တလောက ဒိုးနပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းပုဒ်တစ်ခုကို ကျွန်တော်တွေ့ခဲ့တယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "အကောင်းမြင်သူနဲ့ အဆိုးမြင်သူရဲ့ခြားနားချက်ဟာ အရမ်းသေးငယ်လွန်းတယ်။ အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က အပေါက်ကိုဖြစ်တယ်" တိုတိုတုတ်တုတ်နဲ့ ဟာသနှောတဲ့ ဒီစာကြောင်းက ပျော်ရွှင်ခြင်းရဲ့ သဘာဝတရားကို ဖော်ပြနေတယ်။
တကယ်တော့ လူတွေရဲ့မျက်စိနဲ့ မြင်တဲ့အရာတွေဟာ အရာဝတ္ထုရဲ့ လုံးလုံးလျားလျား ပုံသဏ္ဌာန်ကို မဟုတ်ဘူး။ သူတို့မြင်တာက သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ ပုံစံကိုပဲဖြစ်တယ်။ အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ လိုချင်တာချင်း မတူကြဘူး။ ရှာဖွေတာချင်း မတူကြဘူး။ ဒါကြောင့် တူတဲ့အရာဝတ္ထုတစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာ ကွဲပြားပြီး မတူတဲ့ စိတ်သဘောထားနှစ်ခု ဖြစ်ကြရတယ်။
တစ်နေ့မှာ ရတနာအရောင်းဆိုင်က အရောင်းကောင်တာမှာ ကျွန်တော်ရပ်နေခဲ့တယ်။ စာအုပ်တွေထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ကောင်တာပေါ် ကျွန်တော်ထင်ထားတယ်။ တအောင့်နေတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညားနဲ့ လူတစ်ယောက်ဝင်လာတယ်။ ကောင်တာရှေ့မှာရပ်ပြီး ရတနာတွေကို သူကြည့်တယ်။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်တာပေါ် တင်ထားတဲ့ ကျွန်တော့်အထုပ်ကို နေရာရွေ့ပေးလိုက်တယ်။ အဲဒီမှာ အဲဒီလူဟာ ကျွန်တော့်ကို ဒေါသတကြီးနဲ့ ကြည့်ပြီး သူဟာဖြောင့်မတ်တဲ့သူ ကျွန်တော့်အထုပ်ကို အလစ်သုတ်တဲ့စိတ် တစ်စက်မှ မရှိဘူးလို့ပြောတယ်။ သူ့ကို ကျွန်တော် မယုံသင်္ကာဖြစ်တယ်ဆိုပြီး တံခါးကိုဆောင့်ပိတ်ပြီး ဆိုင်ထဲကနေ သူထွက်သွားခဲ့တယ်။ ကျွန်တော် အရမ်းအံ့သြမိတယ်။ ကျွန်တော် မတော်တဆပြုလိုက်တဲ့ သေးငယ်တဲ့ အပြုအမှုတစ်ခုက သူ့ကို အကြီးအကျယ် ဒေါသဖြစ်သွားစေခဲ့တယ်။ နောက်မှ ကျွန်တော်သုံးသပ်မိတာက သူနဲ့ကျွန်တော်ဟာ ခြားနားတဲ့ လောကကြီးထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘူး။ ခြားနားတာက သူနဲ့ကျွန်တော်ရဲ့ အရာဝတ္ထုတစ်ခုပေါ် မြင်တဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။
အဲဒီအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုမှာ ကျွန်တော်အိပ်ရာက ထတာနဲ့ စိတ်မကြည်ဖြစ်ခဲ့တယ်။ ဒီတစ်နေ့ကို ခါတိုင်းလိုပဲ သမားရိုးကျ အလုပ်တွေနဲ့ ဖြတ်ကျော်ရဦးမယ်။ လောကကြီးက ပျင်းရိငြီးငွေ့စရာ ကောင်းလိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ မြို့ထဲအလုပ်ရှိရာသွားဖို့ ကားတွေ ရှုပ်ထွေးများပြားတဲ့ လမ်းမပေါ်မှ ကားမောင်းရင်း ကျွန်တော်အလိုလို ဒေါသထွက်နေမိတယ်။ ဒီလောက်တုံးအတဲ့ ကားဆရာတွေဟာ ဘာဖြစ်လို့ ကားမောင်းလိုင်စင်ကို အလွယ်တကူ ရခဲ့ကြသလဲ? ကားကို အရမ်းမြန်လိုက်၊ အရမ်းနှေးလိုက်နဲ့ မောင်းနေတဲ့ကားဆရာတွေရဲ့ လိုင်စင်တွေကို သိမ်းလိုက်ကြဖို့ ကောင်းတယ်လို့ ကျွန်တော်တွေးနေမိတယ်။
အဲဒီနောက် လမ်းခွတစ်ခုမှာ ထရပ်ကားတစ်စီးနဲ့ ကျွန်တော့်ကား ပြိုင်တူရောက်ခဲ့တယ်။ ထရပ်ကားမောင်းသူကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ တွေးနေတာက "ဒီကောင် ကားကြီးမောင်းတယ်ဆိုပြီး တဟုန်ထိုး ရှေ့ကိုကျော်တက်တော့မယ်"။ ဒါပေမယ့် ထရပ်ကားဆရာဟာ ကားပြတင်းကနေ လက်ပြပြီး ရွှင်ပျတဲ့အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်နေခဲ့တယ်။ လမ်းခွကို ကျွန်တော်အရင်ကျော်ဖြတ်နေချိန် ကျွန်တော့်ဒေါသစိတ်တွေဟာ အလိုလိုနေရင်း ပျောက်သွားခဲ့တော့တယ်။ ကျွန်တော့်စိတ်တွေ ပေါ့ပါးလန်းဆန်းလာခဲ့တယ်။
ထရပ်ကားဆရာရဲ့ အပြုအမှုဟာ ကျွန်တော့်ကို အခြားလောကထဲ ရောက်သွားစေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘဲ သူ့နဂိုအတိုင်း တည်ရှိနေပါတယ်။ မတူတာက ကျွန်တော်ရဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။ လောကမှာ အသက်ရှင်နေသူအားလုံးလည်း ဒီလိုအဖြစ်အပျက်မျိုးကို ကြုံကြရလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ပျော်ရွှင်ခြင်းကိုရှာဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းဖြစ်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင် ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားကိုဖြစ်တယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝကို ကျွန်တော်တို့ရနိုင်မယ်။ ဒါဟာ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရလို့ ကျွန်တော်မြင်တယ်။
မူရင်း--http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20070811/650.html
နိုင်းနိုင်းစနေ
No comments:
Post a Comment