Monday, June 17, 2013

စစ်မှန်တဲ့ ချစ်ခြင်း



သူ့အသက်က ၅၅နှစ်၊ သူ့နာမည်က Tony Leung (Tony Leung Ka Fai- 梁家輝)၊ အလုပ်အကိုင်က ဟောင်ကောင်နာမည်ရ ရုပ်ရှင်မင်းသား။
သူနာမည်မရခင်က စီးပွားရေးမပြေလည်ခဲ့ဘူး။ အဲဒီမှာ မိန်းကလေးတစ်ယောက်နဲ့သူ မြင်မြင်ချင်းချစ်ခဲ့ကြတယ်။သူစလုပ်နေတဲ့ သရုပ်ဆောင်အလုပ်ကို အဲဒီမိန်းကလေးက အားပေးကူညီခဲ့တယ်။ နောက်တော့ သူတို့မင်္ဂလာဆောင်ကြတယ်။ မင်္ဂလာဦးနေ့မှာ သူ့တစ်ကိုယ်လုံး ပိုက်ဆံ ၈ဝဝဝပဲရှိခဲ့တယ်။ "ငါ့ကိုယူလိုက်လို့ နင်နောင်တမရဘူးလား"လို့ မိန်းကလေးကို သူမေးတယ်။ မိန်းကလေးက "ငါနောင်တမရဘူး... အိမ်ထောင်ကျပြီးတဲ့နောက် နင်ငါ့ကို ဘယ်တော့မှ စိတ်ထိခိုက်ဝမ်းနည်းစေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"လို့ ရိုးရိုးရှင်းရှင်းတစ်ခွန်းပဲ ပြန်ဖြေခဲ့တယ်။

အဲဒီစကားကို သူ့နှလုံးသားထဲ စွဲစွဲမြဲမြဲမှတ်သားထားခဲ့မိတယ်။ ငါ့ကိုယုံကြည်တဲ့ မိန်းကလေးကို နောက်နောင် ဘယ်လိုအခြေအနေရောက်ရောက် ငါသစ္စာမဖောက်ဘူး၊ လက်တွဲမဖြုတ်ဘူးလို့ သူ့စိတ်ထဲ သံဓိဋ္ဌာန်ချခဲ့တယ်။

အဲဒီလိုနဲ့ သူတို့မှာ အမွှာသမီးလေးနှစ်ယောက်ထွန်းကားခဲ့တယ်။ သူ့ရဲ့ကြိုးစားမှု၊ မိန်းမရဲ့အားပေးဖေးမမှုတွေကြောင့် သူဟာ နာမည်ကြီးမင်းသားတစ်ဦး ဖြစ်လာခဲ့ပြီး ဆုတွေအမြောက်အများ ပိုင်ဆိုင်လာခဲ့တယ်။ နာမည်ရပြီး သူချောသထက်ချော၊ ခန့်သထက်ခန့်လာချိန် သူ့မိန်းမက အိုစာသထက် အိုစာလာခဲ့တယ်။
ငယ်ရွယ်စဉ်က အချောအလှစာရင်းဝင်ခဲ့တဲ့ သူ့မိန်းမဟာ အခုချိန်မှာ ပုံပျက်ပန်းပျက်၊ ဝဝတုတ်တုတ်၊ မပြင်မဆင်တတ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် မိန်းမရဲ့အပြင်ပန်းသဏ္ဍာန်က သူ့အချစ်ကို စိတ်မပျက်စေခဲ့ပါဘူး။ ဘယ်သွားသွား ဘယ်လာလာ လူပုံအလယ်မှာ မိန်းမလက်ကို သူရဲရဲတွဲပြီး သွားလာခဲ့ပါတယ်။ နာမည်ကြီးမင်းသားမို့ လူတွေက သူနဲ့သူမိန်းမကို အမျိုးမျိုးဝေဖန်၊ အမြင်တိမ်းကြပေမယ့် သူက "ကျွန်တော်မိန်းမက မိန်းမချောပါ။ အခုလည်း ကျွန်တော့်မျက်စိထဲမှာ သူချောတုန်း၊ လှတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမပါ။ သူ့ရဲ့ကောင်းကွက်တွေက ကျွန်တော်ရဲ့ကောင်းကွက်တွေကို လှုံ့ဆော်ပေးခဲ့တာပါပဲ။ သူမရှိရင် ချစ်စရာကောင်းတဲ့ ကျွန်တော်သမီးလေးနှစ်ယောက်လည်း ရှိမှာမဟုတ်သလို ဒီကနေ့လိုအောင်မြင်တဲ့ ကျွန်တော်လည်းရှိမှာမဟုတ်ပါဘူး။ သူဟာ ကျွန်တော့်ရဲ့ချစ်သူ၊
ကျွန်တော့်ရဲ့မိန်းမ၊ ကျွန်တော့်ရဲ့ကျေးဇူးရှင်ပါ"လို့ ပြောခဲ့ပါတယ်။ လူအများကတော့ ဒီလိုယောက်ျားမျိုးကို ပိုင်ဆိုင်ထားတဲ့ သူ့မိန်းမကို အားကျခဲ့ကြပါတယ်။

စစချင်းနှစ်တွေမှာ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တွယ်တာတာဟာ "အချစ်"ဖြစ်တယ်။
အဲဒီနောက် ၈နှစ် ၁ဝနှစ်ကျော်ကြာတဲ့အခါ အဲဒီအချစ်က မိသားစု "သံယောဇဉ်"အဖြစ်ပြောင်းသွားတယ်။
တကယ်လို့ နောင်အနှစ် ၃ဝ၊ ၄ဝမှာ သူ့လက်ကိုမြဲမြဲတွဲထားနိုင်သေးရင် ဒါဟာ တကယ့် "အချစ်စစ်"ဖြစ်တယ်။

Shared from Nine Nine Sanay (FB)

No comments:

Post a Comment