်မိသည့်၊ သတ်မိသည့်ကိစ္စ၊ အကုသိုလ် အပြစ်များကို မေ့ပျောက်ပစ်ရန် ကြိုးစားရမည်။ မေ့ပစ်ရမည်။ စိတ်ထဲမှာ လုံးဝသတိမရလျှင် အကုသိုလ်ထပ်မပွါးပေ။ သတိရလျှင် သတိရတိုင်း ကိုယ်လုပ်ခဲ့သော အပြစ်များ၊ အကုသိုလ်များ ပို၍ပို၍ တိုးပွါးလာလေသည်။ သတိမရလျှင် တစ်ခါထဲပြတ်လေ၏။
၂။ ကုသိုလ်ကောင်းမှုကို မျာများပြုလုပ်ပေးရမည်။ ထိုမိမိပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို ထပ်ခါထပ်ခါ သတိရနေရမည်။ အထုံများလျှင် ကုသိုလ်များ တိုးပွါးလာ၍ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသကဲ့သို့ အကုသိုလ်များ ခေါင်းမထောင်နိုင်ပါချေ။
ဤနေရာ၌ ပိုမို ရှင်းလင်းစွာ နားလည်စေရန် သက်သေ သာဓကများနှင့်တကွ ရှင်းလင်းပြပါမည်။

သာဓက(၁) အနှစ်(၆၀)ကြာတရားအားထုတ်ခဲ့သော တောနေရဟန်း။ ။
တစ်ချိန်က တောထွက်ကာ တရားအားထုတ်နေသော ရဟန်းကြီး တစ်ပါးရှိခဲ့ပါ၏။ သူသည် တောထွက်ကာ တရားအားထုတ်လာသည်မှာ နှစ်ပေါင်း(၆၀)ပင် ကြာလာခဲ့ပေပြီ။ သို့သော် ပါရမီမရင့်ကျတ်သေး၍ တရားထူးကား မရရှိခဲ့ပေ။ တစ်နေ့သောအခါ အစားအစာအတွက် သစ်သီးသစ်ဥ ရှာဖွေထွက်ရာမှ အပြန်တွင် မိုးကြီးစွာ ရွာချခဲ့၏။ တောင်ကျချောင်းရေ ထိုးဆင်းလာသောအခါ ရဟန်းကြီးလည်း ထိုတောင်ကျရေနှင့် မျှောပါသွား၍ ကြောက်လန့်တကြား ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရာ သစ်ကိုင်းတစ်ခုကို ဆွဲမိပြီး၊ အသက်ဘေးမကာှး လွတ်မြောက်ခဲ့ပါ၏။ သို့သော် သူဆွဲကိုင်မိသော သစ်ကိုင်းမှာ ကျိုးပဲ့သွားခဲ့သောကြာင့် ရဟန်းကြီးမှာ အာပတ် အပြစ်သင့်ခဲ့လေသည်။
သူ၏ဘ၀၀ယ် တစ်စုံတစ်ခုသော အပြစ်မျှ မကျူးလွန်ခဲ့ဘူးသောကြောင့် ထိုသေးငယ်သော အပြစ်လေးသည် သူ့အတွက်မူ ကြီးလေးသော အပြစ်ကြီးအဖြစ် သူ၏စိတ်ဝယ် ထင်နေ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်းပင် ထိုအပြစ်ကို တွေးမြင်ကာ စိတ်မချမ်းမသာ ဖြစ်နေ၏။ ထိုအပြစ်လေးသည် ၀ိနည်းအပြစ်ဖြစ်သော်လည်း ကြီးမားသောအပြစ်ကား မဟုတ်ပေ။ အခြားသော ရဟန်းတစ်ပါးပါး ရှိပါလျှင် ဒေသနာကြားခြင်းဟူသော အာပတ်ဖြေခြင်းကို ပြုလုပ်ကာ ပြေပျောက်နိုင်သော အပြစ်ဖြစ်ပါ၏။ သို့သော် သူ၏အနားဝယ် ဒေသနာကြားရန်အတွက် ရဟန်းတစ်ပါးတလေမျှ မရှိခြင်းပင်တည်း။ ဤသို့အားဖြင့် ထိုရဟန်းကြီးသည် ထိုအာပတ်ဖြင့် စုတေသေလွန်သောအခါ တိရစ္ဆာန်မြွေဘ၀၀ယ် (၇)ရက်တာမျှ ဖြစ်ခဲ့ရလေ၏။
ဤဇာတ်တော်ကို ပြန်လည်သုံးသပ်ရလျှင် ထိုရဟန်းကြီးသည် သူကျူးလွန်ခဲ့သော အပြစ်သက်သက်ကြောင့် တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရခြင်းကား မဟုတ်ပါပေ။ ထိုသေးငယ်သော အပြစ်လေးကို မကုစား မပယ်ဖျောက်နိုင်ခြင်း၊ ထိုအပြစ်လေးကို အမြဲသတိရကာ နှလုံးမသာမယာ (၀ိပ္ပဋိသာရ၊ ကုက္ကုစ္စ) ဖြစ်နေခြင်းတို့ကြောင့် ထိုသေးငယ်သော အပြစ်လေးသည် ကြီးမားအစွမ်းထက်လာကာ အကျိုးပေးနိုင်သောကံအဖြစ်သို့ ရောက်ရှိုလာခြင်း ဖြစ်ပါသည်။

သာဓက(၂) ဘာသာခြား ကိုးကွယ်သော ဗေဒင်တတ် ပုဏ္ဏားကြီး။ ။
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပုဏ္ဏားးလင်မယား(၂)ယောက်ရှိ၏။ အသက်အရွယ်ရလာသော တစ်နေ့တွင် ပုဏ္ဏားကြီးသည် သူ၏ကံဇာတာကို သူကိုယ်တိုင် ပြန်လည် စစ်ဆေးကြည့်ခဲ့၏။ သူမကြာခင် အချိန်ကာလတွင် သေရမည်ကို တွေ့ရှိသိမြင်ခဲ့လေ၏။ ပုဏ္ဏေးးမကို ပြော၍ သူ၏ဇာတာ ကံကြမ္မာကို ကူညီစစ်ဆေး ကြည့်ခိုင်းသောအခါတွင်လည်း အဖြေကား အတူတူသာတည်း။ သူတို့တတ်သော ဗေဒင်ပညာဖြင့် ပုဏ္ဏားးကြီး မကြာခင် သေမည်ကိုကား သိ၏။ သို့သော် သေပြီးနောက် ဘာဆက်ဖြစ်မည်ကို မသိပေ။ ထိုမသိသောအရာကို သိချင်သောကြောင့် မြတ်စွာဘုရားထံသို့ ရောက်လာကာ လျှောက်ထားမေးမြန်းလေ၏။
ဘုရားရှင်ကလည်း “ပုဏ္ဏားကြီးသည် မကြာခင် သေလိမ့်မည်၏ သေပြီးနောက် မျောက်ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုက်၏။ ပုဏ္ဏားလင်မယားသည် အိမ်သို့ပြန်လာကာ တိုင်ပင်ကြ၏။ ပုဏ္ဏားကြီး သေပြီးနောက် မျောက်ဘ၀ရောက်သောအခါ နေစရာ၊ စားစရာစသည်တို့ အဆင်ပြေစေရန် တောအုပ်တစ်ခုတွင် ဥယျာဉ်ကြီး ပြုလုပ်ခဲ့လေသည်။ ထိုဥယျာဉ်တွင် နေစရာဇရပ်၊ စားစရာ ငှက်ပျောစသော စားပင်များ၊ သောက်စရာ ရေတွင်း ရေကန်များပါ ပြုလပ်ခဲ့လေသည်။ ထိုသို့ဖြင့် ပုဏ္ဏားကြီး သေမည်ဆိုသောအချိန်သို့ ရောက်လာ၏။ သို့သော် ပုဏ္ဏားကြီးကား မသေခဲ့ပေ။
ထို့သို့ဖြစ်လာသောအခါ မိမိတို့ဗေဒင် မှားယွင်းကြောင်းကိုတော့ သတိမရနိုင်။ ‘မြတ်စွာဘုရားဟောတာ မှားတယ်။ တို့မြတ်စွာဘုရားကို မုသာဝါဒ(လိမ်ပြောမှု)နှင့် စွပ်စွဲကြစို့’ဟု တိုင်ပင်ပြီး ကျောင်းတော်သို့ သွားကာ စွပ်စွဲတော့၏။ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး၊ အမှန်စင်စစ် အဲဒီအချိန်တွင် သင်သေရမည်ပင်။ သို့သော် သင်မသေခဲ့ခြင်း အကြောင်းကား သင်သည် တစ်ခုခုသော ကုသိုလ်ကံ (ကောင်းသော အလုပ်)ကို ပြုလုပ်ခဲ့ပါလိမ့်မည်။ သင် ဘာလုပ်ခဲ့ပါသနည်း” ဟု မေးမြန်းခဲ့၏။ ထိုအခါ ပုဏ္ဏားကြီး ပြန်ဖြေသည်ကား “မည်သည့် ကုသိုလ်ကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ သို့သော် သူလုပ်ခဲ့တာ တစ်ခုကား မျောက်ဘ၀ရောက်လျှင် စားဖို့ နေဖို့အတွက် ဥယျာဉ်တည်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည်တို့ကိုကား ပြုလုပ်ခဲ့ပါ၏” ဟု ပြန်လည် လျှောက်ထားခဲ့လေသည်။
ထိုအခါ မြတ်စွာဘုရားက ပြန်လည်ရှင်းပြခဲ့လေသည် “ပုဏ္ဏားကြီး၊ သင်ကတော့ မျောက်ဘ၀ရောက်လျှင် စားသောက်နေထိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သော်လည်း ထိုအလုပ်သည် ကောင်းသောအလုပ်( ကုသိုလ်ကံ) ဖြစ်၏။ ထိုသင်ပြုလုပ်ခဲ့သော ဥယျာဉ်တွင် ခရီးသွားများအတွက် တည်းခိုစရာ၊ နားနေစရာ၊ စားသောက် အပန်းဖြေစရာ ဖြစ်ခဲ့၏။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် သင်ပုဏ္ဏားကြီးသည် မသေဘဲ အသက်ရှည်ရခြင်းဖြစ်ကြောင်း” ရှင်းပြခဲ့လေသည်။
ဤသာဓကတွင် ပုဏ္ဏားကြီးပြုလုပ်ခဲ့သောကံသည် ကုသိုလ်ကံ အမည်ရရုံသာတည်း။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) မပါဘဲ ပြုလုပ်ခဲ့သောကြာင့်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ကုသိုလ်မည်ကာမျှသာ ဖြစ်သော ကုသိုလ်ကောင်းမှုသည်ပင် အသက်မသေအောင် အကျိုးပေးနိုင်သည်ဆိုလျှင် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) တို့နှင့် အတူတကွ ပြုလုပ်သော ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ကောင်မှုသည် မည်မျှအထိ အကျိုးပိုများမည်ကို တွေးကြည့်ရုံနှင့် နားလည်သဘောပေါက်နိုင်ပါသည်။

သာဓက(၃) အင်္ဂုလိမာလ၏ အကုသိုလ်ကံတို့ အဟောသိကံ ဖြစ်ပုံ။ ။
လူပေါင်းများစွာကို သတ်၊ လက်ညိုးများကို ဖြတ်ယူပြီး၊ ပန်းကုံးပြုလုပ်လျက် စုဆောင်း၍ လက်ညိုးပေါင်း တစ်ထောင်ပြည့်လျှင် ဆရာကို ကန်တော့မည့် လူဆိုးလူမိုက်ကြီး အင်္ဂုလိမာလ အကြောင်းကို လူတိုင်းကြားဖူးကြမည် ထင်ပါသည်။ သို့ဖြစ်၍ ဤဇာတ်တော်ကို အကျယ်မပြတော့ပြီ။
ဤဇာတ်တော်ကိုကြည့်လျှင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အင်္ဂုလိမာလသည် အဆုံးတွင် ဘုရားနှင့်တွေ့ပြီး၊ တရားထူးရကာ ရဟန္တာဖြစ်ခဲ့လေသည်။
သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့သည် ဘယ်သို့ရောက်သွားသနည်း။ အဘယ်ကြောင့် အကျိုးမပေးတော့ဘဲ၊ အဘယ်သို့သောနည်းဖြင့် အဟာသိကံ (အကျိုးပေးနိုင်စွမ်း မရှိတော့ဘဲ အချည်းနှီးဖြစ်သွားသောကံ) ဖြစ်သွားရသနည်း။ စဉ်းစားသင့်သောအချက် ဖြစ်ပါ၏။
အကြောင်းကား အင်္ဂုလိမာလသည် ပါရမီပြည့်ပြီးသော ပစ္ဆိမဘ၀ိကပုဂ္ဂိလ် (ဤဘ၀သည် သူ၏ နောက်ဆုံးဘ၀ဖြစ်ကာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်) ဖြစ်၏။ ထို့ကြောင့် သူသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးသည်နှင့် တပြိုင်နက် ရဟန္တာဖြစ်ခဲ့လေသည်။ သူရရှိခဲ့သော တရားထူး အရဟတ္တမဂ်က သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သောကြောင့် ထိုအကုသိုလ်ကံတို့သည် အဟာသိကံ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။
စာပေစကားဖြင့်ပြောရလျှင် သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်လိုက်ခြင်းကြောင့်ပင်တည်း။

ပယ်သတ်နည်း(၃)မျိုး။ ။
ဤနေရာတွင် ကုသိုလ်ကံတို့၏ ပယ်သတ်နည်း(၃)မျိုးကို နားလည်ရန် လိုမည်ထင်ပါ၏။
၎င်းတို့မှာ..
၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။
၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟူ၍ ပယ်သတ်နည်း(၃)မျိုးရှိပါသည်။

၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။ ။
ဥပမာ။ ။တရားထိုင်နေသောသူသည် တရားထိုင်နေစဉ် သမာဓိရ၍တည်ငြိမ်နေလျှင် ထိုသမာဓိရနေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ထိုနည်းတူ ဘုရားရှိခိုးခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် မိမိစိတ်သည် ဘုရားအပေါ် ကြည်ညိုသောစိတ်၊ တရားအပေါ် ၀ပ်းမြောက်မှု ပီတိစိတ် စသော ကုသိုလ်စိတ်ဖြစ်နေသမျှ အကုသိုလ်အပြစ်များကို ကာမာဝစရကုသိုလ်ကံက တဒင်္ဂ ပယ်သတ်ပြီးဖြစ်ကြောင်း မှတ်ယူနိုင်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။
၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
တရားအားထုတ်၍ ဈာန်တရားများရရှိသောသူသည် ထိုဈာန်တရားဖြစ်နေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ဈာန်တရားဟူသော မဟဂ္ဂုတ်ကုသိုလ်ကံက ထိုအကုသိုလ်အပြစ်တို့ကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်လိုက်သောကြောင့် ဖြစ်ပါသည်။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။
၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်း။
အင်္ဂုလိမာလ ကဲ့သို့ ရဟန္တာအားလုံးသည် သူတို့မှာရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ အကုသိုလ်တရားတို့ကို အရဟတ္တမဂ် (လောကုတ္တရာကုသိုလ်ကံ)က သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်သောကြာင့် ဖြစ်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။
မိမိတို့သည် ပုထုဇဉ်များဖြစ်ကြ၍ မိမိတို့လုပ်နိုင်စွမ်းသော ကာမာဝစရ ကုသိုလ်ကံကို ပြုလုပ်ကာ တဒင်္ဂပဟာန်နည်းဖြင့်သာ မကောင်းမှု အကုသိုလ်ကို ပယ်သတ်နိုင်ကြပါ၏။ ဈာန်ရသူတို့လို ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း၊ ရဟန္တာတို့လို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းကိုကား ဤဘ၀တွင် ပြုလုပ်နိုင်စွမ်းမည် မဟုတ်ပါ။ (အချို့ပါရမီရင့်သန်သူ ဖြစ်လျှင် ပြုလုပ်နိုင်စွမ်းသည်သာ။) သို့သော် ထိုသို့ဖြစ်သည့်အတွက် ၀မ်းနည်းဖွယ် မရှိပါပေ။ မိမိတို့ ပယ်သတ်ခဲ့သော ထိုတဒင်္ဂလေးများသည် စုပေါင်းကာ များပြားလာလျှင် ကျန်းမာ ချမ်းသာ ဘေးရန်ကွာမှု၊ ချမ်းသာငြိမ်းအေးမှုတို့သည်လည်း များပြားလာမည်သာတည်း။ ပျားကောင်းလေးများ၊ ခြကောင်လေးများကို အတုယူကာ ထိုသို့သော တဒင်္ဂလေးမှသည် ထာဝရအဆင့်သို့ရောက်အောင် မိမိ၏ပါရမီကုသိုလ်ကို အဆင့်မြှင့်၍ ရင့်သထက်ရင့်စေရန် ပါရမီဖြည့်ကျင့်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ထာဝရအေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်မသွေ ရောက်ရှိစေနိုင်သော နည်းမှန်လမ်းမှန် ဖြစ်၍ ဘေးအန္တရာယ် ကင်းဝေးစေသည့် ဗုဒဒ္ဓအလိုကျ ဓမ္မယတြာမှန်ကို ကိုယ်စီကိုယ်ငှ ကြိုးစားပြုလုပ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။ ။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)

ကျမ်းကိုး ။ ။နှစ်ဖက်လှ ဦးကျော်လွင် “ကျန်းမာရေးအတွက် မြတ်ဗုဒ္ဓဟောကြားချက်များ”
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ “အာပတ်နှင့် စုတေလျှင်”
အရှင်ဇနကာဘိဝံသ “အဘိဓမ္မတ္ထသင်္ဂဟ ဘာသာဋီကာ”
အဘိဓမ္မာ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ ဋီကာ။ ၀ိဘင်းအဋ္ဌကထာ၊ ဋီကာ။ ၀ိသုဒ္ဓိမဂ်။

[Reference: www.forverfriends.ning.com]

Wednesday, February 23, 2011

တန်ဖိုး

ဆယ်နှစ်တာရဲ့ တန်ဖိုးကို သိချင်ရင် အခုမှ ပူပူနွေးနွေး ကွာရှင်းပြီးကာစ ဇနီးမောင်နှံကို မေးကြည့်လိုက်ပါ။

လေးနှစ်တာရဲ့ တန်ဖိုးကို သိချင်ရင် ဘွဲ့ရတစ်ယောက်ကို မေးကြည့်ပါ။

တစ်နှစ်တာရဲ့ တန်ဖိုးကို သိချင်ရင် အတန်းတင်စာမေးပွဲ ကျထားတဲ့ ကျောင်းသားတစ်ယောက်ကို မေးကြည့်ပါ။

တစ်လတာရဲ့ တန်ဖိုးကို သိချင်ရင် နေ့မစေ့ လမစေ့ ကလေးကို မီးဖွားထားတဲ့ သားသည်အမေ တစ်ယောက်ကို မေးကြည့်ပါ။

တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ရဲ့ စာတည်းကို မေးကြည့်ပါ။

တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင် တွေ့ကြဖို့ ချိန်းထားတဲ့ ချစ်သူနှစ်ဦးကို မေးကြည့်ပါ။

တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင် ရထားဖြစ်စေ၊ ဘတ်စ်ကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ မမီလိုက်တဲ့ သူတစ်ယောက်ကို မေးကြည့်ပါ။

တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင် ပြေးပွဲတစ်ခုမှာ ဒုတိယဆုနဲ့ ကျေနပ်လိုက်ရတဲ့ သူကို မေးကြည့်ပါ။

[Reference: www.forverfriends.ning.com]

အထီးကျန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

လူတိုင်းအထီးကျန်မှုကို ခံစားဖူးကြမှာပါ။ တချို့က သူတို့ဘဝမှာ ဘယ်သူတစ်ဦး တစ်ယောက်မှ မရှိပေမယ့် နာကျင်မှု ဝေဒနာ၊ အထီးကျန်မှု ဝေဒနာကို မခံစားရပါဘူး။

ဒါဟာ တစ်ယောက်တည်းနေရတဲ့ ဘဝကို အသားကျနေလို့ပါ။ တချို့တွေကတော့ ပြင်ပလူ့အဖွဲ့အစည်းတွေ၊ သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေ ကြားမှာ ကျင်လည်ရင်း သူတို့ပိုင်ဆိုင်တဲ့ အချိန် တွေကို ကုန်လွန်စေကြပါတယ်။ အထီးကျန်တယ်လို့ ခံစားရသူတွေရဲ့ စိတ်နေစိတ်ထား ဟာ သူတို့စိတ်အခြေခံကို မပြည့်စုံခြင်းတွေနဲ့ ပြည့်နေပြီး လူတွေက သူတို့ကို ငြင်းဆန် နေတယ်လို့ ခံစားရကာ ဘယ်လိုမှ စိတ်ဟာ အံဝင်ခွင်ကျမဖြစ်တော့တာပါ။

စိတ်ပညာရှင် ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရ အထီးကျန်သူတွေရဲ့ စိတ်ဟာ စိတ်ဓာတ် ကျနေသူ တစ်ဦးလိုပါပဲ။ သူတို့ရဲ့ အထီးကျန်တဲ့ စိတ်ကြောင့် လူ့ပတ်ဝန်းကျင် အသိုင်း အဝိုင်းထဲမှာ ပေါင်းသင်းဆက်ဆံရေးတွေ လုံလောက်မှု မရှိတော့ပဲ ဖြစ်လာပါတော့တယ်။ အထူးသဖြင့် လူတစ်ယောက် အပေါ်မှာ မျှော်လင့်ချက်များစွာနဲ့ ပေါင်းသင်းဆက်ဆံသူတွေ ဟာ ဒီလို အထီးကျန်မှု ဝေဒနာကို ပိုပြီး ခံစားရတက်ပါတယ်။ မိမိက ခင်သလောက် ပြန်မခင်တာမျိုး၊ ကိုယ်ချစ်သလောက် ပြန်မချစ်ဘူးလို့ ထင်တာမျိုးတွေကြောင့် ကိုယ်တိုင်ပဲ စိတ်ထဲက ခံစားနေရတဲ့ တစ်ဖက်သတ် ခံစားမှုမျိုးပါ။ ဒီလို ခံစားမှုမျိုးက အချိန်ကြာလာရင် စိတ်ဘဝင်မကျမှုအပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလည်းလျော့နည်းလာတတ်ပါတယ်။

သင်ခံစားနေရတာကို မျှဝေခံစားပေးနိုင်မယ့် ဒါမှမဟုတ် အကြံပေးနိုင်မယ့် အဖော်သာမရှိရင် ပိုပြီးဆိုးရွားတဲ့ စိတ်ကျန်းမာရေးကို ဖြစ်ပေါ်လာစေပါတယ်။ အရမ်းခင်မင်ရတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခွဲခွာရချိန်တွေမှာ ပိုပြီး ခံစားကြရပါတယ်။ သင့်ဘဝမှာ ဒီလို အထီးကျန်မှုတွေ ပြေပျောက်နိုင်စေမယ့် နည်းလမ်းအချို့ ရှိပါတယ်။

လုပ်ငန်းခွင်မှာ အထီးကျန်ရင်

ဒါဟာ သင့်အလုပ်ပေါ်မှာ စိတ်ဝင်စားမှုနဲ့ ဆိုင်ပါတယ်။ သင်ဝါသနာပါတဲ့ အလုပ် ဖြစ်ဖို့လည်း လိုပါတယ်။ သင်ဝါသနာမပါတဲ့ အလုပ်ဆိုရင်တာ့ သင်ဝါသနာပါတဲ့ တခြားအလုပ်ကို အိမ်ပြန်ရောက်ချိန်မှာ ပြုလုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။

သင့်အဖော်ကြောင့် အထီးကျန်တယ်လို့ ခံစားရရင်

မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သင့်ကိုယ်ပိုင်ဘဝကို စတင်ပါ။ အမျိုးသားတိုင်းက အမျိုးသမီးတိုင်းရဲ့ လိုအပ်ချက်ကိုတော့ မသိနိုင်ပါဘူး။ အချို့အရာတွေက ကိုယ်တိုင် ပြောပြဖို့ လိုပါတယ်။ တချို့အမျိုးသားတွေကတော့ အိမ်ကို ပြန်လာလို့ သူတို့ကို ဂရုမစိုက်တဲ့ မိန်းမမျိုးနဲ့ ဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် တခြားပျော်စရာ နေရာတွေကို သွားပြီး စိတ်ကို ဖြေဖျောက်ကြမှာပါ။ အမျိုးသမီးတစ်ဦးအတွက် စိတ်ထွက်ပေါက်ကိုတော့ နားလည်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အဖော်နဲ့ ခံစားချက်တွေကို တိုင်ပင်နိုင်ဖို့ သီးသန့် အချိန် တစ်ရက်လောက်ယူပြီး ခံစားချက်တွေကို ဖွင့်ဟပြောဆိုပါ။

လူတစ်ယောက်ကို လက်ထပ်ဖို့ အသင့် မဖြစ်သေးတဲ့အခါ

အဓိကကတော့ သင့်ကိုယ်သင် ပြန်ပြီး မေးကြည့်ဖို့ပါပဲ။ ဒီကိစ္စကို သင်ဟာ တစ်ယောက်ထည်း ရှောင်ပုန်းနေမယ် ဆိုရင်တော့ သင်တစ်ယောက်တည်း အထီးကျန်မှုကို ခံစားနေရမှာပါ။ သင့်ခံစားချက်ကို သင်ကိုယ်တိုင် ပြန်မေးကြည့်ပါ။ “သူနဲ့ မတွေ့ရချိန်တွေမှာ သူ့ကို လွမ်းနေလား၊ သူမရှိရင် သင်ပျော်နေလား၊ သူ့ကို မြင်လိုက်ချိန်တိုင်း ကြည်နူးမိလား၊ သူနဲ့အတူ ဘဝတစ်လျှောက်လုံး လက်တွဲသွားရင် ပျော်ရွှင်မိမယ်လို့ ခံစားရလား၊ သူ့ကို လက်ထပ်ရင်ရော သူ့ဘက်က ဘယ်လို တုံ့ပြန်မလဲ၊ သူရဲ့ အပြုအမူအပေါ် သင်ဘယ်လိုတွေ ခံစားရလဲ” အဲဒီ မေးခွန်းတွေရဲ့ အဖြေတွေက သင့်ကို အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ပါလိမ့်မယ်။ ဒီအချက်တွေ အတွက် သင့်ဘက်မှာ လိုအပ်ချက်တွေ ရှိနေရင် ရှောင်ပုန်းမနေပါနဲ့။ ဒါဟာ အကောင်းဆုံး အကြောင်းပြချက်ပါပဲ။

မိသားစုနဲ့ ဝေးလို့ အထီးကျန်ခြင်း ခံစားရရင်

ကိုယ်ချစ်ခင် နှစ်သက်တဲ့သူနဲ့ အပြီးအပိုင် ခွဲခွာရတာဟာ ဖြေမဆည်နိုင်တဲ့ ဝမ်းနည်းမှုပါ။ ဒါပေမဲ့ လောကဖြစ်စဉ်ကို လက်ခံနိုင်ဖို့တော့ လိုပါတယ်။ ခဏတာ ခွဲခွာမှုအတွက် အထီးကျန်တယ်ဆိုရင် နောက်လည်း သွားတွေ့နိုင်ကြောင်း သင်သတိရပါ။ သင့်နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ တခြားသင်ဝါသနာပါတဲ့ အားကစားတွေ၊ စာဖတ်ခြင်းတွေ၊ ဂေါက်ရိုက်ခြင်းတွေ ပြုလုပ်ဖို့ အချိန်ပေးလိုက်ပါ။

ချစ်သူနဲ့ ခွဲခွာရလို့ အထီးကျန်ရင်

ရင်ထဲမှာ ခံစားနေရတာတွေကို စာရွက်တစ်ရွက်နဲ့ ချရေးလိုက်ပါ။ ကဗျာနဲ့ စာတွေကို သင့်စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ရေးချပြီး သတိရတိုင်း ပြန်ဖတ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး၊ ဂိမ်းကစားတာမျိုး ပြုလုပ်ပါ။ ရယ်စရာ ဟာသကားတွေ ကြည့်ပါ။

[Reference: www.forverfriends.ning.com]