Saturday, November 1, 2014

လိုချင်တာ ရစေသော ဒါနအစွမ်းနှင့် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်နည်း


အရှင်တိဿမထေရ်မြတ်သည် တစ်ခါက စေတိယတောင် ဂိရိဘဏ္ဍာ မဟာပူဇာခေါ် ဘုရားမီးပူဇော်ပွဲ သံဃာဒါန အလှူပွဲကြီးတစ်ခုသို့ ကြွရောက်တော်မူရ၏။ ရဟန်းသံဃာများအား လောင်းလှူရန် လှူဖွယ်အမျိုးမျိုးတို့ကို ကြည်ညိုဖွယ် ခင်းကျင်းပြသထားသော နေရာသို့ ကြွသွားကာ -

" ဒကာတို့ ဒီထဲမှာ ဘယ်ဟာအကောင်းဆုံးလဲ " ဟု မေးတော်မူရာ သင်္ကန်းချုပ်ရန် ပိတ်စနှစ်ခု အကောင်းဆုံးဖြစ်ကြောင်း လျှောက်ထားလျှင် -

" အဲဒီ အကောင်းဆုံးပိတ်စနှစ်ခု ဦးပဉ္ဇင်းပဲ ရမှာပါ " ဟု ပြောဆိုထွက်သွား၏။ အမတ်ကြီးတစ်ဦးသည် ထိုသို့ပြောဆိုသည်ကို ကြားရသဖြင့် မထေရ်ငယ်တစ်ပါးက ဤသို့ပြောသွားကြောင်း မင်းကြီးအား သွား၍လျှောက်လိုက်သည်။ မင်းကြီးက -

" ကိုယ်တော်ငယ်လေးတွေဆိုတာ ဒီလိုပဲ အကောင်းကြိုက်တာ ထုံးစံပါပဲ။ ဒါပေမယ့် ဒီ နူးညံ့ချောညက်တဲ့ အဝတ်နှစ်ထည်ကတော့ မထေရ်ကြီးများနှင့်ပဲ သင့်တော်ပါတယ် " ဟုဆိုကာ -

သတ်သတ်မှတ်မှတ် အထက်ဆုံးက တင်ထားလေ၏။ သံဃာတော်များ ဝါစဉ်အလိုက် မထေရ်ကြီးများမှစ၍ ကြွရောက်အလှူခံကြရာ မင်းကြီးကိုယ်တိုင်ပင် လောင်းလှူလေ၏။ သို့ရာတွင် မထေရ်ကြီးများအတွက် သီးသန့်ရည်ရွယ်ပြီး အပေါ်ဆုံးက တင်ထားသော အဆိုပါပိတ်စနှစ်ခုမှာ မင်းကြီးလက်ထဲ ရောက်မလာ။ အခြား လှူဖွယ်ဝတ္ထုများကိုသာ ကိုင်မိလျက်သားဖြစ်နေ၏။

မထေရ်ကြီးများအားလုံး လောင်းလှူပြီးနောက် အရှင်တိဿမထေရ်ငယ် အလှည့်သို့ရောက်သောအခါမူ အဆိုပါပိတ်စနှစ်ခုကို ကိုင်မိလျက်သား ဖြစ်နေ၏။ မင်းကြီးလည်း မထေရ်ငယ်၏ လက်ထဲသို့ ဆက်ကပ်လိုက်ပြီးနောက် အနီး၌ရှိနေသော အမတ်ကြီးအား ပြုံး၍ မျက်ရိပ်မျက်ချေပြကာ မထေရ်ငယ်အား ခေတ္တဆိုင်းငံ့ထားရန် လျှောက်ထားခိုင်းလိုက်၏။

သံဃဒါန အလှူပွဲကြီးလည်း ပြီးဆုံး၍ သံဃာများ ပြန်လည်ကြွသွားလေ၏။ မင်းကြီးနှင့်အမတ်များကမူ အရှင်တိဿမထေရ်အား လှူဖွယ်များ ထပ်မံလှူဒါန်းကာ မထေရ်ငယ်ရှေ့၌ ရိုသေစွာထိုင်၍ ရှိခိုးပြီးလျှင် မင်းကြီးက -

" အရှင်ဘုရား ဘယ်အချိန်က ဒီတရားထူးကို ရခဲ့ပါသလဲဘုရား "ဟု လျှောက်လေ၏။ မထေရ်လည်း မိမိ၌ ထင်ရှားမရှိသော တကယ်မရသောဂုဏ်ကို ပရိယာယ်မျှဖြင့်ပင် မပြောဆိုပဲ -

" ဒကာတော်မင်းကြီး ဦးပဉ္ဇင်းမှာ လောကုတ္တရာတရားထူး မရရှိသေးပါဘူး " ဟု အမှန်အတိုင်းပြောဆိုလိုက်ရာ -

" အရှင်ဘုရား ဒါဖြင့် ဒီပိတ်စနှစ်ခုကတော့ ဦးပဉ္ဇင်းပဲကျမှာပဲလို့ ဘယ်လိုလုပ်ပြီး ပြောဆိုနိုင်ပါသလဲဘုရား "

" မှန်ပါတယ် ဒကာတော်မင်းကြီး ဦးပဉ္ဇင်းဟာ ဘုရားဟောတော်မူထားတဲ့ " သရဏီကျင့်ဝတ် " ဆိုတာရှိပါတယ်။ အဲဒါကို ကျင့်နေတာပဲ ဦးပဉ္ဇင်း အဲဒီ သရဏီယကျင့်ဝတ်ကို ကျင့်တဲ့အချိန်ကစပြီး လှူဖွယ်ပစ္စည်းအမျိုးမျိုး ခွဲဝေလှူဒါန်းကြတဲ့ နေရာမျိုးမှာ အကောင်းဆုံးပစ္စည်းဟာ ဦးပဉ္ဇင်းလက်ထဲ အလှူခံရလေ့ရှိပါတယ် "

" သာဓု သာဓု သာဓုပါဘုရား အရှင်ဘုရားရဲ့ ကျင့်ဝတ်ဟာ အလွန်ပဲ မွန်မြတ်လှပေတယ်ဘုရား "

ဤသို့လျှောက်ကာ မင်းနှင့် အမတ်ကြီးတို့လည်း အရှင်တိဿမထေရ်အား ဝမ်းသာအားရ ဝတ်ပြုကာ ပြန်ကြလေ၏။
----------------------

သာရဏီယကျင့်ဝတ် ဖြည့်ကျင့်နည်း
-------------------------------------

သာရဏီယကျင့်ဝတ်တရား ခြောက်ပါးရှိ၏။ (သတ္တ - အဂုတ္တရပါဠိတော် သာရဏီယဝဂ်နှင့် မူလပဏ္ဏာသ ကောသမ္ဗိယသုတ် စူဠဂေါသိင်္ဂသုတ် သာမဂါမသုတ် ဝိနည်း မဟာဝဂ္ဂတို့၌ ) မြတ်စွာဘုရား ဟောတော်မူထား၏။

" ရဟန်းတို့ သီတင်းသုံးဖော် (အတူတကွနေရသူ)များ၏ ချစ်ခင်ခြင်း လေးစားခြင်းကို ပြုတတ်ကုန်သော ဤ သာရဏီယတရား ၆ ပါးတို့သည် သီတင်းသုံးဖော်တို့အား သဂြိုဟ်ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်း စည်းလုံးရန် ဖြစ်ကုန်၏။ တရား ၆ ပါးကား -

၁။ မေတ္တာကာယကံထားခြင်း

၂။ မေတ္တာဝစီကံထားခြင်း

၃။ မေတ္တာမနောကံထားခြင်း

၎။ မိမိပိုင်ပစ္စည်းများကို သီလရှိသော သီတင်းသုံးဖော်တို့နှင့် မခွဲခြား မကန့်သတ်ဘဲ အတူတကွ (အများဘုံဆိုင်သကဲ့သို့ သဘောထား၍) သုံးစွဲခြင်း

၅။ တူညီသော ကိုယ်ကျင့်သီလရှိခြင်း

၆။ တူညီသော အယူဝါဒရှိခြင်းတို့ဖြစ်၏။

သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်လိုသော ပုဂ္ဂိုလ်သည် ဤအင်္ဂါ ၆ ပါးနှင့် ပြည့်စုံရ၏။ မေတ္တာသုံးမျိုးထားပုံမှာ လွယ်မယောင်နှင့် ခက်လှပေသည်။

ထို ၆ မျိုးတွင် မိမိပိုင်ပစ္စည်းဆိုသည်မှာ ပထမဆုံးခံ၍ ရသောဆွမ်းပင်တည်း။ ထိုဆွမ်းမှစ၍ သီတင်းသုံးဖော်များနှင့် မခွဲခြားမကန့်သတ်ဘဲ အများဆိုင်ကဲ့သို့ သဘောထားပြီး သုံးဆောင်ရသည်။ ဘယ်ပုဂ္ဂိုလ်ကိုသာ ပေးမည်။ ဘယ်လောက်ကိုသာ ပေးမည်ဆိုသော အကန့်အသတ်မထားရ ဓမ္မိယလဒ္ဓ=တရားဖြင့် အပ်စပ်သောပစ္စည်းလည်း ဖြစ်ရမည်။ ဆွမ်းကိုခံယူကတည်းက သံဃာတော်များနှင့်အတူ သုံးစွဲမည်ဟု ရည်မှတ်ထားရမည်။

ရဟန်းသည် မိဘနှင့်ဆရာ ဥပဇ္ဈာယ် စသောသူတို့အား ပေးကျွေးကောင်း၏။ အပြစ်မရှိ။ သို့သော် ဤသာရဏီယဝတ်ကျင့်လျှင်ကား ဗလိဗောဓတစ်ခုပင် ဖြစ်၏။ မပေးရ။ အကယ်၍ပေးလိုက ကန့်သတ်ပေးနိုင်သော သူမျိုးကားရှိသေး၏။ ဥပမာ သူနာရဟန်း သူနာပြုရဟန်း အာဂန္တုရဟန်း ခရီးသွားရဟန်း သပိတ်သင်္ကန်း မကိုင်တွယ်တတ်သေးသော ရဟန်းသစ်များကိုမူ ပေးလိုလျှင် ပေးနိုင်၏။

ယင်းသို့ ပေးစရာရှိလျှင်ပေး၍ ကျန်သောဆွမ်းကို တိုက်တာရှိ အတူနေမထေရ်ကြီးမှစ၍ နောက်ဆုံးမထေရ်များအဆုံးထိ ကြီးစဉ်ငယ်လိုက် ပုဂ္ဂိုလ်လိုက်၍ ပေးလှူရသည်။ အနည်းငယ် အနည်းငယ် စတိပေး ပေးလှူခြင်းမဟုတ်။ ထိုသံဃာများ အလိုရှိသလောက် လှူရသည်။ မလုံလောက်လျှင် ထပ်မံဆွမ်းခံပြီး ရှေးနည်းအတူ မထေရ်ကြီးမှစ၍ ကောင်းမွန်သမျှကို အကုန်ပေးလှူရ၏။ အားလုံး သံဃာများအားပေးလှူပြီး ကြွင်းကျန်သော ဆွမ်းကိုသာ မိမိစားရသည်။ (ဒုဿီလကိုမူ မပေးဘဲနေနိုင်၏)။
-------------------------

ကျင့်ရမည့်ကာလနှင့် ရသောအကျိုး
------------------------------------

ဤသာရဏီယကျင့်ဝတ်ကို ကျင့်ရသည်မှာ အသိဥာဏ်ရှိ၍ ယဉ်ကျေးသော ပရိတ်သတ်တွင် ကျင့်ရလျှင် ပြည့်မြောက်လွယ်၏။ ထိုပရိတ်သတ်မျိုးကား အခြားတစ်နေရာရာက ရထားလျှင် မယူတော့ချေ။ မရရှိသေးစေကာမူ အတိုင်းအရှည်ပမာဏကိုသိပြီး အလှူခံ၏။ အပိုအလို လက်မခံ ဤကျင့်ဝတ်ကား လိုအပ်လျှင် ထပ်၍ထပ်၍ပင် ဆွမ်းခံလှည့်၍ ရရသမျှကို သံဃာအားပေးလှူပြီး ကျန်သည်ကိုသာ စားရသော အကျင့်ဖြစ်ရာ ၁၂နှစ်ကျင့်လျှင်ပင် ထိုကျင့်ဝတ်ပြည့်စုံပြီးမြောက်သည်ဟု ဆိုရ၏။ ထိုအောက်ကား မလျော့စေရ။

အကယ်၍ ၁၂နှစ်ပြည့်ခါနီးမှ ဆွမ်းသပိတ်ကို ဆွမ်းစားကျောင်း၌ ထား၍ ခရီးသွားစဉ် သံဃာများက သာရဏီရကျင့်နေသူ၏ သပိတ်မှန်းသိ၍ အားလုံးခွဲဝေ စားပစ်လိုက်သော်လည်း ငါ့ဆွမ်းတွေကို အကုန်စားပစ်ကြသည် ချန်မှ မချန်ထားလေဟု စိတ်မကွက်ရ။ ဒေါမနဿမဖြစ်ရ။ ထိုစိတ်ဖြစ်လျှင် သာရဏီယကျင့်ဝတ် ပျက်သွားသည်။ တစ်ရက်တာမျှ ပြန်အစားကျင့်၍ မရ။ အစကစ၍ ၁၂နှစ်ပြန်ကျင့်သုံးရသည်။

ငါ့သီတင်းသုံးဖော်များက ငါ့ကို မပြောမဆို မပန်ကြားဘဲတောင်မှ ဘုဉ်းပေးချီးမြောက်ကြပေတယ်။ ငါ ကံကောင်းလေစွ ဟု ဝမ်းမြောက်ဝမ်းသာ ၁၂နှစ်တာတွင် တစ်စုံတစ်ရာ စိတ်ကွက်ခြင်း မရှိရအောင် ကျင့်ရလေသည်။ ထိုသို့ ၁၂နှစ်တာပတ်လုံး ချွတ်ယွင်းချက်မရှိ ပြည့်စုံပြီးမြောက်အောင် ကျင့်နိုင်ပါလျှင် -

၁။ လူများ ဣဿာမစ္ဆေရမရှိ ချစ်ခင်ကြည်ညိုခြင်း။

၂။ နတ်များ ချစ်ခင်ကြည်ညိုခြင်း

၃။ ပစ္စည်းလာဘ်လာဘ ရလွယ်ခြင်း

၎။ သပိတ်တစ်လုံး၌ရှိသော ဆွမ်းမျှဖြင့် ပေးလှူ၍ မကုန်ခြင်း

၅။ ပစ္စည်းခွဲဝေလှူဒါန်းရာ (မဲချရာလည်း ပါဝင်နိုင်၏)တွင် အကောင်းဆုံးကို ရခြင်း

၆။ တိုင်းပြည်ပျက်ခြင်း ငတ်မွတ်ဘေးဆိုက်ခြင်းနှင့်ကြုံလျှင် ကူညီခြင်းအကျိုးများ မုချရနိုင်ပေသည်။

(မ-ဋ္ဌ-၂-၂၉၃-၅ကောသမ္ဗိယသုတ်နှင့် အံဋ္ဌ- ၃-၉၂-ဒီဋ္ဌ-၂-၁၄၄)

ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့နိုင်ကြပါစေ။

Shared from Ko Latt (FB)
Photo Credit to: Original Uploader

No comments:

Post a Comment