Monday, June 24, 2013

လူ့ထက်တန်းစား ကျင့်ဝတ်များ... အပိုင်း (၁)


သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်

အသိပေးလွှာ။ ။ ဆိုခဲ့ပြီးသော ဗျဂ္ဃပဇ္ဇသုတ်တော်၌ ပစ္စည်းဥစ္စာတို့ကို ရှာဖွေစုဆောင်းနည်းနှင့် ဝင်လာနည်း ထွက်သွားနည်းတို့ကို အထူးအားဖြင့် ဟောတော်မူ၏။ ထို့ကြောင့် ’’သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း’’ ဟူသော ခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့ပါသည်။ ဤသိင်္ဂါလောဝါဒသုတ်တော်ကား သူဋ္ဌေးဖြစ်ကြောင်းထက်ပိုသော လောကထဲဝယ် လူတစ်ယောက် ရှိသင့်ရှိထိုက်သော လိုက်နာသင့်လိုက်နာထိုက်သောကျင့်ဝတ်တရားတို့ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုကြောင့် ဤသုတ်တော်ကို တင်ဆက်ရာ၌ ’’လူ့ထက်တန်းစား ကျင့်ဝတ်များ’’ အမည်ဖြင့် အပိုင်းလိုက် တင်ဆက်သွားပါမည်။ စောင့်မျှော်ဖတ်ရှုပါရန်။ (တစ်ဆင့်မျှဝေသူ- အရှင်ပုညဝံသ မဟာဂန္ဓာရုံ)

သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွားရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို ’’အဂတိဂမန- မလိုက်ထိုက်သည်ကို လိုက်ခြင်း- မပြုထိုက်သည်ကို ပြုခြင်း’’ဟု ခေါ်၏။ ထိုအဂတိသည် ’’ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိ’’ဟု လေးပါးရှိ၏။

ပစ္စည်းဝေရာ၌ ဘက်လိုက်ပုံ။ ။ နှစ်ယောက် သုံးယောက်မှ စ၍ အများဆိုင်ပစ္စည်းများကို ဝေဖန်ရာ၌ ချစ်သူအား ပို၍ ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။
(ဆန္ဒ- ချစ်ခြင်းကြောင့်+ အဂတိ- ဘက်မလိုက်ထိုက်သည်ကို+ ဂမန- လိုက်ခြင်း)
မုန်းသူအား လျော့၍ ပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ အနည်း အများ နားမလည် အဖိုးတန် မတန် နားမလည်သောကြောင့် တစ်ယောက်မှာ များ၍ အခြားတစ်ယောက်မှာ နည်းအောင် ဝေမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ပို၍ မပေးလျှင် ရန်လုပ်မည့်အတွက် ကြောက်သောကြောင့် ပို၍ပေးလျှင် ဘယာဂတိလိုက်ခြင်း မည်၏။
(မိမိပိုင်ပစ္စည်းကိုကား အလိုရှိသလို ပေးနိုင်၏။ ချစ်သူအား ပေးခြင်းကြောင့် ဆန္ဒာဂတိလိုက်သည် မမည်။ သို့သော် မိမိသားသမီး မိမိ တပည့်တို့အား ဝေ၍ ပေးရာ၌ကား အဂတိ မလိုက်မိအောင် သတိထားရသေး၏။)

ရာထူးခန့်ရာ၌ ဘက်လိုက်ပုံ။ ။ လူကို ရာထူးခန့်ရမည့်ကိစ္စ၌ပင် ကိုက ချစ်နေသောကြောင့်ဖြစ်စေ လာဘ်လာဘပေးသည့်အတွက် ယခုမှ ချစ်သောကြောင့်ဖြစ်စေ ချစ်သူအား ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်းမည်၏။ ပင်ကိုက မုန်းသောကြောင့်ဖြစ်စေ လာဘ်မပေးသောကြောင့်ဖြစ်စေ မုန်းသူအား ရာထူးမခန့်ခြင်း ရာထူးမတိုးခြင်း ရာထူးလျှော့ချခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ သူတို့၏ အရည်အချင်းကို မသိသောကြောင့် ခန့်သင့်သူ ရာထူးတိုးသင့်သူကို မခန့်ဘဲ မတိုးစေဘဲ မခန့်သင့် မတိုးသင့်သူကို ခန့်ခြင်း ရာထူးတိုးပေးခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

တရားဆုံးဖြတ်ရာ၌ ဘက်လိုက်ပုံ။ ။ တရားတွေ့သူနှစ်ဖက်တွင် နဂိုကဖြစ်စေ လာဘ်ကြောင့်ဖြစ်စေ ချစ်သူဘက်ကို အနိုင်ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။ ရှေးက ရန်သူဖြစ်နေ၍ (သို့မဟုတ်) ယခုတွေ့မှ အပြောမတည့်၍ (သို့မဟုတ်) လာဘ်မပေး၍ မုန်းသောကြောင့် အရှုံးပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ တရားအမှန်ကို နားမလည်၍ အရှုံးအနိုင်ပေးရာ၌ အမှားပေးမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် အနိုင်ပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

အဂတိလိုက်ခြင်း မလိုက်ခြင်း။ ။ လဆုတ်ရက်များ၌ လ၏အရောင်သည် တစ်နေ့တစ်ခြား ဆုတ်ယုတ်ကာ နောက်ဆုံးနေ့၌ ကွယ်ပျောက်သကဲ့သို့ အဂတိလိုက်သူ၏ အခြွအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့တခြား ဆုတ်ယုတ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားရ၏။ လဆန်းရက်များ၌ လ၏အရောင်သည် တစ်ရက်ထက် တစ်ရက် တိုးတက်လာသကဲ့သို့ အဂတိမလိုက်သူ၏ အခြွေအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်၍ လာနိုင်ပေမည်။

မောဟာဂတိ၏ ကြောက်ဖွယ်။ ။ မိမိကိုယ်ကို ဘက်မလိုက်သူဖြစ်အောင် သတိထား၍ စောင့်စည်းလိုသူသည် ဆန္ဒ ဒေါသ ဘယအတွက် ထိန်းသိမ်းနိုင်ဖွယ် ရှိသော်လည်း မောဟအတွက်ကား မစောင့်စည်းနိုင်ချေ။ ထို့ကြောင့် ကိစ္စတစ်စုံတစ်ရာ ကြုံလာလျှင် အရင်းခံအကြောင်းကို သိအောင် စုံစမ်းပြီးမှသာ ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်နိုင်မှ အမှန်ကို ပြုလုပ်ရာရောက်၍ မောဟာဂတိမှ လွတ်မြောက်ပေလိမ့်မည်။ ထိုမျှလောက် ကြိုးစားပါလျက် လွဲသွားလျှင်ကား မိမိ စွမ်းနိုင်သောအရာ မဟုတ်တော့။

ယခုခေတ်ဖြစ်ပုံ။ ။ ယခုခေတ်၌ကား ဆန္ဒာဂတိမှစ၍ အဂတိလိုက်မှု ဘက်လိုက်မှုတွေ များလှသောကြောင့် ဆိုင်ရာအလုပ်ကိစ္စ၌ တာဝန်ယူရသူများပင် ဂုဏ်သတင်း ကျော်စောခြင်း ပျက်ပြယ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားကြရလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်ဟု အယူရှိသူတို့သည် မတတ်နိုင်သော မောဟမှတပါး အခြား အဂတိလိုက်မှုများ မလိုက်မိအောင် ရှောင်ကြရပေလိမ့်မည်။

မှတ်ချက်။ ။ ရာထူးပေးရာ၌ အရည်အချင်းရှိသူက မိမိစကားကို နားထောင်မည့်သူ မဟုတ်၊ မိမိအလုပ်ကို ကူညီမည့်သူ မဟုတ်သောကြောင့် ထိုသူ့ကို မပေးဘဲ မိမိအလုပ်ကို ကူညီမည့်သူအား ပေးခြင်းမှာ ဘက်လိုက်ခြင်းဟု မဆိုနိုင်ပါ။

Shared from Ashin Ponnyavamsa (FB)

No comments:

Post a Comment