Friday, June 14, 2013

ဆင်ခံမြင်းခံဘုရားပြဿနာ

တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူ ကို ကုလားလူမျိုးတစ်ဦးက လာလှူ၏။

ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံဖြစ်၏။

ဆူးလေဘုရား ဂေါပဂအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှ မတွေ့ဖူးသဖြင့်

ဘုရားပေါ်တွင် အပူဇော်ခံ ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏။

ထို့ကြောင့် ဆူးလေစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏။

ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာတော်တစ်ပါးပင် ဖြစ်၏။

ကျန်ဆရာတော်များက

‘အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊ မြင်းခံဘုရားတို့တောင် ရှိနေပြီဟာပဲ၊

အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်းမဟုတ်တော့ပါဘူး’ ဟု မိန့်တော်မူကြ၏။

ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင်

စာရေးဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည်

သုတေသန သရုပ်ပြအဘိဓာန် ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာဘိဝံသထံသို့

ရဟန်းပရိတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏။

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။

“ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်။

ပိဋကိတ်သုံးပုံ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။

မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင် ဝေးဝေး

ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျှင်ကြွတာပဲများပါတယ်။

ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ ကြွပါတယ်။

ကောက်

တိရစ္ဆာန်ပေါ်ကို တက်စီးဖို့ မပြောနဲ့။ တိရစ္ဆာန် ကထားတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။

မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။

ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တဝါအား လုံးပေါ်မှာ အညီအမျှထားတော်မူတဲ့

‘မဟာကရုဏာတော်’ ကြောင့်ပဲဖြစ်တယ်။ ရိုးရိုးကရုဏာမဟုတ်ပါဘူး။

မဟာတပ်ထားတဲ့ ‘ကြီးကျယ်တဲ့ ကရုဏာ’ ပါ။

ဒီမဟာ ကရုဏာကြီးကြောင့်ပဲ လေးအင်္ချေကမ္ဘာတစ်သိန်း ကြာအောင် အဆင်းရဲအပင်ပန်းခံပြီး

ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တာပါ။

ဒီမဟာကရုဏာတော်ကြီးကို အလေးဂရုမပြုလို့ မရပါဘူး။

တိရစ္ဆာန်စီးနေတဲ့ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့်

မြတ်စွာဘုရားရဲ့ သတ္တဝါတိုင်းအပေါ်ထားတဲ့ မဟာကရုဏာတော်ကို ထိခိုက်စော်ကားရာ ရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး

‘ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ သနားကရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား’ ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင်

နောင် အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊ သမင်ခံတဲ့ရုပ်ပွားမျိုးတွေ အတော်မသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံတဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုက်ပါတယ်။

ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့်

ဂေါပဂလူကြီးများသည် ဥဒေါင်းကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်း သက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။


***ကောက်နုတ်ချက် ***

မေတ္တာရှင်(ရွှေပြည်သာ)

ထေရဝါဒမှတ်ကျောက် (နှာ- ၂၄~၂၆) မှ ကောက်နုတ်ရေးသားပါသည်။

Shared from ထေရ၀ါဒ ရနံ့ (FB)

No comments:

Post a Comment